တစ်ခါတစ်လေအတိတ်မှာပဲနေတာကောင်းတယ်

မနေ့က ရေးခဲ့တဲ့ ချင်းတွင်းခရီးစဉ် ၂၀၁၁ မှာ ချင်းတွင်းမြစ် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးနေတဲ့ အကြောင်း တိုက်ရိုက်မရေးနိုင်လို့ သွယ်ဝိုက်ပြီး ဆောင်းပါးတစ်ပုဒ် ရေးခဲ့တဲ့ အကြောင်း ပြောခဲ့ပါ တယ်။

အခု အဲဒီဆောင်းပါးကို မဖတ်ရသေးသူများ ဖတ်နိုင်ဖို့ အတွက်မ ျှဝေလိုက်ပါတယ်။ ဆောင်းပါး ကို ၂၀၁၁ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ တင်ခဲ့တာဖြစ်ပါတယ်။


တစ်ခါတစ်လေအတိတ်မှာပဲနေတာကောင်းတယ်

ကျွန်တော့်ဖခင်က ၁၉၆၇ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ ချင်းတွင်းမြစ်ဖျားက ခန္တီးမြို့မှာ တာဝန် ကျပါတယ်။ တပ်ရင်းမှူး ဖြစ် တဲ့အတွက်ခရိုင်လုံခြုံရေးနဲ့အုပ်ချုပ်မှု ကော်မတီဥက္ကဌ တာဝန်ယူရတယ်။ အဲဒီတုံးက နာဂတောင်တန်းမှာရော၊ ချင်းတွင်းမြစ် တစ်လျှောက်မှာရော လူနေနည်းပါးပါသေးတယ်။ ကျွန်တော်ဖခင်တာဝန်ယူရတဲ့နယ်မြေကချင်းတွင်းမြစ်အတိုင်းဆိုရင်ဟုမ္မလင်းအောက်ဖက် သောင်သွတ် ကနေ ချင်းတွင်းမြစ်ဖျား ဘီလူးမုန်းရွာအကျော်၊ ကချင် ပြည်နယ်နယ်စပ်အထိ ပါပါတယ်။

အဖေက တစ်နှစ်ကို နှစ်ခေါက်လောက် သဘောၤငယ်လေး နှစ်စီးနဲ့ ချင်းတွင်းမြစ်တစ်လျှောက် ရွာတွေ၊မြို့တွေကိုလိုက်စစ်ပါတယ်။အဲဒီအခါကျရင်ကျွန်တော်တို့မိသားစုကသဘောၤငယ်လေး တစ်စီး၊ လုံခြုံရေးအဖွဲ့တွေက တစ်စီးနဲ့ သွားကြပါတယ်။ ခရီးစဉ်တိတိကျကျမထားဘဲ လမ်းကရွာတွေကို တက်ကြည့်၊ ဆေးကု၊ အုပ်ချုပ်ရေး ကိစ္စတွေလုပ်ပေး၊ ညနေကျရင် အဆင်ပြေတဲ့ သောင်ပြင်တစ်ခုမှာ ရပ်။ ချက်ပြုတ်စားပြီး ညအိပ်ပါတယ်။ အဲဒီအတွေ့အကြုံတွေက ကျွန်တော်တို့ မိသားစု အတွက် ဘယ်တော့မှ မမေ့နိုင်တဲ့အတွေ့အကြုံတွေဖြစ်ပြီး ကျွန်တော့်ကို မြစ်ချောင်းတွေ၊ တောတောင်တွေ၊ ကျေးငှက်တိရိစ္ဆာန်တွေ၊ကျေးလက်ပြည်သူတွေကိုချစ်တတ်၊တန်ဖိုးထားတတ်အောင် သင်ပေးခဲ့ တယ်။

ကျွန်တော်အဖေကတော့အသက်၈၀အရွယ်ရောက်မှ ချင်းတွင်းမြစ်တစ်လျှောက်ခရီးသွားခဲ့တဲ့ အတွေ့ အကြုံတွေ၊ နာဂတောင်တန်းကအတွေ့အကြုံတွေကို ချင်းတွင်းမြစ်ဖျားပုံပြင်များ ဆိုပြီးပိတောက် ပွင့်သစ်မှာ ပြန်ရေးနေတယ်။ကျွန်တော်ကတော့ အဲဒီအချိန်က လေးတန်း၊ အဖေ့လို တိတိကျကျ မမှတ်မိပါဘူး။ ဒါပေမယ့် ချင်းတွင်းမြစ်ရေအရမ်းကြည်တာကို သိတယ်။ ကမ်းနား သောင်ပြင်တွေ ပေါ်မှာ မုံရွာ ၊ ဆားလင်းကြီး ဘက်ကတက်လာပြီး တံငါလုပ်၊ ဝါးခုတ်၊ သင်ဖျာ ယက်နေတဲ့ တဲလေးတွေ ရှိတာ၊ အဲဒီတဲတွေမှာအမေက ငါးခြောက်တွေ၊ ဖျာတွေဝယ်တာမှတ်မိ တယ်။

ကမ်းနားကရွာတွေက တဲအိမ်တွေပဲ၊ ဒါပေမယ့် လူတွေက ရိုးသား ဖော်ရွေတာ၊ ခင်ဖို့ ကောင်း တာ ကိုသိတယ်။ သဘောၤသွားနေတဲ့အခါ မနက်စောစောနဲ့ ညနေစောင်းမှာ ကမ်းဘေးမှာ မျောက်အုပ် တွေတွေ့ရတယ်။ တစ်ချို့မျောက်တွေက မျောက်တံငါတွေငါးဖမ်းတတ်တယ်လို့ အဖေက ရှင်းပြဖူးတာ သတိရသေးတယ်။ ညအိပ်တဲ့ သောင် ပြင်တွေက ဖြူဖွေးသန့်ရှင်းပြီး အဲဒီအပေါ်မှာ ကျွန်တော်တို့ မောင်နှမတွေ ဆော့ခဲ့ ဖူးတာမှတ်မိတုံးပဲ။မြစ်ဘေးက တောအုပ်ကြီးကမဲညို့နေတော့ ညဘက်ဆိုရင် ကျားများထွက်လာမလားဆိုပြီး ကြောက်ခဲ့ဖူး တယ်။

ခန္တီီးက ပြောင်းလာပြီးတဲ့ နောက် ချင်းတွင်းကတခါမှပြန်မရောက်တော့ပေမယ့် ချင်းတွင်းမြစ် အတိုင်း ခရီးသွားခဲ့တဲ့ အတွေ့အကြုံကတော့ သတိရတိုင်းပြောဖြစ်ကြတယ်။ ပြောတိုင်းလည်း ကြည်နူးရတယ်။ အခုတော့ကျွန်တော့်ဌာနတာဝန်နဲ့ နယ်တွေကိုခရီးသွားခွင့်ကြုံလာတဲ့အခါ ချင်းတွင်းမြစ်ရိုး တလျှောက် က ကျေးရွာ စာကြည့်တိုက်တွေနဲ့ မြို့နယ်ရုံးတွေကို စစ်ဆေးဖို့ စီစဉ်ခဲ့တယ်။ သွားမယ်လုပ်လိုက် အကြောင်းကြောင်းကြောင့် ပျက်သွားလိုက်နဲ့ နောက်ဆုံး ဒီဇင်ဘာ ၁၈ ရက်နေ့ကနေ ဒီဇင်ဘာ ၂၄ ရက်နေ့အထိ သွားခွင့်ရခဲ့ပါတယ်။

ခန္တီးကို လေယာဉ်နဲ့သွားပြီး ခန္တီီးကနေ ပဲ့ထောင်စက်လှေငှားပြီးကျွန်တော်နဲ့ ရုံးအဖွဲ့သား သုံးယောက် စုန်ဆင်းခဲ့ကြတယ်။ သာမန် ခရီးသည်တင်စက်လှေတွေနဲ့သွားရင် ကမ်းဘေး ကရွာတွေကို စိတ်ကြိုက် ဝင်ပြီးလည်ပတ်ခွင့်မရမှာစိုးတဲ့အတွက်ပဲ့ထောင် စက်လှေကိုပဲ တစ်မြို့ကတစ်မြို့ တစ်ဆင့်ပြီး တစ်ဆင့် ငှားစီးခဲ့တယ်။ အဖေ့ဆီက ငယ်ငယ်တုန်းက ကျွန်တော်တို့ ရောက်ခဲ့ဖူးတဲ့ ရွာတွေကိုမေးပြီး အဲဒီရွာ တွေကိုဝင်ပြီး စာကြည့်တိုက်တွေစစ်ဆေး၊ လိုတာတွေလုပ်ပေးခဲ့တယ်။ အဲဒီလို စုံဆင်းလိုက်တာ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ မုံရွာကို ပြန်ရောက်ပါတယ်။ ပြန်တွက်ကြည့်လိုက်တော့ ချင်းတွင်းမြစ် အတိုင်း မိုင်ပေါင်း နှစ်ရာ ကျော်စက်လှေနဲ့စုံဆင်းနိုင်ခဲ့ပါတယ်။

ကျွန်တော်အင်မတန်သွားချင်တဲ့ ချင်းတွင်းခရီးကို သွားလိုက်ရတော့ ငယ်ငယ်တုံးက ဖတ်ဖူးတဲ့ဝတ္ထု တစ်ပုဒ်ကိုသတိရမိပါတယ်။ ရေးတဲ့သူလည်းမမှတ်မိ၊ နံမည်လည်း မမှတ်မိတော့ပေမယ့် ဇာတ်ကြောင်း ကတော့ သတိရနေတုံးပါ။ ဝတ္ထုက အမျိူးသမီးတစ်ယောက်ရဲ့ အဖြစ်အပျက်ကို ရေးဖွဲ့ထားတာ။ အဲဒီ အမျိုးသမီးက ဆယ်ကျော်သက်ရွယ်မှာ အချစ်ဦးနဲ့ တွေ့ တယ်။ အချစ်ဦးက သူ့ထက် အသက်ကြီး တယ်၊ ထောင်ထောင်မောင်းမောင်း ယောက်ျား ပီသတဲ့သူ၊ကြင်နာတတ်တယ်၊ ဒါပေမယ့်ဖူးစာ မဆုံခဲ့ ဘူး။ သို့သော်သူငယ်ငယ်က အချစ်ဦး ကိုသူစိတ်ထဲကဖျောက်လို့မရခဲ့ဖူး။ အိမ်ထောင်ကျတာတောင် တစ်ခါတစ်လေ သတိရတုန်းပဲ၊ သူ့အိမ်ထောင်ဖက်ကိုချစ်ပေမယ့် သစ္စာရှိပေမယ့် ငယ်ငယ်ကအချစ်ဦး ကို သူမမေ့ဘူး။

တစ်နေ့တော့ သူ့ငယ်ချစ်က သူရှိနေတဲ့မြို့ကို ရောက်လာတယ်။ ဒီတော့ အကြောင်းရှာပြီး သွားတွေ့တယ်။ ဒါပေမယ့် သူပြန်တွေ့တဲ့ သူ့ငယ်ချစ်က သူ့စိတ်ကူးထဲမှာ အမြဲရှိနေခဲ့တဲ့ ငယ်ချစ်ဦးမဟုတ်တော့ဘူး။ ဗိုက်ရွဲရွဲထိပ်ပြောင်ပြောင်၊ အရက်မူးပြီး ဇနီးကို အနိုင်ကျင့်တတ်တဲ့ လူဖြစ်နေပြီ။ အဲဒီတော့မှပဲ သူ့အိမ်မက်ထဲက တစ်သက်လုံးကိုးကွယ်ခဲ့တဲ့ ငယ်ချစ်ဦးပျောက် သွားတော့တယ်။ အိမ်အပြန်လမ်းကျတော့ အဲဒီအမျိုးသမီးက ငါ သူ့ကို သွားမတွေ့မိရင်ကောင်း သား လို့ စဉ်းစားမိသတဲ့။ ဒီလိုသာသွားမတွေ့ဖြစ်ခဲ့ရင် သူ့ငယ်ချစ်ဦးဟာ သူ့အတိတ်အိမ်မက်ထဲ က သူရဲကောင်းအဖြစ် တစ်သက်လုံးဆက်ပြီးရှိနေမှာကိုး။ အခုတော့ အားလုံးပျက်ပြယ်ခဲ့ပြီပေါ့။

ကျွန်တော့်အဖေကတော့ ပုဂံကို အလည်သွားဖို့ခေါ်လို့မရဘူး။ ၁၉၇၀ ပြည့်လွန်နှစ်တွေ ကုန်ခါနီးက သူရောက်ခဲ့တဲ့ ပုဂံ ကို မေ့သွားမှာစိုးလို့ဆိုပြီးပြောတယ်။ အရင်ကတော့ အဖေ့ကို နားမလည်ခဲ့ဘူး။

ချင်းတွင်းခရီးစဉ်က ပြန်လာတော့ အဖေဘာ့ကြောင့်ပုဂံကို ပြန်သွားဖို့မကြိုးစားခဲ့ဖူးဆိုတာ နားလည် ခဲ့ပါပြီ။တစ်ခါတစ်လေမှာတော့အတိတ်ကအကောင်းဆုံးအရာလေးတွေကိုပဲမှတ်သားထားတာ ကောင်း ပါတယ်။

One thought on “တစ်ခါတစ်လေအတိတ်မှာပဲနေတာကောင်းတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: