အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ဟာ မေလ တတိယပတ်ထဲမှာ တောင်ကိုရီးယား နဲ့ ဂျပန်နှစ်နိုင်ငံကို ငါးရက်ကြာ သွားရောက်ခဲ့တယ်။ အဲဒီခရီးစဉ်မှာ ဘိုင်ဒန်က သူ့အနေနဲ့ တရုတ်နဲ့ မြောက်ကိုရီး ယားနိုင်ငံတွေ အပေါ် ထားရှိတဲ့ သဘောထားကို ထင်ထင်ရှားရှားထုတ်ဖော်ပြသခဲ့တယ်။
ဘိုင်ဒန်ရဲ့ တောင်ကိုရီးယားခရီးစဉ် အတွင်းထုတ်ပြန်ခဲ့တဲ့ အမေရိကန် – တောင်ကိုရီးယား ပူးတွဲ ကြေညာချက်မှာ အမေရိကန် က တောင်ကိုရီးယားနိုင်ငံကာကွယ်ရေးအတွက် အနုမြူလက် နက်နဲ့ ဒုံးပျံကာကွယ်ရေးစနစ် အပါအဝင် အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေး စွမ်းပကားအားလုံးကို အသုံးပြုမယ် လို့ ဖော်ပြခဲ့တယ် ။ ဒါ့အပြင် နှစ်နိုင်ငံ စစ်ရေးလေ့ကျင့် မှု တွေကို တိုးချဲ့နိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖွေဖို့ သဘောတူခဲ့ကြတယ်။
တောင်ကိုရီးယားနိုင်ငံကာကွယ်ရေးအတွက် အနုမြူလက်နက်ကို အသုံးပြုဖို့ အသင့်ရှိတယ် ဆိုတဲ့ ထုတ်ပြန်ချက်က အတော်ဂယက်ရိုက်သွားခဲ့တယ်။ အမေရိကန်သမ္မတ အဆက်ဆက်မှာ ဒီသဘောထားကို လူသိ ရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တာမရှိခဲ့တဲ့အတွက် အခုပြောကြားချက်က မြောက်ကိုရီးယားနိုင်ငံကို စိန်ခေါ်လိုက် တဲ့ သဘောဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကလည်း ဘိုင်ဒန်ရဲ့ အရှေ့ အာရှခရီးစဉ် အပြီးမှာပဲ တိုက်ချင်းပစ်ဒုံးပျံ တစ်စင်း အပါအဝင် ဒုံးပျံ သုံးစင်း စမ်းသပ်ပစ်လွှတ်ပြီး တုန့်ပြန်ခဲ့တယ်။
အတိတ်ကာလမှာ မြောက်ကိုရီးယားနိုင်ငံက သူ့ရဲ့ အနုမြူစီမံကိန်းနဲ့ တိုက်ချင်းပစ်ဒုံးပံျ စီမံကိန်း တွေကို အမေရိကန်နဲ့ ဆွေးနွေးတဲ့နေရာမှာ နိုင်ဖဲ အဖြစ်ကိုင်ထားပြီး အမေရိကန်နိုင်ငံက မြောက်ကို ရီးယားနိုင်ငံကို မတိုက်ခိုက်ဘူး၊ အစိုးရ ပြုတ်ကျအောင် မလုပ်ဘူးဆိုတဲ့ အာမခံချက်ကို ရနိုင်အောင် ကြိုးစားနေခဲ့တာပါ။
အခုတော့ ဘိုင်ဒန်က မြောက်ကိုရီးယားရဲ့ အနုမြူလက်နက်ကို အမေရိကန်ရဲ့ အနုမြူလက်နက်နဲ့ တုန့်ပြန်ဖို့ အသင့် ရှိကြောင်း ပြောလာတဲ့အတွက် နှစ်နိုင်ငံ ကြား ကစားပွဲပုံစံ ပြောင်းသွား မယ့်အခြေအနေရှိပါတယ်။
ဘိုင်ဒန်ခရီးစဉ်က မြောက်ကိုရီးယားနိုင်ငံအရေးကို ကိုင်တွယ်ရာမှာ အမေရိကန်တွေ ရင်ဆိုင် နေရတဲ့ စိန်ခေါ်မှုကို ထင်ဟပ်နေတယ်။ စစ်အေးခေတ်လွန်ကာလမှာ ကလင်တန်၊ အိုဘားမား တို့က ချော့တစ်ခါ ခြောက် တစ် လှည့် မူဝါဒနဲ့ ချဉ်းကပ်ခဲ့တယ်။ ဘုရ်ှ (အငယ်)ကတော့ တင်းတင်းမာမာ ကိုင်တွယ်ခဲ့ တယ်။ ထရမ့် ကတော့ ပုဂ္ဂိုလ်ရေး အခြေခံနဲ့ ချဉ်းကပ်ကြည့်ခဲ့တယ်။ အခု ဘိုင်ဒန်ကတော့ တုတ်ကြီးကြီး ကိုင် ပြီး ချဉ်းကပ်မယ့် သဘော ထုတ်ပြောခဲ့တယ်။ မြောက်ကိုရီးယားအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့အမှုအသစ်တွေတွေ ချမှတ်မယ့် အလားအလာလည်းရှိတယ်။
မြောက်ကိုရီးယားနိုင်ငံကတော့ စီးပွားရေးပိတ်ဆို့မှုတွေကို ထည့်တွက်ပုံမရဘူး။ ၁၉ ၉ ၄ ခုနှစ်မှာ မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ပြီး အခု ကင်မ်ဂျုံအန်ရဲ့အဖိုး၊ ကင်မ်အီဆွန်းနဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန်သမ္မဟောင်း ကာတာ ကတော့ သူရဲ့ “ Beyond the White House” အငြိမ်းစား ဘ၀ အတွေ့အကြုံစာအုပ်မှာ မြောက်ကိုရီးယားခေါင်းဆောင်တွေက စီးပွားရေးအရ ဒဏ်ခတ်အရေးယူ မှုတွေကို လုံးဝဂရုမစိုက်ဘူး၊ အဲဒီနည်းလမ်းက မြောက်ကိုရီးယားကို ဖိအားပေးရာမှာ အလုပ် မဖြစ်ဘူးလို့ ရေးခဲ့တယ်။
တကယ်တော့ ကင်မ်ဂျုံအန်လို အာဏာရှင်မျိုးတွေဟာ စီးပွားရေးပိတ်ဆို့မှုကြောင့် သာမန် ပြည်သူတွေ ဘယ်လောက်ဒုက္ခရောက်တယ်ဆိုတာ ထည့်စဉ်းစားလေ့မရှိဘူး။ အောက်ခြေလူထု ဘယ်လောက်ဒုက္ခရောက်ရောက် ထိပ်ပိုင်းအသိုင်းအဝန်းကို အခွင့်ထူးခံ လူတန်းစားအနေနဲ့ နေ နိုင်အောင် ဖန်တီးထားတယ်။ မြောက် ကိုရီးယားလို စီးပွားရေးပိတ်ဆို့မှုခံရလို့ အစစအရာရာ ခေတ်နောက်ကျ ရှားပါးနေတဲ့ နိုင်ငံ မှာတောင် ကင်မ်မိသားစုဟာ အနောက်နိုင်ငံထုတ်ပစ္စည်းတွေ၊ အစားအသောက်တွေ၊ နန်းတော် ကြီးတွေနဲ့ ဇိမ်ခံ နေ ကြတာပဲ။
ဒ့ါကြောင့်လည်း အမေရိကန်နိုင်ငံထုတ် နိုင်ငံခြားရေးရာမူဝါဒဂျာနယ်ဆောင်းပါးရှင် အန်ဒရေလန်း ကော့ဗ်က ကင်မ်ဂျုံ အန် ရဲ့ အဓိက ရည်မှန်းချက်က ကင်မ် မိသားစုရဲ့ မျိုးရိုးစဉ်ဆက်ခေါင်းဆောင် မှု ကို ဆက်ပြီး ထိန်းသိမ်းဖို့ပဲ။ ကင်မ်မိသားစုဟာ သူတို့ရှင်သန်ရေးအတွက် ဘာလုပ်ရမယ်ဆို တာ ကောင်း ကောင်းသိတယ်၊ အကြောက် တရားရယ်၊ အခွင့်အရေးရယ်ကို သုံးပြီး အာဏာနိုင်ငံရေးကို လက်တွေ့ ကျကျ လုပ်တတ်သူတွေ ဖြစ်တယ်လို့ ပြောခဲ့တယ်။ သူထောက်ပြတဲ့ အချက်က အတော်မှန်တယ်ဆိုတာ အတိတ်က ဖြစ်ရပ်တွေကို ကြည့်ရင် သိနိုင်တယ်။
ဥပမာအားဖြင့် အနုမြူလက်နက်ပိုင်ဆိုင်မှ သူတို့အစိုးရ ဆက်ပြီး ရှင်သန်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် မဖြစ်မနေ အကောင်အထည် ဖော်ခဲ့တယ်။ နည်းဗျူဟာအရ အချိန် ဆွဲ နိုင် ဖို့ အပေးအယူလုပ်တာမျိုး ရှိပေမယ့် ဘယ်လို ဖိအားပေးမှု ကြောင့်မှ နောက်မဆုတ်ဘူး။ ဒါ့ကြောင့်လည်း ကင်မ်မျိုးဆက်သုံးခု ရောက်ချိန်မှာ အမေရိကန်နိုင်ငံအထိ ပစ်ခတ် နိုင်တဲ့ အနုမြူထိပ်ဖူးတတ် တိုက်ချင်း ပစ် ဒုံးပျံ ပိုင်ဆိုင် ထားပြီလို့ ယူဆ ရတဲ့အခြေအနေကို ရောက်နေပြီ။
နောက်တစ်ခါ ကင်မ်မိသားစုဟာ တရုတ်နိုင်ငံက အရှေ့ဥရောပမှာဖြစ်သလို မြောက်ကိုရီး ယား နိုင်ငံပြိုလဲသွားပြီး တရုတ်နယ်စပ်မှာ အမေရိကန်သြဇာခံနိုင်ငံတစ်ခု၊ အမေရိကန်တပ်ဖွဲ့တွေ အခြေပြုနိုင်မယ့် နိုင်ငံတစ်ခု ပေါ်ပေါက်လာမှာကို မလိုလားဘူးဆိုတဲ့ အချက်ကို ကောင်း ကောင်း သိပြီး သူတို့ အာဏာတည်မြဲရေးအတွက် အသုံးချနေတယ်။ အခု လို အမေရိကန် – တရုတ် ဆက်ဆံရေးတင်းမာလာတဲ့အခြေအနေက ကင်မ်မိသားစုအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ် နေပြန်တယ်။
ဒီလိုပဲ အာဏာရပါတီနဲ့ စစ်တပ်ခေါင်းဆောင်တွေကိုလည်း ကင်မ်အစိုးရသာ ပြုတ်ကျသွားရင် မင်းတို့လည်း အကုန်ဒုက္ခရောက်မှာဆိုတဲ့ စိုးရိမ်စိတ်ကို ရိုက်သွင်းထားတဲ့ အတွက် ထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ ကင်မ်ဂျုံအန် ကို မချစ်ပေမယ့် အောင့်ကာနမ်းနေရတဲ့ သူ တွေလည်း ရှိတယ်။
ဒါ့ကြောင့် ဆောင်းပါးရှင် လန်းကော့ဗ်က အမေရိကန် အစိုးရနဲ့ လွှတ်တော်အသိုင်းအဝန်းက ကင်ဂျုံအန်ကို အူ ကြောင်ကြောင် အာဏာရှင်လို့ သုံးသပ်နေတာကို လက်မခံ ဘူး။ သူက အမေရိကန် အနေနဲ့ မြောက်ကိုရီးယားအနုမြူပြဿနာ ကို ဖြေရှင်းချင်တယ်ဆိုရင် ကင်မ် ဂျုံအန် ကို အူကြောင်ကြောင် အာဏာရှင်အဖြစ် မြင်နေတာကို အရင် မေ့ပစ်ရ မယ်လို့ ဆိုတယ်။
သူက ကင်မ်ဂျုံအန်ဟာ အူကြောင်ကြောင် မဟုတ်ဘူး။ သူူ့ အဖိုးနဲ့ အဖေလိုပဲ အာဏာတည်မြဲရေး အတွက် ဘာလုပ်ရ လုပ်ရ၊ ဘယ်သူ့ကို စတေးရ၊ စတေးရ ဆိုတဲ့ လက်မရွံ့ လူ၊ ကင်မ်ဂျုံအန်ကို အနိုင်ယူ နိုင်ဖို့ ဆိုရင် ကင်မ်ဂျုံအန်လို စဉ်းစားကြည့်၊ တွေးကြည့်ပြီး အမေရိကန်ရဲ့ မဟာဗျူဟာ၊ နည်းဗျူ ဟာကို ရွေးချယ်ဖို့ အကြံ ပေးခဲ့တယ်။ ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်ပြီး သမ္မတ ထရူးမင်းကနေ ဘိုင်ဒန်အထိ အမေရိကန်သမ္မ ၁၄ ယောက်လုံး သူအကြံပေး သလို လုပ်နိုင်ပုံမရသေးဘူး။