မီဒီယာဆက်ဆံရေး တစေ့တစောင်း

၂၀၁၂ ခုနှစ်ကနေ ၂၀၂၀ ကြားမှာ ကျွန်တော့် ဖေ့စ်ဘွတ်စာမျက်နှာကနေ နိုင်ငံရေးသမားတွေ ၊ အစိုးရတာဝန်ရှိသူတွေ နဲ့ သတင်း မီဒီယာများအကြား ဆက်ဆံရေးဆိုင်ရာ ဆောင်းပါး ၃၃ ပုဒ် ရေးခဲ့တယ်။ ဆောင်းပါး အများစုက ကျွန်တော့်အတွေ့အကြုံနဲ့ နိုင်ငံတကာဖြစ်စဉ်တွေကို အခြေခံပြီး ရေးခဲ့တာပါ။ အခြားသူများရဲ့ ပြောကြားချက် ကို ထောက်ပြဝေဖန်သုံးသပ်ရေးသားခဲ့ တာက ငါးပုဒ် ရှိတယ်။

အခုဆောင်းပါးကတော့ ရေးခဲ့သမ ျှ ဆောင်းပါးတွေထဲက ကောင်းနိုးရာရာ သိသင့် သိထိုက် တယ်လို့ ယူဆတဲ့ အချက်အလက်တွေကို အခြေခံပြီး ရေးထားတာပါ။

အစိုးရ နဲ့သတင်း မီဒီယာ

ဒီမိုကရေစီ စနစ်ကို ပြောရင် အစိုးရပိုင်မဟုတ်တဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာ ဆိုတာ တွဲပါ လာမှာပဲ။ ဒါ့ကြောင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်၊ တည်ဆောက်နေတယ် ဆိုတဲ့ အစိုးရ တစ်ရပ်ဟာ သတင်း မီဒီယာနဲ့မဆက်ဆံလို့မရဘူး။

ဒါပေမယ့် အစိုးရနဲ့သတင်း မီဒီယာဆိုတာ ချစ်နေလို့လည်း မရဘူး။ ချစ်နေရင်၊ သတင်းမီဒီယာက အစိုးရ ပြောသမျှ ဘာမှ ဝေဖန် ဆန်းစစ် တာမလုပ်ပဲ တဆင့်ခံပြောပေးနေရင် ဝါဒဖြန့်ချိရေး သက်သက်ဖြစ်ပြီး လူထုနစ်နာတယ်။

တစ် ဘက်မှာလည်း အစိုးရနဲ့သတင်း မီဒီယာ ရန်သူဖြစ်နေ လို့လည်း မရပြန်ဘူး။ တစ်ဘက်နဲ့ တစ်ဘက် ရန် သူလို သဘော ထားလိုက်ပြီဆိုရင် ရတဲ့နည်းနဲ့ တွယ် တော့မှာကိုး။ အဲဒီမှာ အစိုးရက သတင်း မီဒီယာကို နှိပ် ကွပ်မယ်၊ အရေးယူမယ်၊ ထောင်ချမယ်ဆိုရင် သတင်း လွတ်လပ်ခွင့် ဆုံးရှုံးမယ်။ သတင်းမီဒီယာ ကလည်း အစိုးရကို သတင်းမှန်တာရော၊ မမှန်တာရောနဲ့ပြန်တွယ် တဲ့အခါ လူထုရဲ့ သတင်းမှန် သိခွင့်ဆုံးရှုံးတယ်။

ဒါ့ကြောင့် အစိုးရကလည်း လူထုကို သတင်းမီဒီယာများကတဆင့် မိမိရဲ့ မူဝါဒတွေ၊ လုပ်ဆောင် ချက်တွေ အသိပေး၊ သတင်းမီဒီယာများကလည်း “ဝေဖန်ဆန်းစစ် စောင့်ကြည့်သူ” ဆိုတဲ့ မိမိ တာဝန်ကို သတင်းမီဒီယာကျင့်ဝတ်များနဲ့ အညီ ဆောင်ရွက် ဆိုတဲ့ အပြန်အလှန်လေးစားမှုကို အခြေခံသော မီဒီယာဆက်ဆံရေး ပတ်ဝန်းကျင်ကို ထူထောင်နိုင်ရင် အကောင်းဆုံးပဲ။

တစ်ခု သတိပြုသင့်တာက အစိုးရရဲ့လုပ်ဆောင်ချက်ဟာ နိုင်ငံသားအားလုံးပေါ်မှာ အကျိုးသက် ရောက်မှုရှိတဲ့အတွက် ပိုပြီး ဝေဖန်ဆန်းစစ်ခံရမှာပဲ။ အစိုးရကို ပဲဝေဖန်တယ်။ အတိုက်အခံကို မဝေဖန်ဘူးလို့ အပြစ်တင်လို့မရဘူး။

သတင်းသမားနဲ့ ဥပဒေ

မီဒီယာဆက်ဆံရေးကောင်းရမယ် လို့ပြောတော့ “သတင်းမီဒီယာသမားတွေ ပြောသမ ျှ ခေါင်းငုံ့ ခံရမှာလား၊ အရေးမယူ ရဘူးလား”လို့ မေးခွန်းထုတ်သူတွေလည်းရှိတယ်။ သတင်းသမား ဟာ ဥပဒေအပေါ်မှာ မရှိပါဘူး။ ဒါပေမယ့် သတင်းသမားများရဲ့ ထူးခြားတဲ့ လုပ်ငန်းသဘာဝကိုတော့ ထည့်စဉ်းစားရမယ်။

သတင်းသမားဆိုတာ ဝေဖန်ဆန်းစစ်မေးခွန်းထုတ်တဲ့ အလုပ်ကို လုပ်တဲ့သူဖြစ်တယ်။ နောက် တစ်ခါ ဖြစ်စဉ်တစ်ခု၊ ကိစ္စတစ်ခုနဲ့ပတ်သက်ရင် ပါဝင်ပတ်သက်နေသူတွေ အားလုံးရဲ့ အမြင် တွေ၊ သဘောထားတွေကိုရအောင် မေးမြန်းစုံစမ်းဖော်ပြရတဲ့သူူဖြစ်တယ်။

အဲဒီလို ထူးခြားတဲ့အခြေအနေတွေကြောင့် ဒီမိုကရေစီနိုင်ငံတွေမှာ သတင်းမီဒီယာတွေနဲ့ ပတ်သက်တဲ့ သီးခြားဥပဒေတွေ ပြဋ္ဌာန်းထားလေ့ရှိပြီး သတင်းမီဒီယာရေးသားချက်တွေ နဲ့ ပတ်သက်ရင် အများအားဖြင့် အဲဒီဥပဒေနဲ့ပဲ ကိုင်တွယ်ဖြေရှင်းတယ်။ ( မြန်မာနိုင်ငံမှာလည်း ရှိပါတယ်။ သုံး/မသုံး ဆိုတာပဲ ကွာခြားတာပါ။ ) အစိုး ရ ကို ဝေဖန် ရေးသားမှုတွေနဲ့ပတ်သက်ပြီး အရေးယူမယ်ဆိုရင် တောင် နိုင်ငံတော်ကို အကြည်ညို ပျက်စေမှုနဲ့ အရေးယူမယ့်အစား အသရေဖျက်မှုလို ပုဒ်မ မျိုး နဲ့ပဲ တရားစွဲလေ့ရှိတယ်။

ယဉ်ကျေးပါ

သတင်းထောက်တစ်ယောက်ကို ဖြေတဲ့အခါ သူကိုယ်စားပြုတဲ့ သတင်းဌာနကို ဖြေတယ်၊ သတင်း ထောက်မောင်ဖြူ၊ ဒေါ်ဖြူ ကို ဖြေတယ်လို့ သဘောထားလို့မရဘူး။ ဒီသတင်းထောက်မေးတာ ကို စောင့်ကြည့် နားထောင်နေမယ့် ၊ ဖတ်ရှုမယ့် ပရိသတ်ကို ဖြေနေတယ်ဆိုတာ နားလည်ဖို့လိုတယ်။ အဲဒီ ပရိသတ်က ရာထောင်ဂဏန်းဖြစ်နိုင်သလို သိန်းဂဏန်းလည်းဖြစ်နိုင်တယ်။ သတင်းထောက် ဆို တာ က ပရိသတ်သိချင်မယ်လို့ ထင်တဲ့ အကြောင်းအရာကို အစဖော်ပေးတဲ့သူ၊ တနည်းအား ဖြင့် ကိုယ် နဲ့ ပရိသတ်ကြားမှာ ပေါင်းကူးပေးမယ့် တံတားပဲ။

အဲဒီသဘောတရားကို နားမလည်တဲ့ ပုဂ္ဂိုလ်တချို့ကတော့ “ဒီသတင်းထောက်ကိုတော့၊ ဒီသတင်း ဌာနကိုတော့ ငါ နှိပ် ကွပ် လိုက်ဦးမယ်” ဆိုပြီး ရင့်ရင့်သီးသီးစကားလုံးတွေနဲ့ ပြန်ပြောလေ့ရှိတယ်။ အဲဒီလို ပြောလိုက်ရတာကိုလည်း ဂုဏ်ယူလေ့ရှိတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေဟာ သူ့ အပြောအဆို၊ အမူအရာတွေက စောင့်ကြည့်နားထောင်နေတဲ့ ပရိသတ်ကို စော်ကားသလိုဖြစ်သွားတယ်ဆိုတာ နားမလည်ဘူး။ ဒါ့ကြောင့်လည်း နောက်ဆုံးမှာ ကိုယ့်အဖွဲ့အစည်းကို ထောက်ခံလာအောင် စည်းရုံးနိုင်ရမယ့်အစား ပို အမြင်ကပ်အောင်လုပ်သလိုဖြစ်သွားတာပဲ အဖတ်တင်တယ်။

အမေး နဲ့ အဖြေ

သတင်းသမားရဲ့ အလုပ်က မေးခွန်းမေးဖို့၊ ဝေဖန်ဆန်းစစ်ဖို့ပဲ။ ဒါပေမယ့် သတင်းသမား တစ်ဦးချင်းရဲ့ အရည်အချင်းပေါ်မူတည်ပြီး မေးခွန်းတွေ၊ စကားလုံးတွေရဲ့ အရည်အသွေး လည်း ကွာခြားပါတယ်။

ဒါပေမယ့် မေးခွန်းတွေကို ဖြေကြားတဲ့သူက မေးတဲ့ မေးခွန်းက အဆင့်မရှိလို့၊ စကားလုံးက ရိုင်းလို့ ဆိုပြီး စိတ်လိုက်မာန်ပါ တုန့်ပြန်လို့မရဘူး။ ကိုယ်ပြောချင်တဲ့စကား၊ ပရိသတ်တွေ သိစေချင်တဲ့ အကြောင်းအရာကို လိမ္မာပါးနပ်စွာ၊ ယဉ်ကျေးသိမ်မွေ့စွာ ပြန်ဖြေဖို့ပဲ လိုပါ တယ်။

သူရိုင်းလို့ ငါပြန်ရိုင်းမယ် ဆိုတဲ့ စိတ်ထားက မီဒီယာဆက်ဆံ ရေးမှာအလုပ်မဖြစ်ပါဘူး။မကြိုက်ရင် နောင်မှာ အလိမ္မာသုံးပြီးရှောင် ဖို့ပဲလိုပါတယ်။ သူရိုင်း လို့ ကိုယ်ပြန်ရိုင်းတယ်ဆိုရင် ကိုယ်ရိုင်း တာက သတင်းဖြစ်သွားမယ်။ ကိုယ်အဖြေမတတ်ရင် လူတွေက မေးခွန်းကို မေ့သွားပြီး ကိုယ့် အဖြေကိုပဲ တစ်သက်လုံးသတိရနေလိမ့်မယ်။ ကိုယ့်ရဲ့ တုန့်ပြန်မှု မှန်ကန်ရင် သတင်းသမားရဲ့ အရည်အချင်းကို ပရိသတ်က သူတို့ဘာသာ သူတို့ အကဲဖြတ်သွားလိမ့်မယ်။ ကိုယ် ဝင်ပြော ဖို့တောင်မလိုပါဘူး။

ပြောရေးဆိုခွင့်ရှိသူ

ပြောရေးဆိုခွင့်ရှိသူ ဆိုတာ အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုဖို့အတွက် တရားဝင် တာဝန် ပေး ခန့်အပ်ခံရသူပဲ။ သာမန် နိုင်ငံရေးသမားတစ်ယောက်၊ အစိုးရ အရာရှိတစ်ယောက် မီဒီယာကို အဖြေမှားရင်၊ ဆက်ဆံပုံမှားရင် “ ဒီလုပ်ရပ်ဟာ တစ်ဦးချင်းလုပ်ဆောင်ချက်၊ တစ်ဦးချင်းရဲ့ သဘော ထားဖြစ်ပါတယ်၊ အဖွဲ့အစည်းကို ကိုယ်စားမပြုဘူး” လို့ ငြင်းလို့ရတယ်။

ပြောရေးဆိုခွင့်ရှိသူဆိုရင်တော့ အဲဒီလို ပြောလို့မရဘူး။ သူဟာ အဖွဲ့အစည်းရဲ့ ပုံရိပ်ပဲ။ အိမ် အနေနဲ့ ပြောရင် အိမ်ရဲ့ ဧည့်ခန်းဆောင်ပဲ။ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ သူ့ လုပ် ဆောင်မှု၊ ပြောဆိုဆက်ဆံမှုတွေဟာ သူကိုယ်စားပြုတဲ့ အဖွဲ့အစည်းအပေါ် ရိုက်ခတ်မှုရှိမှာပဲ။ ရှောင်လို့မရဘူး။

ဒါကြောင့် ပြောရေးဆိုခွင့်ရှိသူဟာ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရင် ပုဂ္ဂလိက ခံစားချက်တွေ၊ ကိုယ်ပိုင်အမူအကျင့် စရိုက်လက္ခဏာတွေကို အတတ်နိုင်ဆုံး ဘေးဖယ်ထားရမယ်၊ ထိန်းချုပ် ထားရမယ်။ ကိုယ့်အဖွဲ့အစည်းအပေါ် လူတွေမြင်စေချင်တဲ့ ပုံရိပ်နဲ့ အနီးစပ်ဆုံးဖြစ်အောင် နေထိုင်ပြုမူ ပြောဆိုဆက်ဆံရမယ်။ ပြောရေးဆိုခွင့်ရှိသူဆိုတာ ပြည်သူတွေ ၊ မီဒီယာတွေ ငါ့လောက် မသိပါဘူးဆိုတဲ့ အထင် သေး စိတ်နဲ့ ပြောဆိုဆက်ဆံရမယ့်သူမဟုတ်ဘူး။ ကိုယ့် ကြောင့် အဖွဲ့အစည်းမှာ “ ဆေးအတွက်လေး” မဖြစ်စေရ ဘူး။

ထိရောက်မှု

မီဒီယာနဲ့ တွေ့ဆုံဖြေကြားတယ်၊ သတင်းစာရှင်းလင်းပွဲလုပ်တယ် ၊ သတင်းထုတ်ပြန်တယ် ဆိုတာ ပြည်သူ့ဆက်ဆံရေး လုပ်ငန်း ( Public Relation , PR ) လုပ်တာပဲ။ ပြည်သူ့ ဆက် ဆံရေးလုပ်ငန်းရဲ့ သဘောသဘာဝအရ အောင်မြင်မှုကို အရေအတွက် နဲ့ မတိုင်းတာဘူး။ ထိရောက်မှု နဲ့ပဲတိုင်းတာတယ်။

ကိုယ့်ဘက်က ရှင်းလင်းချက်၊ ထုတ်ပြန်ချက်ကို ကြားလိုက်တဲ့အခါ အများက လက်ခံရင်၊ ဒါမှ မဟုတ် လက်မခံရင်တောင် သူပြောတာ စဉ်းစားထိုက်တဲ့အချက်ပဲလို့ တွေးမိသွားရင် အောင် မြင်တာပဲ။ အဲဒီလို မဖြစ်ဘူးဆိုရင်တော့ ဆောင်းပါး အပုဒ်တစ်ရာရေးရင်လည်း အောင်မြင် တယ်လို့ မသတ်မှတ်ဘူး။

ဒီမိုကရေစီ နဲ့ သတင်းလွတ်လပ်ခွင့်

တချို့ကတော့ အခု အချိန်က ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေတုန်းပဲရှိသေးတယ်။ ဒီမိုကရေစီ ရရင်တော့ သတင်းလွတ်လပ်ခွင့်ရမှာပေါ့ လို့ ပြောတာလဲရှိတယ်။ တကယ်တော့ သတင်း လွတ် လပ်ခွင့်ဆိုတာ နိုင်ငံရေးပါတီတို့၊ ရွေးကောက်ပွဲ တို့ လိုပဲ ဒီမိုကရေစီစနစ်ကို ကူးပြောင်းရာမှာ အထောက်အကူပေးတဲ့ ၊ ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင် ကျင့်သုံးနိုင်ချိန်မှာ ပိုပြီး အရည်အသွေး ကောင်းလာရမယ့် အဖွဲ့အစည်းတွေ၊စနစ်တွေပဲ။ သူမပါဘဲနဲ့ အဲဒီခရီး သွားလို့ မရဘူး။ ဒ့ါကြောင့်လည်း ၂၀၀၈ အခြေခံဥပဒေ မှာ တောင် ပုဒ်မ ၃၅၄ နဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ကို အာမခံ ထား တာ တွေ့နိုင်ပါတယ်။

တိုက်အိမ် လို့ပြောရင် အုတ်နံရံ၊ သွပ်မိုး ဆိုတဲ့ အင်္ဂါရပ်နဲ့တော့ ပြည့်စုံရမှာပေါ့။ ဝါး ထရံကာ ၊ ဓနိမိုးကို လက်ညှိုးထိုးပြီး တိုက်အိမ် လို့ ပြောရင်တော့ ဘယ်သူမှ လက်ခံမှာမဟုတ်ဘူး။

One thought on “မီဒီယာဆက်ဆံရေး တစေ့တစောင်း

  1. Democracy is a form of government in which the rulers are elected by the people. If you have forgotten about it.

    Like

Leave a Reply to Melody Aung Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: