ဘဝင်ချသည့် စကားများ (၃)

ဒီစာကိုတော့ ၂၇ – ၄ – ၂၀၁၃ ရက်နေ့မှာ ရေးခဲ့တာပါ။ နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ နဲ့ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ တွေ့မြင်နေရတဲ့ သူတွေကြောင့် ဆရာသမားတပ်မှူးကြီးရဲ့ “ ဇာတ်ဓားတွေ” နဲ့ “ ပြေးခုန် ပစ်အားကစားသမား” ဆိုတဲ့ ဆုံးမစကားနှစ်ခုကို ရေးခဲ့တာပါ။

ဆုံးမ စကားပြောတဲ့ နေရာ၊ အချိန် ကွာခြားသွားပေမယ့် ဆုံးမတဲ့ ဆရာသမားကတော့ တစ်ယောက်ထဲ ပါပဲ။ ဘဝမှာ အလေးစားရဆုံး၊ အမှတ်အရဆုံး ဆရာသမားကွယ်လွန်သွားတာ တောင် ဆယ်နှစ် ကျော်ခဲ့ပါပြီ။

ဒါပေမယ့် အခုအချိန်ထိ အရောင်တောက်တောက် ပြောင်ပြောင်နဲ့ ကြည့်ကောင်းပေမယ့် လက်တွေ့ ထိုးလို့ ၊ ခုတ်လို့ မရတဲ့ ဇာတ်ဓားတွေမြင်တိုင်း ဆရာသမားသာရှိရင် လို့ တွေးနေ မိဆဲပါပဲ။


ဘဝင်ချသည့် စကားများ (၃)

ဇာတ်ဓားတွေ

ရှေ့မှာတုန်းက ရေးခဲ့သလိုပင် ကွပ်ကဲမှုဌာနချုပ်မှာ တာဝန်ကျသည့် လူငယ်ဂျီသရီးဘဝကား အတော် ပျော်စရာ ကောင်း သည်။ အလုပ်ဘယ်လောက်များများ နေဝင်မိုးချုပ် ကျောပိုး အိပ်ပိုးပြီးခရီးသွားနေရသော၊ ဘယ်အချိန်တိုက်ပွဲဖြစ်မလဲလို့ အမြဲသတိထား ပြင်ဆင် နေရသောခြေလျင်တပ်ရင်းကဘဝနှင့်ကား များစွာကွာခြားလှသည်။

မြေစိုက်တဲလေးနဲ့ ရုံးဖွင့်ထားဦးတော့ အမိုးအကာအောက်မှာ စစ်ဝတ်စုံသပ်သပ်ရပ်ရပ်နဲ့ လုပ်ကိုင်ရသည်။ တပ်ရင်းတုန်း ကဆိုလျှင်စစ်ဆင်ရေးကာလ ခြောက်လလောက်ကို စစ်ဝတ်စုံသုံးစုံ၊ အရပ်ဝတ်နှစ်စုံနဲ့ ဒါဝတ်၊ ဒါချွတ် ဘဝဖြင့် ဖြတ်သန်းခဲ့ ရသည်။ တစ်နေကုန် ချီတက်ပြီး ရေမချိုးပဲ ရောက်ရာနေရာမှာ ထိုးအိပ်ရသည့်အချိန်များကလည်း မရေမတွက်နိုင်။ ဒီတော့ တစ်နေရာတည်းမှာ အတည်တကျနေထိုင်လုပ်ကိုင်ရသော ဂျီသရီးဘဝကား ကျွန်တော်တို့အတွက် လောကနိဗ္ဗာန်ပင်ဖြစ် ၏။

