ျိုက်ထီးရိုး ခြေလျင်ခရီး (၁)

ကျိုက်ထီးရိုးတောင်ပေါ်ကို ခြေလျင်တက်ဖို့ စီစဉ်နေတာအတော်ကြာပါပြီ၊ အကြောင်းအမျိုးမျိုး ကြောင့် ပျက်ခဲ့ရတယ်။ အခုတော့ကဆုန်လပြည့်နေ့ တောင်မပိတ်ခင် အရောက်သွားမယ်၊ ကျိုက်ထီးရိုးတောင်ပေါ်ရောက်ရင် အဆင်ပြေသလောက်ဆက်နေပြီး ပတ်ဝန်းကျင် တောင်ကြော တွေကိုပါ ဆက်သွားမယ်လို့ ဆုံးဖြတ်လို့ အဖော်တစ်ယောက်နဲ့ ခရီးထွက်ခဲ့တယ်။

ကျိုက်ထီးရိုးခရီးစဉ်အတွက် ရန်ကုန်ကနေ ရွှေနဂါး ကားနဲ့သွားတယ်။ ဒီကားလိုင်းက ဘုရားဖူး ကားလိုင်းသက်သက်ဆိုတော့ ရန်ကုန်က လူတင်ပြီးရင် ကြားမှ လူ/ကုန်တင်တာမရှိဘူး။ လက် မှတ်ကတော့ သူတို့ ပေ့ချ်မှာပါတဲ့နံပါတ်ကို ဖုန်းဆက်ပြီးဝယ်လိုက်တာပါ။ သူတို့ကားကြိုပေး နိုင်မယ့်နေရာတွေထဲက အဆင်ပြေတဲ့နေရာက တက်စီးရုံပါပဲ။ အသွား/ အပြန်အတွက် နှစ်သောင်းခွဲပေးရတယ်။ ကားက ရန်ကုန်က မနက် ငါးနာရီခွဲထွက်တယ်။ ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းခစန်းကို မနက် ၁၁ နာရီ ပတ်ဝန်းကျင်ရောက်တယ်။

ဒီကားလိုင်းက ပထမဆုံးအကြိမ်စီးဖူးတာပဲ။ ကားမောင်းတာရော၊ အချိန်မှန် ဝင်ထွက်တာရော အဆင်ပြေပါတယ်။ ယာဉ်ပေါ်လိုက်ဝန်ထမ်းအကြောင်းပြောရရင်တော့ အသွားမှာ ပါတဲ့ ဝန်ထမ်းလေးက တာဝန်ကျေ တယ်။ ခရီးစဉ်ကို ရှင်းပြတဲ့အပြင် အမှိုက်တွေ စနစ်တကျ စွန့်ပစ်ဖို့၊ အနံ့ပြင်းတဲ့အစားအစာတွေမစားဖို့ ၊ ကင်မွန်းစခန်းရောက်တဲ့အချိန်မှာ ဘာတွေလုပ်ဖို့လိုတယ် ဆိုတာ အကျိုးအကြောင်းနဲ့ အသေးစိတ်ပြောပြတယ်။ အပြန်မှာပါတဲ့ ဝန်ထမ်းကတော့ တာဝန် ကျေပဲ။ ကားပေါ်ကို ဒူရင်းသီးယူလာတာကိုတောင် ခရီးသည်တွေ ဝိုင်းပြောမှ တားမြစ်ရကောင်း မှန်းသိတယ်။

ကင်မွန်းစခန်းကနေ ခြေလျင်တက်တဲ့အခါ ကိုယ့်ဘာသာကိုယ်တက်လည်း ရပါတယ်။ ဒါပေမယ့် ကျွန်တော်က ကိုယ်သိချင်တာတွေမေးလို့ရအောင် ဒေသခံလမ်းပြတစ်ယောက်ခေါ်သွားချင် တယ်။ တတ်နိုင်ရင် ကိုယ့်ပစ္စည်းတွေကို ကားနဲ့ ကြိုတင်ပေးတာမျိုးမလုပ်ဘဲ ရှေးယခင်က လိုပဲ ကိုယ်နဲ့အတူယူသွားချင်တယ်။ ဒီတော့ အထမ်းသမားလည်း လုပ်၊ လမ်းပြလည်းလုပ်နိုင်မယ့် လူ လိုတယ်။ ဒါပေမယ့် ကင်မွန်းစခန်းက အထမ်းသမားတွေကလည်း ကားဂိတ်အထိ ခေါက်တို အတင် အချပဲလုပ်ချင်ကြတာ ဆိုတော့ လူရှာရခက်တယ်။

ကင်မွန်းစခန်းက နာမည်ကြီးဟိုတယ်တစ်ခုကို ဖုန်းဆက်စုံစမ်းတော့ ဟိုတယ်ကတော့ အဲဒီလို ရှာ မပေးနိုင်ဘူးလို့ ပြောတယ်။ ဒါနဲ့ ကင်းမွန်းစခန်းရောက်မှ ထမင်းဆိုင်နဲ့ တည်းခိုခန်းတွဲထားတဲ့ နေရာတွေမှာ စုံစမ်းမယ်ဆိုပြီး ထွက်လာခဲ့တယ်။

ရွှေနဂါးကားက ကင်မွန်းစခန်းက ရွှေမြိုင်စိန်ဆိုတဲ့ ထမင်းဆိုင်မှာ ရပ်တယ်။ ရွှေနဂါးကားပေါ်က ဆင်းတော့ ရွှေမြိုင်စိန် ထမင်းဆိုင်နောက်မှာ အုတ်နှစ်ထပ်ဆောင်တစ်ခု၊ သစ်သားနှစ်ထပ်ဆောင် တစ်ခု တွေ့တယ်။ သစ်သားနှစ်ထပ်ဆောင်အောက်ထပ်က အခန်း ဖွင့်၊ သူ့ထမင်းဆိုင်မှာစားတဲ့ ဧည့်သည်တွေ အခမဲ့ တည်းခိုနိုင်ဖို့ လုပ်ထားတာ၊ အပေါ်ထပ်က ရိုးရိုး တည်းခိုခန်း ၊ ပန်ကာနဲ့ ။ အုတ်နှစ်ထပ်ဆောင်မှာ အပေါ်အောက် ၁၂ ခန်းရှိတယ်။ လေအေး စက်ပါတယ်။ နှစ်ယောက်ခန်း တစ်ရက် သုံးသောင်း။ ရွှေမြိုင်စိန် ဆိုင်ရှေ့တည့်တည့်မှာ တော်ဝင်ထွန်း ရေကူးကန်ရှိတယ်။ ရေ ကူး လူကြီး ၂၀၀၀၊ ကလေး ၁၅၀၀ ဆိုပြီး ဆိုင်းဘုတ်ထောင်ထားတယ်။ စိတ်ကြိုက်ရေချိုး (ရိုးရိုး) ၃၀၀ ဆိုပြီးလည်း ရေးထားတယ်။ ရေချိုး ( အထူး) များရှိသေးလားမသိဘူး။

ထမင်းဆိုင်ပိုင်ရှင် ဇနီးမောင်နှံကို လူရှာပေးနိုင်မလားလို့မေးတော့ ရှာပေးမယ်လို့ ကတိပေးမယ်။ ကင်မွန်းချောင်းမိန်းလမ်းမပေါ်က ရွှေမြိုင်စိန် ဆိုင်ဆိုတာရှိသေးတယ်။ အဲဒီဆိုင်က မိဘတွေဆိုင်၊ ဒီဆိုင်က ဆိုင်ခွဲ၊ မော်လမြိုင်ကနေ လာဖွင့်တာ သူတို့ တစ်သက်ဆိုတော့ ဒေသခံလိုဖြစ်နေပြီး လူရှာ ပေးဖို့ အခက်အခဲမရှိဘူး။

ဒီတော့ ရှေးယခင် ကျိုက်ထီးရိုး ဘုရားဖူးခရီးစဉ်တွေလိုပဲ ထမင်းဆိုင်မှာ စား၊ ထမင်းဆိုင်မှာ တည်း ဖို့ဆုံးဖြတ်လိုက်တယ်။ မီးကတော့ ခဏခဏ လာနေတာဆိုတော့ မီးပျက်ရင် လေအေးစက်သုံးလို့ မရဘူးပေါ့။ တည်းတဲ့ လူများရင်တော့ ည ၆ နာရီကနေ ၉ နာရီ၊ မနက် ၄ နာရီကနေ ၆ နာရီထိ မီးစက်နှိုးပေးပါတယ်။ အခုတော့ ကျွန်တော်တို့ နှစ်ယောက်ပဲရှိ၊ ဆီဈေးကလည်း မိုးပေါ်မှာ နေချင် တယ်ဖြစ်နေတော့ မီးစက်နှိုးပေးဖို့ အခက်အခဲရှိတယ်လို့ ပွင့်ပွင့်လင်းလင်းပဲပြောတယ်။ ရပါတယ် ပေါ့။

ဆိုင်မှာပဲ နေ့လယ်စာစားတယ်။ ကျွန်တော်က ခရီးသွားတဲ့ အခါ အစားအသောက်လတ်ဆတ်ဖို့ သေချာတဲ့ တရုတ်စာ ဒါမှမဟုတ် ထမင်းဆီဆမ်း၊ထမင်း သုပ် နဲ့ ကြက်ဥကြော်တွေပဲ စားလေ့ ရှိတယ်။ ဒ့ါကြောင့် ရွှေမြိုင်စိန်မှာလည်း ကြက်ချဉ်စပ် နဲ့ ကန်စွန်း/ မှိုကြော် မှာစားတယ်။ ကောင်းတယ်။ ( ညစာမှာစားတဲ့ ကြက်ကုန်းဘောင်ကတော့ စံမမီ ဘူး။) ဆိုင်ရှင်အမကြီးရော ဝန်ထမ်းတွေပါ စကားပြောကောင်းတယ်။ ဧည့်သည်ကို မိသားစုလို ဆက်ဆံတယ်။ ကျွန်တော့် ကို မသိတဲ့အတွက် နောက်နောက်ပြောင်ပြောင်၊ ပွင့်ပွင့်လင်းလင်းပြောတယ်။

ကင်းမွန်းချောင်းရွာထဲမှာတော့ တည်းခိုခန်း အတော်များများ ပိတ်ထားတယ်။ အရင်ကတော့ ရန်ကုန်က ညထွက်၊ ကင်မွန်းစခန်းကို မနက် တစ်နာရီ၊ နှစ်နာရီရောက်၊ တည်းခိုခန်းတွေမှာ ခဏနား၊ ရေမိုးချိုးပြီးမှ တောင်ပေါ်တက်ဆိုတော့ တည်းခိုးခန်းတွေမှာ တည်းတဲ့သူများတယ်။ အခုတော့ ရန်ကုန်က မနက် လေးနာရီ၊ ငါးနာရီထွက်၊ ကင်မွန်းစခန်းရောက်တာနဲ့ တောင်ပေါ် ဆက်တက်ဆိုတော့ တည်းခိုခန်းတွေက ဧည့်သည် အတော်နည်းသွားတယ်တဲ့။ ကားလိုင်းတွေထဲ မှာလည်း နားထားတဲ့လိုင်းတွေရှိတယ်။ ဆွဲတဲ့ လိုင်း အများစုကလည်း ရန်ကုန်နဲ့ သွားပြန် တစ်နေ့ တစ်စီးပဲ ဆွဲတော့တယ်။ အရင်ကတော့ ရန်ကုန်နဲ့ အတက် အဆင်း ပျားပန်းခတ်ပေါ့။ ကဆုန်လပြည့်ကျော်လို့ တောင်ပိတ် ပြီ ဆိုရင် ခရီးသွားက ပိုနည်းသွားဖို့ပဲရှိတယ်။ တည်းခိုခန်း တွေတင်မဟုတ်ပါဘူး။ အမှတ်တရ ပစ္စည်းဆိုင်တွေ၊ စားသောက်ဆိုင်တွေ လည်း ပုံမှန် လည်ပတ်နိုင်ပုံမရသေးဘူး။ ပိတ်ထားတဲ့ ဆိုင်တွေမြင်ခဲ့ရတယ်။

ကျိုက်ထီးရိုးတောင်က သီတင်းကျွတ်လပြည့်မှာ ဖွင့်ပြီး ကဆုန်လပြည့်နေ့မှာပိတ်တယ်။ ရှစ်လ ဖွင့်၊ လေးလပိတ်ပေါ့။ ကျိုက်ထီးရိုးတောင်မှာ တောင်ဖွင့်ပွဲ၊ တောင်ပိတ်ပွဲကို အလေးအနက် ထားပြီး ဆောင်ရွက်တယ်။ တောင်ဖွင့်ပွဲ လုပ်တယ်ဆိုတာက ဘုရားဖူးတွေ လာတော့မှာ ဖြစ်တဲ့အတွက် တော စောင့်၊ တောင်စောင့် နတ်တွေက စောင့်ရှောက်ပေးဖို့၊ တောတောင်ထဲမှာ ရှိတဲ့ တောရိုင်း တိရိစ္ဆာန် တွေကလည်း ဘုရားဖူးတွေကို အန္တရာယ်မပေးဘဲ လွတ်ရာကျွတ်ရာမှာ သွားနေဖို့ ပန်ကြား တာဖြစ်ပါတယ်။ တောင်ပိတ်ပွဲကတော့ ဘုရားဖူးရာသီပြီးသွားပြီဖြစ်တဲ့ အကြောင်း ဆိုင်ရာ ပိုင်ရာ တွေကို အသိပေးတာ၊ တောရိုင်းတိရိစ္ဆာန်တွေကိုလည်း လွတ်လွတ်လပ်လပ်သွားနိုင်ပြီ လို့ အကြောင်းကြားတာပေါ့။

ရှေးယခင်က ခြေလျင်တက် ဘုရားဖူးကြတာ ဆိုတော့ တောင်ပိတ်ပြီ ဆိုရင် ဘုရားဖူးတွေ အတက်၊ အဆင်းမရှိတော့ဘူး။ အခုတော့ တောင်ပိတ်ပြီဆိုပေမယ့် ကားလိုင်းရှိနေတဲ့အတွက် ဘုရားဖူးလို့တော့ ရပါတယ်။ ဒါပေမယ့် ဘုရားဖူးနည်းသွားတော့ ဝန်ထမ်းလစာ၊ မီတာခ နဲ့ မကိုက်တော့တဲ့ အတွက် တောင်ပေါ်က ဆိုင်အတော်များများ ပိတ်ပြီး ပြန်ဆင်းလာကြတယ်။ ဟိုတယ်တစ်လုံးနှစ်လုံးနဲ့ ထမင်းဆိုင် နည်းနည်းပါးပါးတော့ ဖွင့်တယ်လို့ သိရတယ်။ ကင်းမွန်းစခန်းမှာလည်း ဒီလိုပါပဲ။

ကျိုက်ထီးရိုးဘုရားကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၂ ရက်နေ့ကစပိတ်ပြီး ၂၀၂၁ ခုနှစ် အောက်တို ဘာလမှ ပြန်ဖွင့်တာဆိုတော့ တစ်နှစ်ခွဲလောက် ပိတ်ထားခဲ့ ရတာပေါ့။ အခု ပြန်ဖွင့်တော့လည်း ဘုရားဖူးတွေပုံမှန်မလာနိုင်သေးဘူး။ ဒ့ါကြောင့် ဘယ်ဆိုင်ဖြစ်ဖြစ် စကားပြော လိုက်တာနဲ့ အခြေအနေမကောင်းဘူးဆိုတဲ့ စကားနဲ့ စပြောတာကြားခဲ့ရတယ်။ စကားပြောခဲ့ရသမ ျှ လူတွေက ကိုဗစ် ၁၉ နဲ့ပတ်သက်ရင် တော့ ကမ္ဘာနဲ့ အဝန်းခံရတဲ့အတွက် နားလည်နိုင်ပေမယ့် ရွေးကောက်ပွဲ အငြင်းပွားမှုကနေ စခဲ့ တဲ့ ပြဿနာကြောင့် အခက်အခဲမျိုးစုံ ကြုံတွေ့နေရတာ ကိုတော့ လက်မခံ နိုင်ဘူးဆိုတာ တွေ့ခဲ့ရတယ်။ လူစိမ်း ဧည့်သည်ဖြစ်တဲ့အတွက် စကားမမှား အောင် သတိထားပြော နေပေမယ့် တရားခံ ဘယ်သူ လည်းဆိုတာ သူတို့ဘဝပေးအသိနဲ့ ဆုံးဖြတ်ထားတယ်ဆိုတာကို ခံစားလို့ရပါတယ်။

ရွာထဲအသွား လမ်းထောင့်မှာ “ မဟာရက္ခိန္ဒေဝတောင်ပိုင်ဘိုးဘိုးကြီး နတ်နန်း” ကို တွေ့တော့ ဓာတ်ပုံရိုက်တယ်။ ဓာတ်ပုံရိုက်ပြီး ဆက်ထွက်လာတော့ နတ်နန်းဘေး “ ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့ ကင်မွန်းစခန်းရုံးခွဲ” ဆိုတဲ့နေရာက လူတစ်ယောက် လိုက်လာပြီး သူတို့ကို ဓာတ်ပုံရိုက်တာလားလို့ လာမေးတယ်။ “ ခင်ဗျားတို့ကို ဘာလို့ရိုက် ရမှာလဲ။ ဘိုးဘိုးကြီး နတ်နန်းကို ရိုက်တာ” လို့ ပြောမှ ပြန်လှည့်ထွက်သွားတယ်။ ဒီလူကို ကြည့်ပြီး လိပ်ပြာမလုံတဲ့အခါ ကိုယ့်အရိပ် ကိုယ်ပြန်လန့်တယ်ဆိုတဲ့စကားသတိရမိတယ်။

ထမင်းဆိုင်ပြန်ရောက်တော့ မီးပျက်နေတယ်။ ညဘက်မီးပျက်လို့ ပြူတင်းပေါက်ဖွင့်အိပ်ရင်လည်း ခြင်ကိုက်မယ့်ပုံ။ အခန်းအနေအထားက ခြင်ထောင် ထောင်လို့လည်း မရဘူး။ ဒါ့ကြောင့် ဆိုင်ရှင်အမကြီးကို “ အခန်းတွေကို ခြင်လုံဆန်ခါ တပ်ထားရင်ကောင်းမယ်” လို့ပြောတော့“ အော် ဒါတွေ ဆောက် တဲ့ အချိန်က အခြေအနေကောင်းတာကိုး။ အခုလောက် မီးပျက်မယ် လို့မှ မထင်တာ” လို့ ပြန်ပြောတယ်။ ဈေးတန်းထဲမှာ ကြားခဲ့တဲ့ “အခြေအနေ” ဆိုတဲ့ စကားပဲ ပြန်ကြားရပြန်တယ်။ တကယ်တော့ “ အခြေအနေကောင်း၊ မကောင်း” ဆိုတဲ့ စကားဟာ လူထုရဲ့ ပေတံတစ်ချောင်းပဲ။

ဘယ်နိုင်ငံရေးစနစ်ကိုပဲကျင့်သုံး၊ ကျင့်သုံး။ “နေထိုင်ရလုံခြုံတယ်၊ လုပ်ကိုင် စားသောက်ရတာ အခြေအနေကောင်းတယ်” တယ်ဆိုတဲ့ ပြည်သူတွေရဲ့မှတ်ချက်က အစိုးရတစ်ရပ်အတွက် အကောင်းဆုံး လက်ဆောင်ပဲ။ ဒါပေမယ့် အဲဒီလက်ဆောင် က ကိုယ့်ဘာသာကိုယ် ပြန်ပေး လို့မရဘူး။ ပြည်သူဆီကလည်း လွယ်လွယ်နဲ့မရနိုင်ဘူး။

2 thoughts on “ျိုက်ထီးရိုး ခြေလျင်ခရီး (၁)

Leave a Reply to Sam Cancel reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: