ဘဝင်ချသည့် စကားများ ( ၁)

လွန်ခဲ့တဲ့ ကိုးနှစ် ၂၅ – ၄ – ၂၀၁၃ ရက်စွဲ နဲ့တင်ထားတဲ့ အက်ဆေးလေးပါ။ အဲဒီ အချိန်က ကိုယ့် ပတ်ဝန်းကျင်မှာ မြင်နေရတဲ့ ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ မေ့နေသူတွေ၊ ကိုယ့်ကိုကိုယ် ထင်တစ်လုံး ဖြစ်နေသူတွေကြောင့် ရေးဖြစ်ခဲ့တဲ့စာတစ်ပုဒ်ပါ။

စာအဆုံးမှာ ရေးခဲ့တဲ့ အဲဒီဒေသတွေမှာ ငြိမ်းချမ်းရေး ရနေပြီဆိုတဲ့ စကားကတော့ အခု အချိန် မှ မဟုတ်တော့တာ စိတ်မကောင်းစရာပါပဲ။ ကိုယ့်အလုပ်ကိုယ်မလုပ်တဲ့သူတွေ၊ ထင်တစ်လုံး ဖြစ်နေသူတွေ အခုထိ ရှိနေတာကတော့ စိတ်ပျက်စရာပေါ့။

=========================================================
ဘဝင်ချသည့် စကားများ (၁)

စာစုခေါင်းစဉ်ကို ဘဝင်ချ သည့် စကားများ လို့ပေးထားတော့ ဘဝင်ကျ ကို စာမှားရိုက်သည်ဟု ထင်ကောင်း ထင်နိုင်ပါသည်။ မဟုတ်ပါ။ ဘဝင်ကျ သည်ဆိုတာက မိမိစိတ်ကို နှစ်သက် စေသည့်စကားဖြစ်၏။ ကျွန်တော်ပြောလိုသည့် ဘဝင်ချသည့်စကားများဆိုတာက ဘဝင်မြင့် ချင်ချင်ဖြစ်နေသည့်၊ ကိုယ့်ဟာကိုယ်တော့ ဟုတ်လှပြီထင်နေသည့် ကျွန်တော့် ကို အခြေအနေ မှန်သိအောင်၊ စဉ်းစားဆင်ခြင်တတ်အောင် လှုံ့ဆော်ပေးသည့်စကားတွေ ဖြစ်သည်။

တပ်မတော်တွင်တာဝန်ထမ်းဆောင်စဉ်က ကရင်တိုင်းရင်းသားများနှင့် အများဆုံးထိတွေ့ခဲ့ရသည်။ ရိုးသားပွင့်လင်းပြီး ဟောဟောဒိုင်းဒိုင်းပြောတတ်သည့် ကရင်တိုင်းရင်းသားများထံက ဘဝင်ချ သည့် စကားတွေအတော်များများကြားခဲ့ရသည်။ ထို့အတူ ပွင့်ပွင့်လင်းလင်းဟောဟောဒိုင်းဒိုင်း ပြောတတ်သည့် အထက်အရာရှိကြီးများလက်အောက်တွင် အမှုထမ်းဆောင် ခဲ့ရသည့်အခါ ဘဝင်ချပေးသည့်မှတ်ချက်တွေကြားနာမှတ်သားခဲ့ရသည်။

ဘာကြောင့်ရယ်တော့မသိ၊ အခုတလော ထိုစကားတွေကို မကြာမကြာပြန်စဉ်းစားနေမိသည်။

ကိုယ့်အလုပ်ကိုယ်လုပ်

စစ်တက္ကသိုလ်က ကျောင်းဆင်းတော့ အဖေက နာရီကောင်းကောင်း တစ်လုံးနဲ့ ဆိုနီရေဒီယိုတစ်လုံး လက်ဆောင် ပေးသည်။ နာရီက အချိန် တိတိကျကျအလုပ်လုပ်တတ်ဖို့၊ ရေဒီယိုက ကမ္ဘာ့အရေး၊ နိုင်ငံ့အရေးသိဖို့။ ထိုရေဒီယိုသည့် သတင်းစာမရောက်၊ စာအုပ်မရောက်သည့် ရှေ့တန်းတွင် ကမ္ဘာကြီးနဲ့ တစ်ခုတည်းသောအဆက်အသွယ်ဖြစ်၏။

ထိုရေဒီယိုနဲ့ ပင် ဘီဘီစီ၊ ဗွီအိုအေ အင်္ဂလိပ်စာသင်ခန်းစာတွေ၊ အင်္ဂလိပ်ပိုင်းအစီအစဉ်တွေကို နားထောင်ရင်း အင်္ဂလိပ်စာ တိုးတက်အောင်ဆောင်ရွက်ခဲ့ရသည်။ တစ်နေ့ တော့ ရွာတစ်ရွာမှာ ကျွန်တော့်တပ်စုစခန်းချသည်။ နယ်မြေကလည်း သိတ်ဆိုးတဲ့နေရာမဟုတ်တော့ အေးအေး ချမ်းချမ်းရက်အတော်ကြာအဲဒီရွာလေးမှာပဲနေဖြစ်သည်။ ထုံးစံအတိုင်း မနက်ခြောက်နာရီထဲက ရေဒီယိုကို ကလိလိုက်တာ ည ၉နာရီလောက်အထိ တကွီကွီ တတွီတွီနဲ့ မပြီးတော့။ တပ်စိတ်တွေတောင် သွားမစစ်ဖြစ်။ ကျွန်တော်ဒီလို လုပ် နေတာကို ကျွန်တော့်တပ်စုရုံး စတည်းချသည့် အိမ်က အမိုးကြီး( အမေကြီး) က ထိုင်ကြည့်လေ့ရှိသည်။ နှစ်ရက် သုံးရက် နေတော့ မျက်စိနောက်လာပုံရသည့် အမိုးက “ဖိုးခွား နင် အဲဒါနဲ့ တစ်နေကုန် ဘာလုပ် နေတာလဲ”ဟု မေးသည်။ ကျွန်တော် ကလည်း အမိုးကို ရေဒီယိုအသုံးဝင်ပုံ၊ ကမ္ဘာကြီးရဲ့ သတင်းတွေကိုသိရပုံတစ်နံတစ်လျားရှင်းပြလိုက်သည်။

အနီးဆုံး ကော့ကရိတ်မြို့တောင် တစ်နှစ်နေလို့ တစ်ခေါက် မရောက်သည့် အမိုးကတော့ စိတ်ဝင်စားပုံမပေါ်၊ အဲဒါသိတော့ နင် ဘာဖြစ်လဲလို့ ပြန်မေးသည်။ဘယ်ရမလဲ။ အမိုးရဲ့ ကျွန်တော်တို့ ဗိုလ်ကြီးဆိုတာ နိုင်ငံတကာ အကြောင်းသိရတယ်၊ ဒါ အရေးကြီးတယ်ဆိုပြီး ပြန်ချေပလိုက်သည်။ အမိုးကတော့ ဘာမှ ထပ်မပြော၊ အပိုတွေပဲဆိုတဲ့ အကြည့်နဲ့ ထထွက်သွား သည်။ ဘာပဲဖြစ်ဖြစ် နိုင်ငံ တကာနဲ့ ကိုင်ပေါက်လိုက်ရတဲ့အတွက် ကိုယ့်ဘာသာ ကိုယ်တော့ အတော် သဘောကျ သွားသည်။ ရေဒီယိုသံ တကွီကွီနဲ့ ဆက်ပျော်မွေ့နေမိသည်။

နောက်တစ်ရက် မနက်စောစော ထုံးစံအတိုင်း အိပ်ယာထဲခွေရင်းရေဒီယိုနဲ့ ငြိမ့်နေသည်။ မနက်အစောကြီးထပြီး ရွာထဲ ဆင်းသွားသည့် အမိုးက ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ အိမ်ပေါ်တက်လာပြီး “ဖိုးခွား နင်ဒါကြီးနဲ့ပဲ တဂျစ်ဂျစ်လုပ်မနေနဲ့၊ ရွာထဲမှာ ဘာဖြစ်နေလဲ နင်သိလား။ ညက နင့်ကောင်တွေ ကြက်တွေခိုးစားလို့ သူကြီးအိမ်မှာလာတိုင်နေတယ်။ နင့်အလုပ်နင်လုပ် ဦး” ဟု ဆိုသည်။ ဒီတော့မှ ကပျာကယာပြေးဆင်းပြီး တပည့်ကျော်များ၏ ကြက်ခိုးမှုကြီး ကိုသွားရောက် ဖြေရှင်းခဲ့ရသည်။ တပ်စိတ် တွေနဲ့ အဆက်ပြတ်ပြီး အိမ်ထဲအောင်း နေမိသည့်ကိုယ့်ကိုကိုယ် လည်း အပြစ်တင်မိသည်။

တော်သေးတာပေါ့ ။ ဒီထက်ဆိုးတဲ့ အမှုတွေများလုပ်ခဲ့ရင်၊ ဒါမှမဟုတ် ပျော်ပျော်ပါးပါး သတိလစ်ဟင်းနေချိန်တွင် ရန်သူကများ အလစ် ဝင်တိုက် ခဲ့ရင် ခက်ရချည်ရဲ့။ နောက်နေ့ တွေမှာတော့ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် တပ်စိတ်တွေကို လှည့်လည် စစ်ဆေးရပေပြီ။ နိုင်ငံတကာသတင်းထက် ရပ်ရွာသတင်း၊ နယ်မြေသတင်းကို ပိုနားစွင့်ရတော့သည်။ အမိုးကိုလည်း နိုင်ငံတကာနဲ့ ကိုင် မပေါက်ရဲတော့။

နောင်တော့ စာအုပ်တစ်ခုမှာ လူတိုင်းတွင် စိတ်ဝင်စားသင့်သည့်ကိစ္စများ ( Area of Interest ) နှင့် ကိုယ်ဖိ ရင်ဖိ လုပ်ရမည့်ကိစ္စများ ( Area of Concern) ဆိုတာရှိကြောင်း၊ ကြီးပွား တိုးတက်သူတိုင်းသည် Area of Concern ကို ပိုမို အာရုံစိုက်လုပ်ကိုင်သူများဖြစ်ကြောင်း၊ Area of Interest တွင်လိုသည်ထက်ပိုပြီးအချိန်မပေးသင့်ကြောင်း ဖတ်ရသည်။ ဒီတော့မှ အမိုးပြောတဲ့ “နင့်အလုပ်နင်လုပ်ဆိုတာ” ဒါပါလားလို့ ပြန်သတိရမိသည်။

ဘယ်သူမှ မလာနဲ့

တပ်ခွဲမှူးဘဝမှာဖြစ်သည်။တနသာၤရီတိုင်း ထားဝယ်ဒေသက ကရင်ကျေးရွာတစ်ရွာကိုအခြေခံပြီး နယ်မြေစိုးမိုးရေးလုပ်ရ သည်။ တစ်ချိန်တုံးက ဒီနေရာက နှစ်ဘက်အဖွဲ့အစည်းတို့ အားပြိုင်ရာဒေသဖြစ်သည်။ အခုတော့ ကျွန်တော်တို့ တပ်ရင်း တစ်ရင်းလုံးဝင်ထိုင်ပြီး ဖြန့်ခွဲကာ တစ်ဖက်အဖွဲ့အစည်းမဝင်နိုင်အောင်၊ မိမိအမာခံဒေသဖြစ်အောင်ဆောင်ရွက်နေခြင်း ဖြစ် သည်။


ထို့ကြောင့် ဒီရွာလေးကို အခြေပြုပြီး ကျွန်တော့်တပ်ခွဲအတွက်သတ်မှတ်ထားသော နယ်မြေ အတွင်း တိုက်ကင်းတွေ၊ ကင်းပုန်းတွေနဲ့ တစ်ဖက်အဖွဲ့အစည်းဝင်မလာနိုင်အောင် စိုးမိုးထားရသည်။ ရွာတွေမှာ အခါအခွင့်သင့်သလို ဟောပြော စည်းရုံးရသည်။ အချိန် ကြာလာတော့ ရွာသူရွာသားတွေနဲ့ လည်း ခင်မင်ရင်းနှီးလာသည်။ တစ်ချိန်မှာတော့ ကျွန်တော်နေ သည့် အိမ်က ဖထီးကြီးနဲ့ စကားလက်ဆုံပြောဖြစ်သည်။ ပြောရင်းနဲ့ ဒီဒေသမှာဖြစ်နေသည့် တိုက်ပွဲတွေအကြောင်း ရောက်သွားသည်။ ကျွန်တော်ကလည်း ကြုံတုံးစည်းရုံးလိုက်ဦးမှ ဆိုတဲ့စိတ်နဲ့ “ဖထီး၊ ကျွန်တော်တို့ ဒီမှာအခုလို လာနေ တာမကောင်းဘူးလား၊ ကျွန်တော်တို့ ရှိတော့ ဖထီးတို့ ဆက်ကြေးတွေပါတွေ မပေးရတော့ဘူးမဟုတ်လား” လို့ အစချီရင်း စည်းရုံးရေးဆင်းလိုက်သည်။

ကျွန်တော့်စကားဆုံးတော့ ဖထီးက ခေါင်းကို တွင်တွင်ခါရင် “မကောင်းဘူး”ဟု ဆိုလေတော့သည်။ ခဲလေသမျှ သဲရေကျ ဖြစ် ရသော ကျွန်တော်က ဘာလို့ တုံး၊ ဖထီးရ။ ကျွန်တော်တို့က ဘာဒုက္ခပေးမိလို့တုံးဟု ပြန်မေးရသည်။ ဖထီးကြီးက “မထူး ပါဘူး။ ဖိုးခွား ( ကျွန်တော်တို့ကို ဆိုလိုသည်။ ) လာလည်း ချောတပေ့( ကြက်တစ်ကောင်)ပဲ။ မောင်ကျော် ( တစ်ဖက် က လူတွေကိုဆိုလိုသည်။ ) ချောတပေ့ပဲ။ ဟိုကောင်တွေရှိရင် နင်တို့က လာပစ်၊ နင်တို့ ရှိရင် ဟိုကောင်တွေကလာပစ်။ ကုလားမင်း ( အင်္ဂလိပ်အစိုးရ) တုံးက ချောင်းဖျားသူကြီးမှာပဲ နစ်လုံးပြူးရှိတယ်။ အားလုံးကောင်းကောင်းနေရတယ်။ နင်တို့ ခေတ်ကျမှ သေနတ် တွေများလိုက်တာ၊ ငါတို့လည်း အေးအေးမနေရဘူး။ ဘယ်သူမှ မလာတာကောင်းတယ်” ဟု အားပါး တရပြောချလိုက်သည်။

ဖထီးစကားဆုံးတော့ ကျွန်တော့်မှာ ပြန်ပြောစရာစကားမရှိတော့။ ဖထီးက သူနားလည်သလို သူပြော လိုက်ပေမယ့် ကျွန်တော့်ကို မျက်စိဖွင့်ပေးလိုက်တာပဲဖြစ်သည်။ နောင်လေ့လာဖန်များမှ
“ ငြိမ်းချမ်းရေးဆိုတာ တရားဥပဒေစိုးမိုးရေး အောက်မှာ ဘယ်သူကို မှ မကြောက်ပဲနေနိုင်ခြင်း” တို့၊ “အကောင်းဆုံးစည်းရုံးရေးဆိုတာ လူထုကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေတဲ့ လုပ်ကိုင်ပုံဖြစ်တယ်” ဆိုတာတို့ ကိုနားလည်လာသည်။ အခုတော့ အဲဒီဒေသတွေမှာ ဖထီးလိုချင်သည့် ငြိမ်းချမ်း ရေးမျိုးရနေသည်ကိုတွေ့ရတော့ ဖထီးကြီးကို သတိရမိပြန်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: