ဒီစာကိုတော့ ၂၆ – ၄ – ၂၀၁၃ ရက်နေ့မှာ ရေးခဲ့တာပါ။ ဘဝင်ချသည့် စကားများ စာစုတွေ ကို ရေးတဲ့အချိန်က ကျွန်တော် နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ နဲ့ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ ဘဝင်မကျစရာ အဖြစ်အပျက်တွေကြောင့် “ စားရတာ မချိုဘူး” နဲ့ “ ပန်းသည်” တွေဆိုတဲ့ အကြောင်းအရာနှစ်ခုကို ရေးဖြစ်ခဲ့တာပါ။
===========================================
ဘဝင်ချသည့် စကားများ (၂)
စားရတာမချိုဘူး
၁၉၈၃ ခုနှစ်အတွင်းက ဖြစ်သည်။ မှောင်ခိုခေတ်ဖြစ်၏။ ထိုင်းနယ်စပ်ကနေ အထမ်းသမားတွေ၊ လှည်းတွေနဲ့ ကရင် ပြည်နယ်၊မွန်ပြည်နယ်များကို ဖြတ်ပြီး လူသုံးကုန်ပစ္စည်းတွေ၊ စားသောက် ကုန်တွေသွင်းကြ၊ မြန်မာနိုင်ငံဘက်က နွား၊ သိုး၊ ဝက်၊ ပုစွန် စတာတွေ ခိုးထုတ်ကြ သည့်အချိန် ကာလ။ နယ်စပ်ဒေသမှာ တစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းတွေက အကောက် စခန်းတွေဖွင့်ပြီး စီးပွားရေးလုပ်ဆောင်နေသည့်အချိန်။
ထိုအချိန်တွင် ကျွန်တော်တို့တပ်ရင်းက နယ်မြေတစ်ခုကို ထိုးဖောက်စစ်ဆင်ရေးလုပ်ရသည်။ ထိုနယ်မြေက သာမန် အားဖြင့် တစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းက အများဆုံးလှုပ်ရှားပြီး မှောင်ခိုလမ်းကြောင်းအတွက်အချက်အခြာကျသည့် နယ်မြေဖြစ်သည်။ ထိုနယ်မြေထဲသို့ ကျွန်တော်တို့ တပ်ရင်းက အလစ်အငိုက်ဝင်ရောက် စစ်ဆင်ခြင်းဖြစ်သည်။ ထိုနယ်မြေတွင် တိုက်ပွဲငယ်လေးများဆက်တိုက်ဖြစ်ပြီးအောင်မြင်မှုလည်းရသည်။ တစ်နေရာတွင်တော့ မှောင်ခိုလှည်းတန်း ကြီးနဲ့ သွားတိုးသည်။ ထိုင်းနယ်စပ်ကနေ လူဖြင့် သယ်လာသော မှောင်ခိုပစ္စည်းများကို ဒေါနတောင်တန်းအနောက်ဘက် ခြမ်းအရောက် လှည်းတွေနဲ့ စုပြီးသယ်နေချိန် ကျွန်တော်တို့ စစ်ကြောင်းနဲ့ တိုးခြင်းဖြစ်၏။
လှည်းအစီးသုံးလေးဆယ်လောက်မှာ ထိုခေတ်က ခေတ်စားသည့် လှိုင်းကြီး၊ လှိုင်းလေးစတွေ၊ လေယာဉ်မောင်အစတွေ၊ နောက်အချိုမှုန့်တွေပါသည်။ ထိုအချိန်က မှောင်ခိုပစ္စည်းများဖမ်းမိလျှင် အနီးဆုံးမြို့က မြို့နယ်ကောင်စီကို အပ်ရသည်။ ဒီတော့ အဲဒီနယ်မြေနဲ့ အနီးဆုံးမြို့ကို ပြန်ပို့ဖို့ ကျွန်တော်တို့တပ်ခွဲကို တာဝန်ပေးသည်။ ပိုင်ရှင် တွေ၊ လှည်း သမားတွေကတော့ ပြေးကြပြီ။ အဲဒီလှည်းတွေကို ကိုယ့်ဘာသာကိုယ်မောင်းပြီး ပြန်လာခဲ့ရသည်။ ကျန်တပ်ခွဲတွေကတော့ စစ်ဆင်ရေးဆက်လုပ်နေခဲ့သည်။
အဲဒီအပြန်လမ်းမှာ ရွာတစ်ရွာမှာ ညအိပ်ရသည်။ ထိုအချိန်တွင် တပ်ခွဲမှူးလုပ်သူက ရဲဘော်တစ်ဦးကို ပိတ်စတစ်ဝတ်စာနဲ့ အချျိမှုန့်တွေခွဲပေးသည်။ သူက ဒါတွေအပ်ပြီးလို့ ကောင်စီက ပြန်ရောင်းတဲ့အခါ ငါတို့ရဲဘော်တွေရမှာမဟုတ်ဘူး။ ငါ့ရဲဘော်တွေဝယ် လည်းမဝတ်နိုင်ဘူး။ ဒါ့ကြောင့် တစ်ဝတ်စာစီယူကြဆိုပြီး ခွဲပေးခြင်းဖြစ်သည်။ တကယ်တော့ ဒီလိုလုပ် မရ။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ပင်ပန်းနေသည့်ကိုယ့်ရဲဘော်တွေကို မှောင်ခိုသမားဆီကရတာခွဲပေးတာ ကောင်းတဲ့ အလုပ်လို့ပဲ ယူဆသည်။
ဒီရွာလေးမှာ ကျွန်တော်နှင့်ခင်မင်နေသည့် ကရင်မိသားစုရှိသည်။ ဒီတော့ ကျွန်တော့် အတွက်ရသည့် ပိတ်စနဲ့ အချို့မှုန့် ပေါင်ထုပ်ကြီးကို ယူပြီး သူတို့အိမ်သို့သွားသည်။ အိမ်ရောက်တော့ အသင့်တွေ့သည့် အမိုးကို ကျွန်တော့်လက်ဆောင် ပါ ဆိုပြီးပေးလိုက်သည်။ အမိုးက မယူ၊ တူးတူးခါးခါးငြင်းသည်။ ကျွန်တော်က အတင်းပေးတော့ “ဖိုးခွား ဒါမျိုးက စားရတာ မချို ဘူး၊ အမိုးမယူဘူး” ဟု ပြောသည်။
ကျွန်တော်တွေသွားသည်။ အမိုးက ဒီနယ်မြေမှာ တပ်မတော်စစ်ကြောင်းတွေနဲ့ မှောင်ခို တွေတွေ့ကြ၊ ဖမ်းကြ၊ ဖမ်းမိ ပစ္စည်းတွေကို မြို့မှာ အပ်ကြဆိုသည့်အဖြစ်အပျက်တွေကို မြင်ပေါင်းများနေပြီဖြစ်သည်။ ဒီတော့ အစိုးရကို အပ်ရမယ့် ပစ္စည်းတွေကို ခွဲယူပြီး သူ့ကိုလာ ပေးတာ မကောင်းဘူး၊ ဒါမျိုးသူမသုံးချင်ဘူးဟုပြောလိုခြင်းဖြစ်သည်။ “အော် ငါတို့လို လူတွေက ဒီလိုယူတာမှန်တယ်” ဆိုပြီး လုပ်နေချိန်မှာ အမိုးကတောင် မလုပ်ကောင်းဘူးဆိုတာသိနေပါလား ဆိုပြီး ကိုယ့် ကို ကိုယ်အပြစ်တင်မိသည်။
မြို့ကိုရောက်၊ ပစ္စည်းတွေအပ်သည့်အချိန်တွင် ပြဿနာတက်ပါတော့သည်။ ပိတ်စအချို့မှာ ဖြတ်တောက်ထားတာတွေ တွေ့ရာကနေ ကောင်စီက အထက်ကိုတင်ပြ၊ အထက်က စုံစမ်းရေးတွေလုပ်၊ နောက်ဆုံး တပ်ခွဲမှူးကို စစ်စည်းကမ်းအရ အရေးယူခံရသည်အထိ ဖြစ်ခဲ့ရသည်။ တကယ်တော့ ထိုတပ်ခွဲမှူးမှာ တိုက်ရည်ခိုက်ရည်အလွန်ကောင်းသူဖြစ်၏။ ဒီကိစ္စ မှာ အဆုံးအဖြတ်မှားခဲ့သည့်အတွက်သူ့ဘဝရှေ့ရေး၊ ဘဝတက်လမ်းအတွက်ပါ ထိခိုက်ခဲ့ရသည်။
ကျွန်တော့်ဘဝတစ်လျှောက်တွင် လောဘ တက်မိသည့်အချိန် အတော်များများ ရှိခဲ့ပါသည်။ တစ်ခါတစ်လေ ကျတော့ လည်း နည်းအမျိုးမျိုးဖြင့် ကြီးပွားချမ်းသာနေသူများကိုတွေ့သည့်အခါ အားကျသလိုလိုလည်း ဖြစ်ခဲ့ပါသည်။ ထိုအခါတိုင်း တွင် အမိုးပြောလိုက်သည့် ဖိုးခွား ဒါမျိုးက စားရတာမချိုဘူးဆိုသည့် စကားလေးကို ပြန်ကြားယောင်ပြီး စိတ်ကို ပြန်လည် တည်ဆောက် ခဲ့ရသည်။ အမိုးရဲ့ နံမည်ကိုပင်မမှတ်မိတော့ပေမယ့် အမိုးရဲ့ စားရတာမချိုဘူးဆိုတဲ့စကားကတော့ အခုအချိန် ထိ စိတ်ထဲမှာ စွဲမြဲနေဆဲဖြစ်သည်။ ကျေးဇူးတင်ပါတယ် အမိုးခင်ဗျား။
ပန်းသည်တွေ
ကျွန်တော်တို့ ဗိုလ်ပေါက်စဘဝမှာ ရှေ့တန်းအတက်အဆင်းဆိုရင် ကွပ်ကဲမှူဌာနချုပ်တို့၊ ဗျူဟာရုံးတို့ကို ဝင်သတင်းပို့ ရသည်။ အဲဒီမှာ ဂျီသရီး ( G 3) လို့ ခေါ်သည့် စစ်ဦးစီးအရာရှိ(တတိယတန်း) များနဲ့ တွေ့ရသည်။ ဂျီသရီးတွေက စစ်ဆင်ရေး၊ ထောက်လှမ်းရေးကိစ္စတွေကို ကိုင်သည့် ဗိုလ်ကြီးများဖြစ်၏။ သူတို့လိုပဲ ကြူသရီး (Q 3) အေသရီး (A3) လို့ခေါ်တဲ့ စစ်ရေး၊ စစ်ထောက်ကိစ္စများကိုဆောင်ရွက်သည့် ဗိုလ်ကြီးတွေရှိသည်။
သူတို့တွေကား ဝါရင့်ဗိုလ်ကြီးတွေဖြစ်သည်။ အများစုက နောက်နှစ်နှစ်၊ သုံးနှစ်နေလျှင် ဗိုလ်မှူးရာထူးအတွက် စဉ်းစားခံရ တော့မည်သူတွေဖြစ်သည်။ ရှေ့တန်း ကွပ်ကဲမှု ဌာနချုပ်ပင်ဖြစ်လင့်ကစား ဝတ်စားတာက သပ်သပ်ယပ်ယပ်၊ ဖုန်းပြော လိုက်၊ ဆက်သွယ်ရေးစက်နေပြောလိုက်နဲ့ ကွပ်ကဲနေပုံကလည်းအားကျစရာ။ ကျွန်တော်တို့တွေကို စစ်ဆင်ရေးခန်းမထဲ ထည့်ပြီး စစ်ဆင်ရေးအခြေအနေတွေများရှင်းပြပြီဆိုလျှင် မြေပုံကို ညွှန်တံဖြင့်ထောက်ပြီး စီကာပတ်ကုံးရှင်းပြနေပုံက ကြည့်လို့မဝ။
ဒီတော့ ဗိုလ်ပေါက်စတိုင်းတွင် တစ်ချိန်ချိန်တော့ ဂျီသရီးဖြစ်အောင်ကြိုးစားမည်ဆိုသည့် အိမ်မက်ရှိသည်။ ဂျီသရီး မဖြစ် ရင်တော့ ရေးထောက်လောက်ပေါ့။ ကျွန်တော်လည်း ဒီလိုအိမ်မက်မက်ခဲ့ပါသည်။
ဒီလိုနဲ့ ၁၉၈၈ နှစ်ကုန်ပိုင်းမှာ ကျွန်တော် ဌာနချုပ်တစ်ခုမှာ စစ်ဦးစီးမှူး တတိယတန်း အဖြစ်တာဝန်ပေးအပ်ခြင်းခံရပါတယ်။ တိုတိုပြောရရင် အလုပ်လုပ်ရတာလည်း ပျော်တယ်။ စတိုင်ထုတ်ရတာလည်းမိုက်တယ်။ လေ့လာသင်ယူရတာတွေကလည်း အများကြီးပဲ။ ဌာနချုပ်က ဂျီသရီးဆို တော့ တပ်ရင်းမှူးတွေက အစ ညီလေးဆိုပြီး အလေးထားဆက်ဆံတာဆိုတော့ တယ်ဟုတ်ပါလားဆိုတဲ့ စိတ်နဲ့ မြောက် ကြွမြောက်ကြွလည်းဖြစ်သဗျာ။ တပ်ရင်းမှာ နေချိန်က တပ်ရင်းမှူးဆိုရင် တုန်နေအောင်ကြောက်ရတာမဟုတ်လား။ အခုကျတော့ ဖုန်းနဲ့ တပ်ရင်းကို လှမ်းဆက်၊ သိတ်အရေးမကြီးတဲ့ကိစ္စတောင် တပ်ရင်းမှူးနဲ့ ပြောမယ်ဆိုပြီး တိုက်ရိုက်ညွှန်ကြား၊ တစ် ခါတစ်လေများ ဆက်သွယ်ရေးစက်ပေါ်ကနေ သူရိန်ကြီး ( တပ်ရင်းမှူးကို ခေါ်လေ့ရှိ သောအခေါ်) ကို စက်ပေါ်တင်ပေးဆို ပြီး ပြောလို့ရသေး။ ဘယ်ပြောကောင်းမလဲ၊ ဌာနချုပ်မှာ တစ်နှစ်လောက်နေတော့ လုပ်ငန်းကလည်း ကျွမ်းလာပြီး တစ်ခါ တစ်လေများဆို ဒီတပ်ရင်းမှူးနှယ် ဒါလေးတောင်မသိဘူးလားဆိုတဲ့ မှတ်ချက်တောင်ပေးလိုက်သေး။ ဖြစ်နေပုံများ။
ကျွန်တော်တို့ ဂျီသရီးဖြစ်ပြီး တစ်နှစ်လောက်ကြာတော့ ကွပ်ကဲသည့်တပ်မှူးက ရာထူးတိုးပြီးပြောင်းသွားသည်။ နောက် တပ်မှူးရောက်လာသည်။ ရှေ့တန်း ကွပ်ကဲမှု ဌာနချုပ်ဆိုတော့ တပ်မှူးရုံးခန်းနဲ့ ကျွန်တော်တို့ ရုံးခန်းက သိတ်မဝေး။ ဖုန်းပြောတာ၊ ဆက်သွယ်ရေးစက်ပြောတာ အသံကျယ်လျှင် ကောင်းကောင်းကြားရသည်။ တပ်မှူး အသစ်ကလည်း ရောက်ခါစဆိုတော့ ကျွန်တော်တို့ကို အကဲခတ်နေပုံရသည်။
တစ်ပတ်လောက်ကြာတော့ နေ့စဉ်မနက်တိုင်းလုပ်သည့် စစ်ဆင်ရေးအစည်းအဝေးမှာ တပ်မှူးအသစ်က “မင်းတို့ ဦးစီး အရာရှိတွေ လက်အောက်တပ်ရင်းတွေနဲ့ ဆက်ဆံတဲ့အခါ သတိထား။ ဘုရားက ပန်းသည်တစ်ချို့လိုမလုပ်နဲ့။ လူတွေက ဘုရားဖူးဖို့လာရင်းနဲ့ ဘုရားပူဇော်ဖို့ ပန်းဝယ်တယ်၊ ဒါကို မပြည့်ဝတဲ့ပန်းသည်တစ်ချို့က ငါချောလို့ လှလို့ ပန်းဝယ် တယ်၊ ငါ့ကိုကြည့်ချင်လို့ ဘုရားလာဖူးတယ်လို့ ထင်ပြီး အချောက်တိုက်ဘဝင်မြင့်တတ်တယ်။”
“မင်းတို့လည်း ဌာနချုပ် မှာ တာဝန်ယူရတယ်။ မင်းတို့ ညွှန်ကြားချက်တွေဟာ တပ်မှူးရဲ့ မူဝါဒကိုကိုယ်စားပြုတယ်လို့ မြင်တဲ့အတွက် တပ်ရင်းမှူးတွေ ၊ တပ်ခွဲမှူးတွေက လေးလေးစားစား ဆက်ဆံနေတာ။ မင်းတို့ တော်လို့ မင်းတို့ အရည်အချင်းကို အထင်ကြီးလို့ လေးစား နေတာမဟုတ်ဘူး။ အခြောက်တိုက် ဘဝင်ကိုင်မနေနဲ့။ နောက်ဆို အချိုးမပြေတဲ့ကောင်တွေ ငါတပ်ရင်းတွေပြန်ပို့ပေး လိုက်မယ်။ ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်ပြီး ဂုဏ်ယူတာနဲ့ အခြောက်တိုက်ဘဝင်မြင့်တာ မတူဘူး၊ နားလည်အောင်လုပ်” ဟု ကောင်းကောင်းကြီး သြဘာပေးပါတော့သည်။
ကျွန်တော်တို့အားလုံးခေါင်းမဖော်ရဲ။ စစ်ဦးစီးမှူး ( ဒုတိယတန်း) ဖြစ်သည့် ဗိုလ်မှူးတွေလည်း အလားတူပင်။ ကျန်တဲ့သူ တွေတော့မသိ။ ကျွန်တော့်တော့ ပန်းသည်ဆိုသည့် ဥပမာ တစ်သက်လုံးစွဲမှတ်သွားတော့သည်။ ထိုအချိန်က ပြောဆို ဆုံးမခဲ့သည့် တပ်မှူးကြီးကား ကွယ်လွန်သွားရှာပေပြီ။ ဒါပေမယ့် သူ့တပည့်တစ်ယောက်တော့ ရာထူးတာဝန်ကြောင့် အခြောက်တိုက်ဘဝင်မမြင့်မိအောင် ပန်းသည် ဥပမာစကားလေးကို မကြာခဏနှလုံး သွင်းနေသည်ကို သိရလျှင်တော့ ကျေနပ်နေလိမ့်မည်ထင်ပါသည်။

Integrity is telling myself the truth.
And honesty is telling the truth to other people.
Spencer Johnson
LikeLike