ဒီလိုကွာခြားရသည့် အခြေအနေများထဲတွင် ကျွန်တော်တာဝန်ကျသည့် ကွပ်ကဲမှုဌာနချုပ်မှာ ပြည်နယ်မြို့တော်ကြီးတွင် အခြေပြုရသည်ဆိုတော့ အတိုင်းအထက်အလွန်ပေါ့။ တပ်ရင်းမှာတုန်း က ခြောက်လကျော်မှ တပ်ရင်းပြန်နားရသည်။ တပ်ရင်းပြန်ရောက်တော့လည်း မိဘများရှိရာ ရန်ကုန်ကိုဆယ်ရက်ခွင့်ပြန်ဖို့တောင်အနိုင်နိုင်၊ တပ်ရင်းဌာနချုပ်ရှိရာ မြို့ က လည်း ရထား လမ်းဘေးမြို့ငယ်လေး။ မှတ်မှတ်ရရ ကျွန်တော်တို့ ရှိချိန်တွင် ဘူတာရုံက ထမင်းဆိုင်တစ်ဆိုင်၊ ကားလမ်း ဆုံက ထမင်းဆိုင်တစ်ဆိုင်နဲ့ မြို့ထဲက တရုတ်စားသောက်ဆိုင်တစ်ဆိုင်သာ ရှိသည်။ တရုတ်စားသောက်ဆိုင်ဆိုတာကလည်း ကြေးဇွန်းခရင်းနဲ့ စားရတဲ့ဆိုင်မျိုး၊ ဟင်းကလည်း ၁၂ မျိုးဟင်းချို၊ ကုန်ဘောင်ကြီးကြော်၊ ချိုချဉ်ကြော်၊ ကစွန်းရွက်ကြော် လောက်အကောင်း လုပ်စား ရသည့်ဆိုင်။

ဒီတော့ စားသောက်ဆိုင်တွေလည်းရှိ၊ ဈေးကလည်းစည်ကား၊ တက္ကသိုလ်ကလည်းရှိဆိုသည့် ပြည်နယ်မြို့တော်ကြီး မှာ ကျွန်တော်တို့ ပျော်တာဘာမှမဆန်း။ နောက်ပြီး ဂျီသရီးအားလုံး လိုလိုကလည်း လူငယ်သက်တူရွယ်တူတွေဆိုတော့ အား လပ်ချိန်တွေမှာ တရုန်းရုန်း၊ နောက်ပြီး ယူနီဖောင်းစအကောင်းစားတွေနဲ့ အိုက်တင်ကလည်းခပ်များများ။

ကျွန်တော်တို့ကို ပန်းသည်တွေနဲ့ ခိုင်းနှိုင်းပြီး ဆုံးမခဲ့သည့် တပ်မှူးကြီးက ထိုအခြေအနေကို ကြည့်ပြီး မျက်စိစပါးမွှေးစူး လာသည်ထင်သည်။

သူ့ထုံးစံကလည်း မနက်ပိုင်းစစ်ဆင်ရေးအစည်းအဝေးပြီးချိန်၊ စစ်ဆင်ရေးအခြေအနေကလည်း အေးအေးဆေးဆေးဆိုပါ က ဌာနချုပ်ရှိအရာရှိများကို စိတ်ဝင်စားစရာအကြောင်းတစ်ခုခုကို အခြေခံပြီးဆုံးမစကားပြောကြားလေ့ရှိသည်။ တစ်နေ့ တော့ စစ်ဝတ်စုံဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ပြောဆိုရင်း “မင်းတို့ ဦးစီးအရာရှိတွေ ယူနီဖောင်းကို သပ်သပ်ရပ်ရပ် ဝတ်ကြ၊ နေထိုင်ကြတာတော့ ငါကြိုက်ပါတယ်။ ကြည့်လို့လည်းကောင်းပါတယ်။ ဒါပေမယ့် အပေါ်ယံမဟုတ်ဘဲ အနှစ် သာရရှိအောင်၊ အရည်အချင်းရှိအောင်လည်း လုပ်ကြဦး၊ မဟုတ်ရင် ဇာတ်ဓားဖြစ်နေလိ့မ်မယ်။”

“ဇာတ်ဓားဆိုတာသိလား၊ ဇာတ်ခုံပေါ်မှာ အရောင်တောက်တောက် ပြောင်ပြောင်နဲ့ ကြည့်လို့ တော့ကောင်းပါရဲ့၊ ဒါပေမယ့် လက်တွေ့ ထိုးလို့ ၊ ခုတ်လို့ မရဘူး။ ငါကတော့ ငါ့နားမှာ ဇာတ်ဓား မလိုချင်ဘူး။ ဇာတ်ဓားထက်စာရင်တော့ ကြည့်လို့မကောင်း၊ ပုံတုံးပေမယ့် အလုပ်လုပ်လို့ရတဲ့ ထင်းခုတ်ဓားမက မှ ဟုတ်တုတ်တုတ်ရှိသေးတယ်” ဟု ဆုံးမပါတော့သည်။

တပ်မှူးကြီးက အသွင်သဏ္ဍန်နှင့် အနှစ်သာရ နှစ်ခုလုံးပြည့်စုံရန်လိုအပ်ကြောင်းကို ဇာတ်ဓားနဲ့ အကောင်းဆုံး ဥပမာ ပေးသွားခဲ့သည်။ နောင်တော့ ကျွန်တော်တို့ ဌာနချုပ်မှာ ဦးစီးအရာရှိငယ် များ တစ်ခုခုမှားလိုက်တိုင်း အထက်အရာရှိများ က ဟေ့ကောင် မင်း ဇာတ်ဓား ဖြစ်ချင်လို့လား ဆိုပြီး ဆုံးမကြတော့သည်။ ဪ ဇာတ်ဓား ဇာတ်ဓား ။

ပြေးခုန်ပစ်အားကစားသမား

တစ်ချိန်မှာတော့ တိုင်းအဆင့်ကွပ်ကဲမှုဌာနချုပ်တစ်ခု၏ တပ်မှူးကြီး လက်အောက်တွင် စစ်ဦးစီးအရာရှိအဖြစ်အမှုထမ်းခွင့် ရသည်။ ထိုအချိန်က တပ်မှူးကြီးအနေဖြင့် တပ်မတော် တာဝန်များသာမက နယ်ဘက်အုပ်ချုပ်ရေးတာဝန်များကိုပါ ပူးတွဲ ထမ်းဆောင်ရသည့် အချိန် ဖြစ်သည်။ ထို့ကြောင့် သူ့လက်အောက်မှာ တပ်မတော်တပ်ရင်း၊တပ်ဖွဲ့များသာမက တိုင်း အဆင့်ဌာနဆိုင်ရာများပါ ရှိနေသည်။

ထုံးစံအတိုင်း မိမိတို့ တစ်ဦးချင်း၏ လုပ်ကိုင်ဆောင်ရွက်မှု၊ မိမိဦးဆောင်ရသည့် တပ်ရင်း၊တပ်ဖွဲ့၊ ဒါမှမဟုတ် ဌာန၏ စွမ်းဆောင်မှုများအပေါ် တပ်မှူးကြီး က အမြင်ကြည်လင်အောင်၊ ကြိုက်နှစ်သက်အောင် အပြိုင်အဆိုင်ကြိုးစားကြသည်။ လူကြီးအနားမှာနေသည့် ကျွန်တော်တို့ အနေနဲ့လည်း ရိုးရိုးသားသားကြိုးစားသူတွေကိုမြင်ရသလို အခြားနည်းလမ်းများ ဖြင့် မျက်နှာသာ ပေးခံရအောင်၊ တစ်ခါတစ်လေတော့လည်း အခြားသူကို နင်းပြီး တက်နိုင်အောင်လုပ်တာ တွေလည်း တွေ့ ရသည်။ ကျွန်တော်တို့တောင် ဒါမျိုးမြင်နေတော့ တပ်မှူးကြီးလည်း မြင်မှာသေချာပါသည်။

တစ်ချိန်မှာတော့ ကျွန်တော်တို့ ဌာန ချုပ်မှာ စစ်ဘက်ရော၊ နယ်ဘက်အရာရှိကြီးတွေပါ တက်ရတဲ့အစည်းအဝေးတစ်ခုကျင်းပသည်။ အစည်းအဝေး အမှာစကား ပြောချိန်မှာ တပ်မှူးကြီးက “လူတိုင်းဟာ အောင်မြင်ကြီးပွားလိုတဲ့ အတွက် အချင်းချင်းယှဉ်ပြိုင် ကြိုးစား အားထုတ် ကြတာမဆန်းပါဘူး။ သူလည်း အခုအချိန်အထိ ကြိုးစားနေတုံးပဲ။ ဒါပေမယ့် မိမိဘဝအောင်မြင်မှုအတွက် ယှဉ်ပြိုင် ရာမှာတော့ ဘောလုံးလို၊ လက်ဝှေ့လို တစ်ဘက်အသင်းကို ဂိုးသွင်းနိုင်မှ၊ တစ်ဘက်လူကို အလဲထိုးနိုင်မှ အနိုင်ရတာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်လို့ နိုင်ရင် တောင် တစ်ဘက်က ရှုံးသွားတဲ့သူမှာ ခံစားချက်မကောင်းဘူး။ ဒီတော့ ပြေးခုန်ပစ် အား ကစား နည်းတွေလို ကိုယ့်စံချိန်ကို သူများထက်ကောင်းအောင်ကြိုးစားပြပြီး အနိုင်ယူကြပါ။ ဒါဆိုရင် ရှုံးသွားတဲ့သူကလည်း အရံှုံးကို ကျေကျေနပ်နပ်လက်ခံနိုင်လိမ့်မယ်” စသည်ဖြင့် အတော် ရှည်ရှည် ရှင်းလင်းပြောကြားခဲ့သည်။

တကယ်တော့ အဲဒီအရာရှိကြီးတွေသာမဟုတ် ကျွန်တော်တို့ ဦးစီးအရာရှိတွေထဲမှာလည်း ပြိုင်ကြတာပါပဲ။ ဒီလိုပြိုင်ကြ ရင်းနဲ့ တစ်ခါတစ်လေ ကိုယ်နဲ့ အဆင့်တူ အရာရှိတစ်ဦး လုပ်ငန်းဆောင်ရွက်ပုံမှားနေတာတွေ့ရင်တောင် သတိမပေးပဲ ချို တာမျိုးလည်းရှိသည်။ သူခဏခဏမှားမှ ကိုယ့်ကို လူကြီးက ပိုအားကိုးလာမှာဆိုသည့် စိတ်အခံကြောင့် သူ့အရှိန်နှင့် သူ လွှတ်ထားလိုက်တာဖြစ်သည်။

တစ်ခါတစ်လေ လူကြီးက အခြားဦးစီးအရာရှိတစ်ယောက်အကြောင်းမေးလျှင် ကောင်းတာ တွေပြောဖို့ထက် မကောင်းသည့်အချက်လေးများကို သာသာထိုးထိုးလေးပြောတတ်ကြသည်။ ကျွန်တော်လည်း ဒီလို အကျင့်တွေရှိခဲ့ဖူးသည်။ ဒါ့ကြောင့် တပ်မှူးကြီးရဲ့ စကားကို ကြားချိန် မှာတော့ ကိုယ့်ကိုကိုယ် ရှက်စိတ်ဝင်မိသည်။

ကျွန်တော်ကား အားကစားနဲ့ ပတ်သက်လျှင် အတော်နုံချာသူဖြစ်သည်။ စစ်တက္ကသိုလ်တုန်းက သူများတွေအားကစား နည်းတစ်ခုမဟုတ်တစ်ခုကစားချိန်တွင် ကျွန်တော်ကတော့ နံနက်၊ ညနေပုံမှန်လုပ်ရသည့် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းလောက် နဲ့သာဖြတ်သန်းခဲ့သည်။

ဒါပေမယ့်လည်း ဘဝပြိုင်ပွဲကြီးမှာတော့ ပြေးခုန်ပစ်အားကစားသမားဖြစ်အောင် ကြိုးစားနေသည်။ နိုင်မလား၊ ရှုံးမလား ကျွန်တော်မသိပါ။ ဘာပဲဖြစ်ဖြစ် စိတ်ရှင်းတာတော့ အမှန်ပင်ဖြစ်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: