ပြာသာဒ်ကျောင်း

ငါးထပ်ကြီးကုန်းတော်ပေါ်က ဘုန်းတော်ကြီးကျောင်းတွေထဲမှာ ထူးခြားတဲ့ ဗိသုကာလက်ရာနဲ့ တွေ့ရတာက တော်ကူးလေး ပြာသာဒ် ကျောင်းဖြစ်ပါတယ်။ ပြာသာဒ်ကျောင်း ကို ငါးထပ်ကြီး ဘုရားကနေ ခြေလျင်လာလို့လည်းရတယ်။ ဆွေတော်မျိုးတော် သင်္ချိုင်းဂူ တွေရှိတဲ့ ရတနာ ဦးသွင်စောင်းတန်းကနေခြေလျင်လာရင်လည်း ရတယ်။ ဒါပေမယ့် အကောင်းဆုံးနဲ့ အသက်သာ ဆုံးလမ်းကြောင်းက ဝင်္ကာပါလမ်းကနေ ငါးထပ် ကြီးဘုရားလမ်းအတိုင်းလာ၊ ဆွေတော် မျိုးတော် သင်္ချိုင်း ဆိုင်းဘုတ်ကိုကျော်ပြီး ဆက်သွားရင် ဘယ်ဘက်မှာ ဝဲပျံစာသင်တိုက် ဆိုတဲ့ မုခ်ဦးတွေ့မယ်။ အဲဒီကားလမ်းအတိုင်း တောင်ကုန်းပေါ်တက်ရင် ဝဲပျံစာသင်တိုက် ထဲက ပေါ် တော်မူဘုရားကို တွေ့မယ်။ ပေါ်တော်မူဘုရားကနေ ညာဘက်ကားလမ်းအတိုင်း ဆက်သွား ရင် ပြာသာဒ်ကျောင်းအခြေထိ ကားရောက်တယ်။

ပြာသာဒ် ကျောင်းအကြောင်းပြောရင်တော့ အငြင်းအခုန်ဖြစ်မလားမသိနိုင်ဘူး။ ဘာ့ကြောင့် လဲဆိုတော့ ခရီးသွားဆောင်းပါးတချို့မှာ ဒီကျောင်းဟာ သီပေါမင်း ဆွေတော်မျိုးတော်များ နေထိုင်ခဲ့တဲ့ အိမ်ဂေဟာ လို့ ပြောထားတာတွေ့တယ်။ ဒါပေမယ့် လက်ရှိကျောင်းထိုင် ဆရာ တော်ကတော့ အဲဒီအချက်က မမှန်ဘူးလို့ ပြောတယ်။

လက်ရှိ ပြာသာဒ်ကျောင်း ကျောင်းထိုင်ဆရာတော်က ဦးပညာဇောတဖြစ်ပါတယ်။ ဆရာတော်က ဒီကျောင်းကို ၁၉ ၈၂ ခုနှစ်မှာရောက်ခဲ့တာဆိုတော့ နှစ်လေးဆယ်ရှိပြီ၊ ဆရာတော်က ခြောက် ဆက်မြောက် ကျောင်းထိုင်ဆရာတော်။ ဆရာတော်က “သီပေါမင်းဆွေတော်မျိုးတော်တွေ နေထိုင်ခဲ့တဲ့ အိမ်ဂေဟာ” ဆိုတဲ့ စကားကို ဆရာတော်တို့လည်းမပြောဘူး၊ ဘယ်သူက စလိုက်တဲ့ စကားလည်း မသိဘူး၊ ဆရာတော်တို့ကိုလာမေးရင်တော့ မဟုတ်တဲ့အကြောင်း ရှင်းပြပေး တယ် လို့ မိန့်တယ်။ ကျောင်းတိုက်သက်တမ်းနဲ့ပတ်သက်လို့ကတော့ ပထမ ကျောင်းထိုင် ဆရာတော် ကနေ ဒုတိယကျောင်းထိုင်ဆရာတော်ကိုလွှဲခဲ့တာ နှစ်ကိုးဆယ်ကျော်ပြီ ဆိုတော့ သက်တမ်း နှစ်တစ်ရာကျော် ပြီလို့တော့ ပြောနိုင်ပါတယ်။

ဒါဆိုရင် ကျောင်းရဲ့ မူလဒါယကာ၊ ဒါယိကာမတွေက ဘယ်သူတွေလဲ။ အဲဒါနဲ့ပတ်သက်လို့ ဆရာ တော် ဦးပညာဇောတဆီမှာလည်း အထောက်အထားမရှိဘူး။ ရှေ့က ဆရာတော်ကြီးတွေက လည်း အလှူရှင်ဘယ်သူလို့ ပြောခဲ့တာမရှိဘူး။ ကျောင်းမှာရှိတဲ့ ဆင်းတုတော်ကြီး လေးဆူမှာ လည်း အလှူရှင်အမည်ရေးထိုးထားတာမရှိဘူး။

ကျောင်းတိုက်တည်ဆောက်ထားပုံအနေအထားအရတော့ လူနေအိမ် အဖြစ် တည်ဆောက်ခဲ့ တာ မဖြစ်နိုင်ဘူး။ အထင်ရှားဆုံးအချက်ကတော့ လှေကားပဲ။ အိမ်အဖြစ်တည်ဆောက်ခဲ့တယ်ဆိုရင် အပေါ်ထပ်ကို တက်တဲ့လှေကားက အဆောက်အဦ အတွင်းထဲမှာပဲရှိရမယ်။ အခုတော့ အပေါ် ထပ်ကို တက်မယ်ဆိုရင် အပြင်က အုတ်လှေကားကြီးကတဆင့်ပဲ တက်ရတယ်။ အတွင်းမှာ လှေကားမရှိဘူး။ ကုန်းဘောင်ခေတ်နဲ့ ကိုလိုနီခေတ်ဦး ဘုန်းတော်ကြီးကျောင်းများရဲ့ ဗိသုကာ လက်ရာအကြောင်း တတ်ကျွမ်းနားလည်တဲ့ ပညာရှင်များ ဖြည့်စွက်ဆွေးနွေးပေးစေချင် ပါတယ်။

နောက်တစ်ချက် ကျောင်းတိုက်တွင်းအခန်းဖွဲ့စည်းပုံဖြစ်ပါတယ်။ မြေညီထပ်ရော၊ အပေါ်ထပ်မှာပါ အလယ်မှာ အခန်းကျယ် ( ပေ ၂၀ x ၃၀) လောက်တစ်ခန်းပဲရှိတယ်။ ဓာတ်ပုံမှာ မြင်ရတဲ့ အပေါ်ထပ် ဘေးဘက်အဆောင်လေးတွေက လေသာဆောင် လေးတွေဖြစ်ပြီး လေသာဆောင်နဲ့ အလယ်က ခန်းမကြီးကို ဆက်တဲ့ အခန်းက ရှည်ရှည်သွယ်သွယ်လေး၊ အိပ်ခန်းပုံစံဖွဲ့ထား တာမဟုတ်ဘူး။ ပြီးတော့ အပေါ်ထပ်မှာရော၊ အောက်ထပ်မှာပါ လူနေအိမ်တစ်ခုမှာပါဝင်ရမယ့် မီးဖိုချောင်၊ ရေချိုးခန်း စတာတွေထည့်သွင်းဆောက်လုပ်ထားတာမတွေ့ရဘူး။ လက်ရှိ မီးဖို ချောင်လုပ်ထားတဲ့နေရာက ရှိတဲ့နေရာကိုအဆင်ပြေအောင်လုပ်ပြီး သုံးနေတာပါ။

ကျွန်တော်ကတော့ ပြာသာဒ်ကျောင်းရဲ့ မူလဒါယကာဟာ သီပေါမင်းဆွေတော်မျိုးတော်ထဲက ဖြစ်ရင်တောင် သူတို့နေထိုင်ခဲ့တဲ့ အိမ်ဂေဟာကို ဘုန်းတော်ကြီးကျောင်းအဖြစ် လှူဒါန်း ခဲ့တာတော့ မဖြစ်နိုင်ဘူး၊ ကျောင်းအဖြစ်သီးခြားဆောက်လုပ်လှူဒါန်းခဲ့တာပဲဖြစ်မယ်လို့ ယူဆပါတယ်။

လက်ရှိကျောင်းတိုက်ကို ပြာသာဒ်ကျောင်းလို့ခေါ်ပေမယ့် မူလ ပြာသာဒ်ကျောင်းက ဒီကျောင်း တိုက်မဟုတ်ဘူး။ ဒီကျောင်းတိုက်ရှေ့ လက်ရှိ နှစ်ထပ်ကျောင်းတိုက်နေရာမှာ အရင်က သစ် သား ကျောင်းကြီးရှိတယ်။ အဲဒီကျောင်းတိုက်ကို ပြာသာဒ်ကျောင်းလို့ခေါ်တယ်။ ဒါပေမယ့် ကျောင်းတိုက် နှစ်တိုက်လုံးက ဆရာတော်တစ်ပါးတည်းရဲ့ အောက်မှာရှိတယ်။

အခု ပြသာဒ်ကျောင်းအနားက မြစ်ကြီးနားကျောင်းတိုက်ရှိတဲ့ ချိုင့်ဝှမ်းထဲမှာ အရင်က ကျူးကျော်လို့ ပြောကြတဲ့လူနေအိမ်တွေရှိတယ်။ အဲဒီအိမ်တွေထဲမှာ တံမြက်စည်းလုပ်ငန်း လုပ် တဲ့ အိမ်တွေလည်း ရှိတယ်။ နောက် အဲဒီတံမြက်စည်းလုပ်ငန်းလုပ်တဲ့ အိမ်တစ်အိမ်ကနေ မီးစ လောင်လိုက်တာ ပြာသာဒ်ကျောင်းပါ မီးလောင်သွားတယ်။

အဲဒီအချိန်က ငါးထပ်ကြီး ဘုရားကနေ အခု ဆွေတော်မျိုးတော် သင်္ချိုင်းဘက်က တက်လာတဲ့ ရတနာဦးသွင် စောင်းတန်း ထိပ် အထိ သစ်သားစောင်းတန်းကြီးရှိခဲ့တယ်၊ ဒါ့ကြောင့် ငါးထပ်ကြီး ကားလမ်း ဘက် မှာရှိတဲ့ ရတနာဦးသွင် မုခ်ဦးကို ငါးထပ်ကြီးအနောက်ဘက်မုခ်လို့ ခေါ်တယ်လို့ သိရပါတယ်။ မီးလောင် တဲ့အချိန်မှာ ပြာသာဒ်ကြီးကျောင်းတိုက်ပတ်ဝန်းကျင်က စောင်းတန်းအပိုင်းပါ မီးလောင်သွားခဲ့ တယ်။ ၁၉ ၈၂ ခုနှစ် ဆရာတော် ပြာသာဒ်ကျောင်း ရောက် တဲ့အချိန်ထိ တစ်ချို့နေရာတွေမှာ မီးလောင်ငုတ်တို ကျွန်းတိုင်တွေ တွေ့နိုင်သေးတယ်တဲ့။ မီး မလောင်ဘဲကျန်ခဲ့တဲ့စောင်းတန်းအပိုင်းတွေကလည်း ဟောင်းနွမ်းပျက်စီးလာလို့ ၁၉ ၉ ၅ ၊၁၉ ၉၆ ခုနှစ်လောက်မှာ ဖျက်ပြီး ကားလမ်းဖောက်လိုက်တယ်။

ပြာသာဒ်ကျောင်း မီးလောင်တဲ့ နှစ် တိတိကျကျမသိရဘူး။ဒါပေမယ့် အဲဒီကျူးကျော် အိမ် တွေကို မြို့တော်ဝန် ဗိုလ်မှူးကြီး ထွန်းစိန်က တောင်ဥက္ကလာပ ကို ရွှေ့လိုက်တယ် ဆိုတော့ အိမ်စောင့် အစိုးရ ( ၁၉ ၅၈ – ၁၉ ၆၀) မတိုင်ခင် ဒါမှမဟုတ် အိမ်စောင့်အစိုးရ ကာလမှာ မီးလောင်ခဲ့တာ ဖြစ်နိုင်ပါတယ်။ အဲဒီမီးလောင် မှု နဲ့ပတ်သက်ပြီး သတင်းစာတွေက “ အမှိုက်ကစ ပြာသာဒ် မီးလောင်” ဆိုပြီးရေးခဲ့ကြတယ်၊ မော်ကွန်းရုပ်ရှင်ကတောင် သတင်းကားရိုက်ကူးပြသခဲ့တယ်လို့ ဆိုပါတယ်။

ပြာသာဒ်ကျောင်းရဲ့ နောက်ဘက် လက်ရှိ “မဇ္ဈိမ မနောသုခ ပိဋကတ်တိုက်ကျောင်း” နေရာမှာ အရင်က ဆာဦးသွင် လှူဒါန်းခဲ့တဲ့ ပိဋကတ်တိုက်ရှိတယ်။ ပြာသာဒ်ကျောင်းလိုပဲ တိုက်ကျောင်း ကြီး၊ ငါးထပ်ကြီးကုန်းတော်ပေါ်က စာသင်သားသံဃာတွေ စာပေဖတ်ရှုလေ့လာနိုင်အောင် ဆောက်လှူထားတာ။ စာအုပ်စာတမ်းတွေအများကြီးရှိသလို ဇာတ်မင်းသားကြီး ဦးကက်နက်စိန် တို့ လှူဒါန်းခဲ့တဲ့ သစ်ကနက်သား ဆင်းတုတော်လည်း ပူဇော်ခံထားတယ်။ ကျွန်တော်ကတော့ မီးလောင်သွားတဲ့၊ ကားလမ်းဖောက်ဖို့ ဖျက်လိုက်တဲ့ စောင်းတန်းဟာ ငါးထပ်ကြီး စာသင်တိုက် က စာသင်သံဃာတော်တွေ ပိဋကတ်တိုက်ကို မိုးလုံ လေလုံ သွားလာနိုင်ဖို့ ဆာ ဦးသွင် ဆောက်လှု ခဲ့တာများလားလို့တွေးမိတယ်။ အဲဒီအချက်သာ မှန်တယ်ဆိုရင်တော့ ဆာ ဦးသွင် စောင်းတန်း လို့ လူတွေပြောနေတာဟာ ပျက်စီးသွားပြီဖြစ်တဲ့စောင်းတန်းကို ပြောတာဖြစ်မယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်မှာတော့ ပိဋကတ်တိုက်မှာကျောင်းထိုင်တဲ့ဆရာတော်က ဇာတိ ရပ်ရွာကို ပြန်မယ်ဆိုပြီး အခြားဆရာတော်တစ်ပါးကို ကျောင်းလွှဲပြောင်းပေးလိုက်တယ်။ အဲဒီ ဆရာတော်ရဲ့ ဒါယကာ၊ ဒါယိကာမ ဇနီးမောင်နှံက ဆာဦးသွင် ပိဋကတ်တိုက်ကို ဖျက်ပြီး ကျောင်း သစ်ပြန်ဆောက်လိုက်တယ်။ ကျောင်းသစ်က ၂၀၁၂ ခုနှစ်မှပြီးသွားတယ်။ အခုတော့ ကျောင်း နာမည်မှာ ပိဋကတ်တိုက်လို့ပါပေမယ့် စာအုပ်စာတမ်းတွေ၊ မူလ ဗိသုကာလက်ရာတွေ မရှိ တော့ဘူး။ မူလကျောင်းဓာတ်ပုံတွေလည်း ရှာမတွေ့ဘူး။ ပိဋကတ်တိုက်အကြောင်း သိမီ လိုက်သူများ ရှိရင် ပါဝင် ဆွေးနွေးပေးစေလိုပါတယ်။

ပြာသာဒ်ကျောင်းကိုတော့ ရှေးဟောင်းအမွေအနှစ် စာရင်းသွင်းဖို့ဆိုပြီး လာရောက်မေးမြန်း စာရင်းကောက်ယူသွားတယ်လို့ ဆရာတော်ကပြောတယ်။ ဒါပေမယ့် သက်တမ်းကြာလာ လို့ ကျောင်းယိုယွင်းပျက်စီးပြီး ပြင်ဖို့လိုတယ်ဆိုရင်တော့ အဲဒီအဖွဲ့အစည်းတွေက ငွေကြေး၊ နည်း ပညာအရ ကူညီမှာလားဆိုတာတော့ တိတိကျကျ ပြောမသွားဘူးတဲ့။

ဒါဟာ မြန်မာနိုင်ငံက ရှေးဟောင်းဘုန်းတော်ကြီးကျောင်းတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တစ်ခုဘဲ။ အလှူရှင်တွေထဲမှာလည်း ကျောင်းဟောင်းပြင်တာထက် ကျောင်းသစ် ဒါယကာ၊ ဒါယိကာမ အမည်ပဲ ခံချင်သူတွေက ပိုများမယ်ထင်တယ်။ ဆရာတော်တွေဘက်ကလည်း နေထိုင်ရေး ပို အဆင်ပြေဖို့အတွက် ကျောင်းသစ်ဆောက်ချင်တာလည်းရှိတာပဲ။ ကျောင်းဟောင်းပြင်ဖို့ ဆန္ဒရှိတဲ့ ဆရာတော်တွေ၊ အလှူရှင်တွေ ရှိပေမယ့် ရှေးမူမပျက်ပြင်ဆင်နိုင်ဖို့ နည်းပညာ လိုသလို ငွေပိုကုန်တာလည်းရှိလို့ မလုပ်နိုင် တာလည်း ရှိပါတယ်။

ဒါပေမယ့် တိဗက်၊ တရုတ်၊ ဂျပန်၊ ထိုင်း၊ သီရိလင်္ကာစတဲ့ နိုင်ငံတွေမှာ ရှေးဟောင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေကို ရှေးမူမပျက်ထိန်းသိမ်းထားနိုင်တာတွေရှိနေတော့ သူတို့လုပ် ဆောင်ချက်တွေကို လေ့လာလိုက်ရင် မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ နည်းလမ်းတွေရနိုင်ပါ တယ်။ ဒါ့ အပြင် မြန်မာနိုင်ငံမှာလည်း ရှေးမူမပျက်ထိန်းသိမ်းထားတဲ့ အခြားဘာသာဝင်များရဲ့ ဝတ်ပြု ကိုးကွယ်မှု ဆိုင်ရာအဆောက်အဦတွေလည်း ရှိနေတဲ့အတွက် သူတို့ဆီကနေ နမူနာ ယူသင့် တာရှိရင်လည်း ယူရမှာပဲ။

ပြာသာဒ် ကျောင်းရဲ့ လက်ရှိအခြေအနေကတော့ မျက်မြင်တွေ့ရှိချက်အရ အတွင်းပိုင်းကြံ့ခိုင်မှု ကောင်း ပါသေးတယ်။ အပြင်ဘက်က လေသာဆောင်အမိုးတွေ၊ ပန်းဆွဲတွေ နည်းနည်း ပါးပါးပျက်စီး နေတယ်။ အမိုးအခြေအနေကတော့ သေသေချာချာ စစ်ဆေးမှာ သိရမှာပါ။

ကျွန်တော်ကတော့ ပညာရပ်ဆိုင်ရာအကူအညီမယူဘဲ ၊ ဒါမှမဟုတ် ကျွမ်းကျင်သူတွေရဲ့ စကား နားမထောင်ဘဲ ပြုပြင်လိုက်လို့ လုံးလုံးပျက်စီးသွားတာတွေ တွေ့ခဲ့ ပေါင်း များနေတော့ ဆရာတော်ကို “လိုအပ်လို့ ပြင်မယ်ဆိုရင်လည်း သတိတော့ထားပါဘုရား၊ ဒီလို ရှေး ဟောင်း အဆောက် အဦတွေကို ထိန်းသိမ်းဖို့အတွက် စေတနာ့ဝန်ထမ်းလုပ်ဆောင်နေသူတွေ သိအောင် တပည့်တော်လည်း တိုက်တွန်းနှိုးဆော်ပေးပါ့မယ်” လို့ ကတိပေးခဲ့တယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: