ပြည်နယ်အသစ်နဲ့ ၂၀၀၈

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးကြတဲ့အခါ ၀ ပြည်နယ် ဖွဲ့စည်းရေး ကိစ္စ အကြောင်းလည်း ပါလာတယ်။ တကယ်တော့ ၀ တိုင်းရင်းသားတွေသာမဟုတ်ဘူး။ အနာဂတ်မှာ ပြည်နယ် မရသေးတဲ့ အခြား တိုင်းရင်းသားတွေကလည်း ပြည်နယ်အဆင့် တောင်းဆို တာတွေလည်း ရှိလာနိုင်တာပဲ။

ပြည်နယ်အသစ်ဖွဲ့စည်းရေးလို့ ပြောတဲ့အခါ ဘယ်တိုင်းရင်းသားတွေက ပြည်နယ် ရသင့်တယ်၊မရ သင့်ဘူးဆိုတာ မပြောခင် လက်ရှိအချိန်မှာ အတည်ဖြစ်နေဆဲ ၂၀၀၈ အခြေခံဥပဒေမှာ ပြည်နယ် အသစ် ဖွဲ့စည်း ရေးနဲ့ ပတ်သက်ပြီး ဘယ်လို ပြဋ္ဌာန်းချက်တွေရှိသလဲ၊ဘယ်သူ တွေက ပြည်နယ် အသစ်ဖွဲ့စည်းရေးကို ဆုံးဖြတ်ခွင့်ရှိသလဲဆိုတာ အရင်သိထားသင့်တယ်လို့ ထင် ပါတယ်။

၂၀၀၈ အခြေခံဥပဒေရဲ့ တိုင်းဒေသကြီး ၊ ပြည်နယ်ဖွဲ့စည်းမှုက ၁၉ ၇၄ အခြေခံဥပဒေပါ သတ်မှတ် ချက်အတိုင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၉ မှာ ရှိရင်းစွဲတိုင်း(၇) တိုင်းကို တိုင်း ဒေသကြီး (၇) ခု၊ ရှိရင်းစွဲ ပြည်နယ်(၇) ခုကို ပြည်နယ် (၇) ခုအဖြစ် ဖွဲ့စည်းမယ်၊ တိုင်းဒေသ ကြီး နဲ့ ပြည်နယ်တွေဟာ အဆင့်အတန်းတူညီတယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အမည်တွေကို လက်ရှိအတိုင်းထားမယ် လို့ ပြဋ္ဌာန်းထားတယ်။ ပုဒ်မ ၄၉ မှာတော့ နိုင်ငံတော်ကို တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ပြည်နယ်နဲ့ ပြည်ထောင်စု နယ်မြေတို့ဖြင့် ပိုင်းခြားသတ်မှတ်မယ်လို့ ဖော်ပြပြီး လက်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခု အမည်ကို ဖော်ပြထားတယ်။

ပုဒ်မ ၅၆ မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွေဖွဲ့စည်းတာကို ဖော်ပြထားတယ်။ အဲဒီပုဒ်မမှာ ၀ ဒေသကို ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ်ဖွဲ့စည်းပြီး နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင် နဲ့ ကိုးကန့်တို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအဖြစ်သတ်မှတ်ထား ပါတယ်။ အမျိုးသားညီလာခံကို တက်ရောက်ခဲ့တဲ့ ရှမ်းမြောက် အထူးဒေသ (၂) ၀ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေက ဝပြည်နယ် ရရှိရေးကို တင်ပြခဲ့ပေမယ့် မရခဲ့ဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဆင့်ပဲရခဲ့တယ်။ တကယ်တော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုတာ နာမည်သာ ကွဲပြားတာပါ။ ဇယား(၃) မှာပါတဲ့ ဥပဒေပြုရေး လုပ်ပိုင်ခွင့်က အတူတူပဲ။

အခြေခံဥပဒေ အခန်း ၂ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အခန်းမှာ ပြည်ထောင်စု နယ်မြေ သတ်မှတ်တာနဲ့ပတ်သက်ပြီး ဖော်ပြထားပေမယ့် တိုင်းဒေသကြီး၊ ပြည်နယ် အသစ်တစ်ခုကို ဘယ်လို ဖွဲ့စည်းရမယ်ဆိုတာ သီးခြား ပြဋ္ဌာန်းထား တာမရှိဘူး။ ဒါ့ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသတစ်ခုကို ပြည်နယ်အဆင့်တိုးမြှင့် ဖွဲ့စည်း မယ်ဆိုရင် အခြေခံဥပဒေ ပုဒ်မ ၉ ၊ ၄၉ နဲ့ ၅၆ တို့ကို ပြင်ဆင်နိုင်ရေးကို အရင်ဆောင်ရွက် ရမယ်လို့ပဲ နားလည်မိပါတယ်။

အဲဒီလို ပြင်ဆင်မယ်ဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အခန်း (၁၂ ) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပြဋ္ဌာန်းချက်တွေကို သိဖို့လိုပါတယ်။

အခန်း ၁၂ ပုဒ်မ ၄၃၆ မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅% ကျော်က ထောက်ခံတဲ့ အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက် ကျော်က ထောက်ခံမှ ပြင်ဆင်လို့ရမယ့် ပုဒ်မတွေကိုဖော်ပြထားတယ်။ အဲဒီပုဒ်မတွေထဲမှာ ပုဒ်မ ၄၊ ၄၉ ၊ နဲ့ ၅၆ တို့ ပါတယ်။ ဒါ့ကြောင့် ပြည်နယ်အသစ် ဖွဲ့စည်းမှု နဲ့ပတ်သက်ပြီး အခြေခံဥပဒေပါ ပုဒ်မ သုံးခုကို ပြင်ဆင် မယ် ဆိုရင် ပထမအဆင့် ပြည်ထောင် စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅% ကျော် ထောက်ခံမှုကို အရင်ရဖို့လိုတယ်။ ပြီးရင် ဒုတိယအဆင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူ ထက်ဝက်ကျော်ရဲ့ ထောက်ခံမှုကို ရရှိဖို့လိုပါတယ်။ အဲဒီအဆင့် နှစ်ဆင့်ကို ကျော်ဖြတ်နိုင်မှာ ပြည်နယ်အသစ် ဖွဲ့စည်းရေးက အတည်ဖြစ်မှာပါ။

ဒီနေရာမှာ နောက်ထပ်စဉ်းစားရမယ့်အချက်တစ်ချက်ရှိသေးတယ်။ အဲဒါကတော့ အသစ်ပေါ် ပေါက်လာမယ့် ပြည်နယ်ရဲ့ နယ်နမိတ်နဲ့ အကျယ်အဝန်းဖြစ်ပါတယ်။ ပြည်နယ်အသစ်ဆိုတာက လက်ရှိတိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုခုရဲ့ နယ်မိတ်ထဲကနေ ခွဲထုတ်ပြီး ဖွဲ့စည်းရမှာဖြစ်တဲ့ အတွက် တိုင်းဒေသကြီး၊ပြည်နယ်တစ်ခုခုရဲ့ နယ်နမိတ်ကို ပြင်ဆင်ရေးဆွဲရမှာသာ ပြည်နယ် အသစ်ကို ဖွဲ့စည်းလို့ရမှာဖြစ်ပါတယ်။ ဒါဆိုရင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခု ရဲ့ နယ်နမိတ်ကို ပြင်ဆင်မယ်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာကို လေ့လာဖို့လိုပါတယ်

အခြေခံဥပဒေ ပုဒ်မ ၅၃ မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု ရဲ့ နယ်နမိတ်ကို ပြင်ဆင် တဲ့ အခါ ဆောင်ရွက်ရမယ့် အဆင့်တွေကို ပြဋ္ဌာန်းထားတယ်။ အကျဉ်းချုပ်ပြောရရင်

၁။ နယ်နမိတ် ပြင်ဆင်တဲ့နေရာမှာ အကျုံးဝင်တဲ့ မြို့နယ်မှာရှိတဲ့ ဆန္ဒမဲပေးခွင့်ရှိသူ ထက်ဝက် ကျော်က ထောက်ခံရမယ်။
၂။ မြို့နယ်လူထုက သဘောတူရင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆန္ဒကိုရယူရမယ်။
၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ လေးပုံ သုံးပုံနဲ့ အထက် ထောက်ခံမှုရရင် သမ္မတ က ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး နယ်နမိတ် ပြင်ဆင် ပေးရမယ်။
၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က သဘောမတူပေမယ့် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ လေးပုံသုံးပုံ နဲ့ အထက်က ပြင်ဆင်ဖို့ သဘောတူရင် ပြင်လို့ ရတယ်။

ဒ့ါကြောင့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို မူတည်ပြီး သုံးသပ်ရရင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အသစ် ဖွဲ့စည်းရေးဟာ ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ မဲပေးမယ့် ပြည်သူတွေ အပြင် သက်ဆိုင်ရာမြို့နယ်က ပြည်သူတွေ၊ တိုင်း ဒေသ ကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးရဲ့ လုံလောက်တဲ့ ထောက်ခံမှု ရရှိအောင် ပူးပေါင်း ညှိနှိုင်း စည်းရုံး ဆောင်ရွက်မှ အကောင်အထည် ဖော်နိုင် မှာဖြစ်တယ်၊ စေတစ်လုံးပိုင်ရှင်လို “ ဥုံဖွ၊ ဖြစ်စေ သတည်း” နဲ့ လုပ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး လို့ပဲ မြင်မိပါတယ်။

ဒါကတော့ တိုင်းဒေသကြီး/ ပြည်နယ်အသစ်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး ပုဂ္ဂလိကသုံးသပ်ချက်ကို တင်ပြတာပါ။ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအပေါ် အနက်ဖွင့်မှုအပေါ်မူတည်ပြီး ကွဲပြား တဲ့အမြင်တွေရှိနိုင်ပေမယ့် တစ်ယောက်၊ တစ်ဖွဲ့တည်းသဘောနဲ့ လုပ်လို့မရဘူး၊ အဆင့်ဆင့် ဆောင်ရွက်ရမယ်ဆိုတဲ့အချက်မှာတော့ အမြင်တူနိုင်ကြမယ်လို့ထင်ပါတယ်။

One thought on “ပြည်နယ်အသစ်နဲ့ ၂၀၀၈

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: