ကိုဇော်ဌေး နဲ့ ကျွန်တော်

ဒီနေ့ မနက် ၁၀ နာရီခွဲမှာ မိတ်ဆွေတစ်ယောက် က ဖုန်းဆက်ပြီး ကိုဇော်ဌေး ရုတ်တရက် ကွယ်လွန်သွားပြီလို့ ပြော တော့ မယုံနိုင်ဘူး။ နောက်တစ်ယောက်က ထပ်ပြောတော့မှ အမှန်တရားကို စိတ်မကောင်းခြင်း များစွာနဲ့လက်ခံလိုက်ရတယ်။

ကိုဇော်ဌေးနဲ့ စပြီးလက်တွဲလုပ်ခဲ့တာ ကျွန်တော့်ကို သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ အဖြစ် တာဝန်ပေးအပ်ခဲ့တဲ့ ၂၀၁၃ ဖေဖော်ဝါရီလနောက်ပိုင်းကနေ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက် နေ့အထိ ဖြစ်ပါတယ်။

တကယ်တော့ ကိုဇော်ဌေးက ကျွန်တော့်ထက် သတင်းထုတ်ပြန်ရေးဝါ ပိုကြီးတယ်လို့တောင် ပြောလို့ရပါတယ်။ ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူတော့ ကိုဇော်ဌေးပဲ သမ္မတရုံးနဲ့ အစိုးရ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့၊ အစိုးရသစ် မူဝါဒ နဲ့ပတ်သက်တဲ့စာတွေရေးခဲ့တာပါ။ သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ရေး ကိစ္စတွေနဲ့ပတ်သက်ရင် လည်း ကိုဇော်ဌေးကပဲ ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်သွယ်ပြောဆိုခဲ့တာပါ။

ကျွန်တော် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်လာတော့လည်း ကိုဇော်ဌေးက သတင်းထုတ်ပြန် ရေး အဖွဲ့ ၊ အဖွဲ့ဝင်အဖြစ်နဲ့ ဆက်ပါဝင်ခဲ့ပါတယ်။ ကိုဇော်ဌေးက သမ္မတ ဦးသိန်းစိန် အနားမှာ အမြဲ ရှိနေတဲ့သူဆိုတော့ သတင်းထုတ်ပြန်ရေးနဲ့ပတ်သက်ပြီး သမ္မတ ရုံးဘက်က အခြေအနေတွေကို အရင်ဆုံးသိပြီး ကျွန်တော်နဲ့ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရပါတယ်။ ဒီလိုပါပဲ၊ ကျွန်တော်က မီဒီယာသမားတွေနဲ့အဆက်အသွယ်ရှိသလို သူ့မှာလည်း သူ့အဆက်အသွယ်တွေရှိတဲ့ အတွက် သတင်းမီဒီယာလောက အခြေအနေနဲ့ပတ်သက်ရင် နှစ်ယောက် အပြန်အလှန်သတင်းဖလှယ် ပြီး အလုပ်လုပ်ခဲ့ရတာပါ။ နောက်ပြီး စာဖတ်ဝါသနာပါသူ၊ လေ့လာမှတ်သားမိသမ ျှကို စာရေးသားမ ျှဝေချင်သူ တွေဆိုတော့ ကျွန်တော်တို့ နှစ်ယောက် ဆက်ဆံရေးက အထက်အောက် ဆက်ဆံ ရေးထက် တန်းတူမိတ်ဖက်ဆက်ဆံရေးပိုဆန်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲပြီးတော့ အစိုးရအဖွဲ့တာဝန်လွှဲပြောင်းရေးဆောင်ရွက်တဲ့အခါကျတော့ ဒီဘက်က ဝန်ကြီး ဦးလှထွန်းက ဥက္ကဌ၊ ကျွန်တော် ၊ ကိုဇော်ဌေး နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဌာနက ကိုမောင် မောင်အုန်း တို့ပါတဲ့ အဖွဲ့ နဲ့ အင်န်အယ်လ်ဒီဘက်က ဦးဝင်းထိန် ဥက္ကဋ္ဌ၊၊ ဒေါက်တာ မျိုးအောင်၊ ဒေါက်တာအောင်သူ တို့ပါတဲ့ အဖွဲ့ဆွေးနွေးရတယ်။ ဆွေးနွေးပွဲ တစ်ကြိမ် နဲ့ တစ်ကြိမ်ကြားမှာ ကိုဇော်ဌေးက ဆက်ဆံရေးအရာရှိအဖြစ်နဲ့ အင်န်အယ်လ်ဒီဘက်က လိုအပ် ချက်တွေကို ဆက်သွယ်မေးမြန်းစီစဉ်ဆောင်ရွက်ပေးတယ်။ အဲဒီအချိန်မှာ ကိုဇော်ဌေးရဲ့ အရည် အချင်း၊ လုပ်ငန်းကျွမ်းကျင်မှု နဲ့ ဆက်ဆံရေးကောင်းမွန်မှုတို့ကို အင်န်အယ်လ်ဒီ ဘက်က သတိပြုမိခဲ့ပုံရပါတယ်။

အင်န်အယ်လ်ဒီအစိုးရ လက်ထက်မှာ ကိုဇော်ဌေးဟာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ အဖြစ်တာဝန် ယူရသလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ရတယ်။ ကိုဇော်ဌေးက စာဖတ်အားလည်းကောင်းတယ်၊ လေ့လာမှုလည်းရှိတယ်၊ အစိုးရ နှစ်ဖွဲ့မှာ ဆက် တိုက် တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွက် ကိစ္စအတော်များများရဲ့ နောက်ကြောင်းရာဇဝင်ကိုလည်း သိတယ်၊ တာဝန်ကိုသိ ၊ တာဝန်ကျေအောင်ဆောင်ရွက်တတ်သူဖြစ်တဲ့အတွက်လည်း ဒေါ်အောင် ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့က ယုံယုံကြည်ကြည်တာဝန်ပေးခဲ့တာဖြစ်မှာပါ။

ဒါပေမယ့် ပြောရေးဆိုခွင့်ရှိသူ ဖြစ်တဲ့အတွက် အစိုးရရဲ့ မူဝါဒတွေကို အများလက်ခံအောင် ပြောရသလို အစိုးရ မူဝါဒတွေကိုလည်း ကာကွယ်ပြောဆိုရတယ်။ အဲဒီအခါမှာ ကိုဇော်ဌေး က အငြိမ်းစားတပ်မတော်အရာရှိလည်းဖြစ်၊ သမ္မတ ဦးသိန်းစိန်အစိုးရမှာလည်း တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်တဲ့အတွက် အင်န်အယ်လ်ဒီအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အဖြစ် တာဝန်ယူတဲ့အခါ သူ့အပေါ် အမြင်မကြည်လင်သူတွေ လည်း ရှိပါတယ်။

ကျွန်တော်ကတော့အဲဒီလို လူတွေနဲ့ စကားပြောခွင့်ရတိုင်း ကိုဇော်ဌေးက နိုင်ငံ့ဝန်ထမ်းဖြစ် တယ်။ ဒါ့ကြောင့် ဘယ်အစိုးရတက်တက် အစိုးရသစ်က တာဝန်ပေးတာကို ကျေပွန်အောင်ထမ်းဆောင် ရမှာပဲလို့ရှင်းပြခဲ့တယ်။ တကယ်တော့ ကိုဇော်ဌေးတင်မဟုတ်ပါဘူး။ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရ အဖွဲ့ နဲ့ သမ္မတ အိမ်တော်ဌာန အသီးသီးမှာရှိတဲ့ ညွှန်ချုပ်၊ ဒုညွှန်ချုပ် အများစုက အင်န်အယ်လ်ဒီ အစိုးရ လက်ထက်မှာလည်း နိုင်ငံ့ဝန်ထမ်းအဖြစ်နဲ့ပေးအပ်တဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ ကြ တာပါပဲ။

ကိုဇော်ဌေးကလည်း အဲဒီလို ပြောဆိုခံရမှုတွေအပေါ် စိတ်မကောင်းဖြစ်ပုံရပါတယ်။ ကျွန်တော့်ကို “လူတွေက နိုင်ငံ့ဝန်ထမ်း သဘောသဘာ၀ ကိုနားမလည်ဘူးလို့” ပြောဖူးတယ်။ ကျွန်တော်က တော့ “ ကိုယ်လုပ်စရာရှိတာသာ လုပ်ပါ။ အစိုးရ မူဝါဒနဲ့ ပါတီမူဝါဒကို ခွဲခြားသိပြီး ပါတီမူဝါဒကို မပြောမိအောင် သတိထားပေါ့” လို့ပဲ အကြံပေးခဲ့တယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ပြည်တွင်း၊ ပြည်ပ က မိတ်ဆွေတစ်ချို့က သမ္မတ ဦးသိန်းစိန်ခေတ် မြန်မာ့နိုင်ငံရေး ( ၂၀၁၀ – ၂၀၁၆) အကြောင်းစာအုပ်ရေးသလို အင်န်အယ်လ်ဒီအစိုးရခေတ် မြန်မာ့နိုင်ငံရေး ( ၂၀၁၆ – ၂၀၂၁) အကြောင်းရေးပါလားလို့ အကြံပေးတဲ့အခါတိုင်း အဲဒီခေတ် နိုင်ငံရေးအခြေအနေအကြောင်းကို အသိဆုံးက ဦးဇော်ဌေးပဲ၊ ဦးဇော်ဌေး တစ်နေ့ ရေးပါလိမ့် မယ်လို့ အမြဲဖြေခဲ့တယ်။ သူနဲ့ တွေ့ခွင့်ရရင်လည်း ရေးဖို့ တိုက်တွန်းမယ်လို့ ဆုံးဖြတ်ထား တယ်။ အခုတော့ သမိုင်းကွက်လပ်တစ်ခု ဖြည့်စွက်ပေးနိုင်မယ့် ပုဂ္ဂိုလ်တစ်ယောက်ကို ဆုံးရှုံးလိုက် ရပြီပေါ့။

အထက်က ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တာကိုတော့ လူအတော်များများ လုပ်နိုင် ပါတယ်။ ဒါပေမယ့် ကိုယ့်တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တဲ့အခါ ထိတွေ့ဆက်ဆံ ရသူ တွေ ကလည်း ကျေနပ်လက်ခံ၊ မိမိရည်မှန်းချက် တာဝန်ကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင် ဖို့ ဆိုတာကတော့ မလွယ်ဘူး။ ကိုဇော်ဌေးကတော့ အဲဒီလို မလွယ်ကူတဲ့ အလုပ်ကို အောင်အောင် မြင်မြင် လုပ်ဆောင်သွားနိုင်ခဲ့သူ ဖြစ်ပါတယ်။

One thought on “ကိုဇော်ဌေး နဲ့ ကျွန်တော်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: