အမေရိကန်အောက်လွှတ်တော်ရဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်အရေးအခင်း စုံစမ်းရေးကော်မတီ ရဲ့ စစ်ဆေးကြားနာမှုကို ဇွန်လ ၉ ရက်နေ့ က စတင်ကျင်းပခဲ့တယ်။ ဇန်နဝါရီ ၆ ရက် အရေး အခင်း စုံစမ်းရေးကော်မတီရဲ့ အရင်စစ်ဆေးကြားနာမှုတွေက တံခါးပိတ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခု တစ်ကြိမ်ကတော့ အများပြည်သူလေ့လာနိုင်အောင် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တဲ့အတွက် စိတ် ဝင်စားမှု များပြားခဲ့တယ်။ အခု ကြားနာစစ်ဆေးမှုက တစ်ကြိမ်တည်းနဲ့ ပြီးမယ့် ပွဲမဟုတ် ဘူး။ အနည်းဆုံး ခုနှစ်ကြိမ်ပြုလုပ်မှာဖြစ်ပါတယ်။
အခု စစ်ဆေးကြားနာမှု အကြောင်းမပြောခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ အရေးအခင်း ဘာလဲ ဆိုတာကို အတိုချုပ်ရှင်းပြချင်ပါတယ်။
၂၀၂၀ နိုဝင်ဘာ ၃ ရက်နေ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန်က လက်ရှိ သမ္မတ ထရမ့် ( ရီပတ်ဘလီကင်ပါတီ) ကို အနိုင်ရတယ်။ ထရမ့်က ဒီရလဒ် ကို လက်မခံဘူး။ ဒီမိုကရက်ပါတီက မဲခိုးတယ်၊ မဲလိမ်တယ်ဆိုပြီး စွပ်စွဲတယ်။ သက်ဆိုင်ရာ ပြည်နယ်အဆင့်တရားရုံးတွေ၊ရွေးကောက်ပွဲကော်မရှင်တွေမှာ တိုင်ပေမယ့် အမှု အားလုံး ရှုံးတယ်။ ပြည်ထောင်စုအယူခံတရားရုံးတက်တော့လည်း ပယ်ချခံတယ်။
နောက်ဆုံးထရမ့်က သူခန့်ထားတဲ့ရှေ့နေချုပ်ဦးဆောင်တဲ့ တရားရေးဌာနကို ရွေးကောက်ပွဲ ရလဒ် အပေါ် စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးတယ်၊ “ ရွေးကောက်ပွဲမှာမသမာမှုတွေရှိတယ်လို့ပဲပြော၊ကျန် တာ ကျုပ်နဲ့ ရီပတ်ဘလီကင်အမတ်တွေတာဝန်ထားလိုက်” လို့ ပြောတယ်။ ရှေ့နေချုပ်က အဲဒီလိုစုံစမ်းစစ်ဆေးဖို့ အတွက်လုံလောက်တဲ့ အထောက်အထား၊ အကြောင်းပြချက်မရှိဘူးလို့ ငြင်းပြီး ရာထူးက နုတ်ထွက်လိုက် တယ်။ အစားထိုး ခန့်တဲ့ ခေတ္တရှေ့နေချုပ်က ထရမ့်ခိုင်းတာကို လုပ်ဖို့ ပြင်ဆင်တော့ တရားရေးဌာန ထိပ်တန်း အရာရှိတွေက ရှေ့နေချုပ်ဟောင်း ဘားရ် ရဲ့ ရပ်တည်ချက်အတိုင်း ရပ်တည်ခဲ့ပြီး အဲဒီလို လုပ်ရင် သူတို့အားလုံး နုတ်ထွက်မယ်လို့ ပြောတဲ့အတွက် ဆက် မလုပ် နိုင်ဘူး။
အမေရိကန်အခြေခံဥပဒေအရ ၂၀၂၁ ခု ဇန်နဝါရီလ ၆ ရက်နေ့မှာ အထက်လွှတ်တော်နဲ့ အောက် လွှတ်တော် ပူးပေါင်းအစည်းအဝေးကျင်းပပြီး သမ္မတ ရွေးကောက်ပွဲ ရလဒ်ကို တရားဝင်အတည်ပြု ရတယ်၊ အဲဒီအစည်းအဝေးကို အထက်လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူရတဲ့ ဒုသမ္မတမိုက်ပင့်စ် က ကြီးမှူးကျင်းပရမယ်။ ထရမ့်က သူရဲ့ ဒုသမ္မတကို အဲဒီအစည်းအဝေးဖျက်သိမ်းဖို့ တိုက်တွန်း တယ်။ ဒုသမ္မတက လက်မခံဘူး။ သူ့ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ တာဝန် အတိုင်း လုပ်ရမယ်လို့ ပြောပြီး အစည်းအဝေးခေါ်တယ်။
ဇန်နဝါရီလ ၆ ရက်နေ့နေ့လယ်မှာ ထရမ့်က ဝါရှင်တန်မြို့တော်မှာ လူထုအစည်းအဝေး လုပ်ပြီး သူ့ကို ထောက်ခံသူတွေကို ဒီမိုကရက်တွေမဲခိုးတဲ့အကြောင်း၊ သူသာလ ျှင် ရွေးကောက်ပွဲ အနိုင်ရ သူဖြစ်တဲ့အကြောင်းပြောပြီး ဒီနေ့လုပ်မယ့် ရွေးကောက်ပွဲရလဒ်အတည်ပြုတဲ့အစည်းအဝေးကို တားဆီးရမယ်၊ “ ခင်ဗျားတို့ အသေအကြေ တိုက်ပွဲမဝင်ဘူးဆိုရင် အမေရိကန်နိုင်ငံဆိုတာ ရှိမှာ မဟုတ်တော့ဘူး” လို့ ဟောပြောခဲ့တယ်။
အဲဒီနောက်မှာတော့ ထရမ့်ထောက်ခံသူ နှစ်ထောင်ကျော်က လွှတ်တော်အဆောက်အဦထဲကို အတင်းဝင်ပြီး ပစ္စည်းတွေကို ဖျက်ဆီးတယ်။ ဒုသမ္မတ မိုက်ပင့်စ်ကို ဖမ်းပြီး ကြိုးစင်တင်မယ် လို့ ကြွေးကြော်တယ်။ အဲဒီဖြစ်စဉ်မှာ ရဲတစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး ၁၃၈ ဦး ဒဏ်ရာရ တယ်။ ရွေးကောက်ပွဲဆိုင်ရာအစည်းအဝေးကိုလည်း ခေတ္တရပ်ဆိုင်းထားလိုက်ရပြီး ဇန်နဝါရီလ ၆ ရက် ညဘက်မှ ပြန်ကျင်းပခဲ့ရတယ်။
အခု ကြားနာစစ်ဆေးမှုတွေက အဲဒီဖြစ်စဉ်မှာ သမ္မတဟောင်းထရမ့် ပါဝင်ပတ်သက်မှုတွေကို စုံစမ်း စစ်ဆေးတာပဲဖြစ်ပါတယ်။
အခုကြားနာစစ်ဆေးမှုတွေမှာ အမေရိကန်ပြည်သူတွေနဲ့မီဒီယာတွေ စိတ်ဝင်စားမှုအခံရဆုံးက စုံစမ်းရေးကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ ရီပတ်ဘလီကင် အမတ် လစ်ဇ်ချေယင်နီပဲ။ လစ်ဇ်ချေယင်နီ ရဲ့ အဖေက သမ္မတဘုရ်ှ (အငယ်) ရဲ့ ဒုတိယသမ္မတ အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ နာမည်ကြီး နီယို ကွန် ဆာဗေးတစ်ဝါဒီ ချေယင်နီ ဖြစ်ပါတယ်။ လစ်ဇ်ကလည်း သူ့အဖေလိုပဲ နီယိုကွန်ဆာဗေးတစ် ဝါဒီ ဖြစ်ပြီး ရီပတ်ဘလီကင်ပါတီထဲက ကွန်ဆာဗေးတစ်တွေရဲ့ အသည်းစွဲပေါ့။
ဒါပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရက်တွေမဲခိုးတယ်ဆိုတဲ့ ထရမ့်ရဲ့ စွပ်စွဲချက်တွေကို လစ်ဇ်ချေယင်နီက လက်မခံဘူး။ ဇန်နဝါရီလ ၆ ရက်နေ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး သမ္မတ ထရမ့်ကို အခြေခံဥပဒေချိုးဖောက်မှုနဲ့ စွပ်စွဲပြစ်တင်ဖယ်ရှားနိုင်ဖို့ ဒီမိုကရက် လွှတ်တော်အမတ်တွေရဲ့ ကြိုးပမ်းမှုကိုလည်းထောက်ခံခဲ့တယ်။
အဲဒီအချက်နှစ်ချက်ကြောင့် လစ်ဇ်ချေယင်နီကို ရီပတ်ဘလီကင်ပါတီထဲက ကွန်ဆာဗေးတစ် ဝါဒီ တွေက အပြင်းအထန်ဆန့်ကျင်လာကြတယ်။ ထရမ့်ထောက်ခံသူတွေက အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့ကြတယ်။ ပါတီခေါင်းဆောင်တွေက လစ်ဇ်ချေယင်နီကို အောက်လွှတ်တော် ရီပတ်ဘလီကင် အမတ်အစုအဖွဲ့ မှာ တာဝန်ယူ ထားရတဲ့ အရေးပါတဲ့ရာထူးကနေ ဖယ်ရှား လိုက်တယ်။
ဒါပေမယ့် လစ်ဇ်ချေယင်နီက ထရမ့်ရဲ့ ရူးရူးမိုက်မိုက် လုပ်ရပ်တွေကို ဆန့်ကျင်တဲ့ သဘောထားကို မပြောင်းဘူး။ ရီပတ်ဘလီကင် ခေါင်းဆောင်တွေကိုလည်း ထရမ့်ကို ကာကွယ်နေရင် ပါတီ ကျဆုံး သွားလိမ့်မယ်လို့ သတိပေးတယ်။ ထရမ့်ရဲ့လုပ်ရပ်ဟာ အခြေခံဥပဒေကို ကာကွယ်တာမဟုတ် ဘူး။ အခြေခံဥပဒေနဲ့ အမေရိကန်နိုင်ငံရေးစနစ်ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ ထောက်ပြတယ်။
အခု ဇွန် ၉ ရက်နေ့ ကြားနာစစ်ဆေးမှု အဖွင့်မိန့်ခွန်းမှာ လစ်ဇ်ချေယင်နီက သမ္မတ ထရမ့်ရဲ့ ဥပဒေနဲ့မညီတဲ့ အမိန့်တွေကို ငြင်းဆန်ခဲ့တဲ့ ဒုသမ္မတ မိုက်ပင့်စ် နဲ့ ရှေ့နေချုပ် ဝီလျံဘားရ်တို့ရဲ့ အခြေခံ ဥပဒေ အပေါ် သစ္စာစောင့်သိမှုကို ချီးကျူးခဲ့တယ်။
လစ်ဇ်က “ ကျွန်မတို့က အခြေ ခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ ကတိ သစ္စာ ပြုထားတာပါ။ ပုဂ္ဂိုလ်တစ်ယောက်၊ ပါတီ တစ်ခုကို ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ ကတိသစ္စာ ပြုထားကြတာမဟုတ်ဘူး။ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသူတွေက အခြေခံဥပဒေကို ချိုးဖောက် လို့မရဘူး” လို့ပြောခဲ့တယ်။
လစ်ဇ်ချေယင်နီက သူ့ရဲ့ ရပ်တည်ချက်ကို အပြစ်တင်နေတဲ့ ရီပတ်ဘလီကင် အမတ်တွေကို လည်း “ ရှင်တို့တစ်တွေ ခုခံ ကာကွယ်ပေးမှုနဲ့ မထိုက်တန်တဲ့သူကို ကာကွယ် မနေ ကြ နဲ့၊ ထရမ့်က တစ်နေ့ အနိစ္စတရားအတိုင်း ပျောက်ကွယ်သွားမှာ။ ဒါပေမယ့် ရှင်တို့ရဲ့ ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ် က ထာဝရ ကျန်နေလိမ့်မယ်” လို့ သတိပေးခဲ့တယ်။
ရီပတ်ဘလီကင်ပါတီခေါင်းဆောင်တွေနဲ့ အမတ်တွေကတော့ လစ်ဇ်ချေယင်နီနဲ့ပတ်သက် လာရင် တူးတူးခါးခါးပဲ။ သူတို့က လာမယ့် ၂၀၂၂ အောက် လွှတ်တော်ရွေးကောက်ပွဲမှာ လစ်ဇ်ချေယင်နီကို ရီပတ်ဘလီကင်အမတ်အဖြစ်ကနေ ဖယ်ရှားနိုင်ဖို့ ကြိုးစားနေကြတယ်။
လစ်ဇ်ချေယင်နီကတော့ အဲဒီစိန်ခေါ်မှုတွေကို စိုးရိမ်ပုံမရဘူး။ ရွေးကောက်ပွဲ ရှုံးမှာကို စိုးရိမ်ပြီး သူ့ရပ်တည်ချက်တွေကို မပြောင်းဘူး၊ “ဇန်နဝါရီ ၆ ရက်အဖြစ်မျိုးထပ်မဖြစ်အောင် ကာကွယ် ဖို့ဆိုရင် ကျွန်မတို့ဟာ ပါတီစွဲတွေကို ဘေးဖယ်ထားရလိမ့်မယ်” လို့ ပြောတယ်။
လစ်ဇ်ချေယင်နီဟာ ယုံကြည်ချက်အတွက် ဘယ်သူနဲ့မဆို စီးချင်းထိုးရဲတဲ့ “ရှိတော့ရှိတယ်၊ ရှားတယ်” ဆိုတဲ့ နိုင်ငံရေးသမားပဲ။

You should never let your fears prevent you from doing what you know is right. DASSK
LikeLike