လွန်ခဲ့တဲ့ (၇) နှစ် ၊ ၂၀၁၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က ရေကူးအသံလွှင့်ရုံစီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ အပြန်အလှန်ဆွေးနွေးခဲ့တဲ့ အကြောင်းတွေ ဖေ့စ်ဘွတ် မှာ အမှတ်တရ ပြန်တက်လာတယ်။
ရေကူးစီမံကိန်းတင်ဒါ အကျဉ်းချုပ်က ရေကူးစက်ရုံက မြန်မာ့အသံလှိုင်းတို၊ လှိုင်းလတ် ရေဒီယို ထုတ်လွှင့်မှုတွေအတွက် အဓိက သုံးတဲ့ စက်ရုံဖြစ်ပါတယ်။ ရေကူးအသံလွှင့်စက်ရုံကို စတင် တည်ဆောက်ချိန် ကတော အဲဒီနေရာက မြို့ပြင်ပဲ၊ ၂၀၁၅ ခုနှစ်ရောက်တော့ အဲဒီပတ်ဝန်းကျင်မှာ လူနေ အိမ်တွေ၊ အထပ်မြင့်တိုက်တွေဖြစ်လာတယ်။ ကျွန်တော်တို့ မီဒီယာပြုပြင်ပြောင်းလဲမှု တွေ အတွက် အကူအညီပေးနေပြီး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကလည်း အဖွဲ့ဝင်အဖြစ် ပါဝင် နေတဲ့ Asia-Pacific Institute for Broadcasting Development, AIBD က ရေကူးနေရာက ရေဒီယို အစီအစဉ်ထုတ်လွှင့်တဲ့နေရာတစ်ခု လိုအပ်ချက်တွေကို ကိုက်ညီမှုနည်းလာပြီ၊ နေရာရွှေ့သင့်တယ် လို့ အကြံပြုတယ်။
ဒ့ါကြောင့် အစိုးရအဖွဲ့ကို တင်ပြပြီး စက်ရုံသစ်တည်ဆောက်ဖို့တင်ဒါခေါ်တယ်။ တင်ဒါရဲ့ အဓိက လိုအပ်ချက်က
၁။ တင်ဒါအောင်တဲ့သူက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရဲ့ ရေဒီယို အသံလွှင့်စခန်းတည်ဆောက်ဖို့ လုံလောက်တဲ့မြေနေရာ ရှာပေးရမယ်။ အဲဒီမြေပေါ်မှာ မြန်မာ့အသံရဲ့လိုအပ်ချက်အတိုင်း ရေဒီယို လွှင့်စက်အသစ်တွေ၊ တာဝါတိုင်တွေ၊ လိုအပ်တဲ့အဆောက်အဦတွေတည်ဆောက်ပေးရမယ်။
၂။ အဲဒီလို လုပ်ပေးနိုင်ရင် ရေကူးမြေနေရာကို မီဒီယာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အသုံးပြုခွင့်ပေးမယ်။ အဲဒီမြေနေရာမှာ ဆောက်လုပ်မယ့်အဆောက်အဦးအားလုံး၊ လုပ်ငန်း အားလုံး က မီဒီယာလုပ်ငန်းနဲ့ မီဒီယာနဲ့ ဆက်စပ်တဲ့လုပ်ငန်းပဲဖြစ်ရမယ်။ အဆောက်အဦ ဆောက် ပြီး ရောင်းစားလို့မရဘူး။
အဲဒီတင်ဒါနဲ့ပတ်သက်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ရပ်ဆိုင်းထားဖို့ အဆိုတင်တယ်။ ဆွေးနွေးမယ့်နေ့မှာ ကျွန်တော်က ပြည်ပ ရောက်နေချိန်ဖြစ်တဲ့အတွက် ဒုဝန်ကြီး ဦးပိုက်ထွေး က နည်းပညာဆိုင်ရာအချက်အလက်တွေ နဲ့ သွားရှင်းတယ်။
ဒါပေမယ့် လွှတ်တော်က ရေကူးစီမံကိန်းကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ပြီး အစိုးရအဖွဲ့ကို အကြောင်းကြား တယ်။ အစိုးရ အဖွဲ့က လုပ်ထုံးလုပ်နည်းနဲ့ အညီ နိုင်ငံတော်အတွက် နစ်နာမှုမရှိအောင် စိစစ် ဆောင်ရွက် သွား မယ်လို့ အကြောင်းပြန်တယ်။ အဲဒီလို အကြောင်းပြန်တာဟာ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့ သဘောဖြစ်တယ်ဆိုပြီး ဦးတင်မောင်ဦးက ပြည်ထောင်စုလွှတ်တော်နာယက ကို တင် ပြတယ်။ သူ့တင်ပြချက်အရ ပြည်ထောင်စုလွှတ်တော်က ကျွန်တော့်ကို လာရှင်းပြဖို့ခေါ်တယ်။
အဲဒီနေ့က ကျွန်တော်က ပထမဆုံးတင်ပြရတယ်။ နည်းပညာဆိုင်ရာအချက်တွေက ဦးပိုက်ထွေး က ရှင်းပြသွာတဲ့အတွက် ကျွန်တော်က ထပ်မပြောတော့ဘူး။ တင်ဒါခေါ်တဲ့ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ခဲ့မှုအခြေအနေနဲ့ အခုအချိန်ထိ တင်ဒါစာရွက်ဝယ်တာပဲရှိတယ်၊ တင်ဒါ တင်သွင်းတဲ့ သူမရှိသေးဘူး။ တင်ဒါသွင်းတဲ့သူရှိလာရင်တော့ စိစစ်ပြီး အစိုးရအဖွဲ့ စီးပွားရေးကော်မတီကို တင် ပြမယ်။ ပြီးရင်တော့ တွေ့ရှိချက်ကို လွှတ်တော်ကို တင်ပြပါ့မယ်လို့ ရှင်းပြတယ်။
ပြီးတဲ့ အခါ လက်ရှိ တင်ဒါ ပုံစံလာဝယ်သွားတဲ့ ကုမ္ဗဏီတွေ အမည်စာရင်းကို ပါဝါ ပွိုင့်နဲ့ ထိုးပြတယ်။ အဲဒီ လို တင်ပြရတဲ့ ရည်ရွယ်ချက်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ကို ရေကူး တင်ဒါတင်သွင်းဖို့ ပြင်ဆင်နေသူတွေထဲမှာ ခင်ဗျားတို့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ သား သမီးတွေနဲ့ ပတ်သက်တဲ့ ကုမ္ဗဏီလည်းပါတယ်ဆိုတာကို သိစေချင်တာပါပဲ။
ကျွန်တော်ပြီးတော့ ဦးတင်မောင်ဦးက ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လွှတ်တော်ကို ဆန့်ကျင် တယ်ဆိုပြီး အခြေခံဥပဒေ ပုဒ်မ ၂၂၈ (က) “ ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စု လွှတ်တော် က အခါအားလေ ျှာ်စွာချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရမည်” ဆိုတဲ့ အချက်ကို အဓိက ကိုးကားဆွေးနွေးပါတယ်။
ဦးတင်မောင်ဦး ပြီးတော့ နာယက ဦးရွှေမန်းရဲ့ ခွင့်ပြုချက်နဲ့ ကျွန်တော်က ပြန်ဆွေးနွေးတယ်။ ကျွန်တော့်ဆွေးနွေးချက် အဆုံးမှာ အခုလို ပြောခဲ့တယ်။ ပုံ (၁) နဲ့ (၂)
“တကယ်လို့စီမံခန့်ခွဲမှုကို ကျွန်တော်ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်သည် ပုဂ္ဂိုလ်ရေး အကျိုး စီးပွား ပါတယ်၊ ကျွန်တော်ဟာ အဂတိ လိုက်စားမှု ရှိတယ်ဆိုရင် ကျွန်တော်တို့ အချိန်မရွေး ကျွန်တော် အရေးယူခံနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော် နာယကကြီးကို တင်ပြချင်တာက ကျွန်တော့် ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ လုပ်ငန်းများကို လုပ်တဲ့အခါမှာ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက် တွေသည် မှားချင်မှားမယ်၊ မှန်ချင် မှန်မယ်၊ အားနည်းမှုများ ရှိကောင်းရှိနိုင်ပါတယ်။”
“သို့သော် သေချာတာ တစ်ခုကတော့ ကျွန်တော့်မှာကိုယ်ရေးကိုယ်တာ အကျိုးစီးပွား လုံးဝ မရှိ ပါဘူး။ကျွန်တော့်ဇနီးရော၊ကျွန်တော့်သားသမီးရောမီဒီယာလုပ်ငန်းလုပ်တာမရှိပါဘူး။ ပြန်ကြား ရေး မှာ လာပြီးတော့ ပစ္စည်းလာရောင်းတဲ့ အထဲမှာလည်း ကျွန်တော့်ဇနီးတွေ သားသမီး တွေမပါ ပါဘူး ခင်ဗျ။ ဒါ့ကြောင့်မို့လို့ ကျွန်တော့်မှာ ကျွန်တော့်ရဲ့ အတွေ့အကြုံ နုနယ်မှုကြောင့် ဆုံးဖြတ်ချက် တွေမှာ လွဲချော်ကောင်းလွဲချော်နိုင်ပါတယ်။ ထောက်ပြစရာ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော် သေချာတာ ကတော့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ကျိုးစီးပွားနဲ့ ပတ်သက်ရင်တော့ ကျွန်တော် မှတ်ကျောက်တင် ခံနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။”
ကျွန်တော်ပြောပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ထပ်ဆွေးနွေးတယ်။ ဆွေးနွေးသူအချို့က ကျွန်တော့် စွပ်စွဲပြစ်တင်ပြီး ရာထူးကဖယ်ရှားဖို့လုပ်သင့်တယ်လို့ ဆွေးနွေးကြတယ်။ သူတို့ အားလုံးအပြီးမှာ ကျွန်တော်က လွှတ်တော်ဥက္ကဋ္ဌ ခွင့်ပြုချက်နဲ့ ပြန်ဆွေးနွေးတယ်။ အဲဒီဆွေးနွေး ချက် နိဂုံးမှာ လွှတ်တော်က စွပ်စွဲပြစ်တင်မှာ ကို မကြောက်တဲ့အကြောင်း အခုလို ပြောခဲ့ပါ တယ်။ ပုံ (၃) နဲ့ (၄)
“နောက်ဆုံး တစ်ခုကတော့ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ ဒေါက်တာမေဝင်းမြင့်နဲ့ ဒေါ်ခင်စန်းလှိုင်ကလည်း ပြောသွားပါတယ်။ ဦးဘုန်းမြင့်(အောင်) ကလည်း ပြောသွားပါတယ်။ ပုဒ်မ ၂၃၃ (က) အရ အခြေခံဥပဒေကို ဖောက်ဖျက်ရင် ပြန်ကြားရေးဝန်ကြီးကို၊ ပြည်ထောင်စု ဝန်ကြီးများကို စွပ်စွဲ အပြစ်တင်ရင်လည်း ရတယ်လို့ ပြောသွားပါတယ်။ ကျွန်တော် အရမ်း ဝမ်းသာ ပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ တောင်အာဖရိက လူမည်းခေါင်းဆောင်ကြီး နက်ဆင် မင်ဒဲလ်လား အကြောင်းရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ စာရေးသူကဘာကို ရေးထားလဲဆိုတော့ မိမိရဲ့အ ပြစ် ကင်းစင်မှုနဲ့ မိမိရဲ့ယုံကြည်ချက် ခိုင်မာမှုကို သက်သေပြဖို့အတွက် တရားရုံးလောက် ကောင်းတဲ့ နေရာမရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါမျိုးကို ကက်စထရို ကလည်းသူ့ကို ရုံးတင်ခံရစဉ်မှာ ပြောကြား ခဲ့ဖူးခြင်း ရှိပါတယ်။”
“ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ကို ဖောက်ဖျက် တယ်လို့ ထင်လို့ရှိရင် စွဲချက်တင်ပါ။ ကျွန်တော်အချိန်မရွေး လာရောက်ပြီးတော့မှ ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ယူဆချက်ကို ပြောရရင် ကျွန်တော်ဟာ အင်မတန်မှ မြင့်မြတ် မြင့်မားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဆိုထားနဲ့ သာမန်ဥပဒေတစ်ခု၊ သာမန် လူတစ်ယောက် လိုက်နာရမယ့် ကျင့်ဝတ်တစ်ခုကို ဖောက်ဖျက်မိတယ် ဆိုရင်တောင်မှ ဘယ်သူမှ ပြောစရာမလိုဘဲနဲ့ နုတ်ထွက်သွားဖို့ အသင့်ရှိပါတယ်။ ဒီစီမံကိန်းကို လုပ်တဲ့အခါမှာ ကျွန်တော့်ရဲ့ ယုံကြည်ချက်အရ ကျွန်တော်လုပ်ခဲ့တယ်။ ကိုယ်ကျိုးစီးပွား မပါဘူးဆိုတာကို ထပ်လောင်း ပြောကြားရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။”
ကျွန်တော့်နိဂုံးချုပ်ဆွေးနွေးမှုအပြီးမှာလွှတ်တော်နာယကဦးရွှေမန်းက ဆွေးနွေးမှုကို အဆုံးသတ် လိုက်တယ်။ ကျွန်တော်က လွှတ်တော်က စွပ်စွဲပြစ်တင်မှုလုပ်မယ့်နေ့ကို အသင့်ပြင်ပြီး စောင့်နေ ပေမယ့် ပထမအကြိမ်လွှတ်တော်သက်တမ်းကုန်တဲ့အထိ ဘာမှ မကြားရတော့ဘူး။
တကယ်တော့ အဲဒီအချိန်က လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်ဖို့ ဆောင်ရွက်ချက်ကြောင့် အခြေခံဥပဒေ ဆိုင်ရာခုံရုံးတစ်ဖွဲ့လုံးလည်း နုတ်ထွက်တဲ့ဖြစ်စဉ်၊ ဝန်ကြီးတစ်ချို့လည်း လွှတ်တော် ကို တောင်းပန် ရတဲ့ ဖြစ်စဉ်တွေရှိခဲ့တော့ ကျွန်တော့်ကိုလည်း အဲဒီလို ခြိမ်းခြောက်ပုံရပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို ခြိမ်းခြောက်သူတွေဟာ ဆရာသော်တာဆွေရဲ့ “ မှန်ကန်ခြင်း နဲ့ ရဲရင့်ခြင်း” ဆိုတဲ့ ဝတ္ထုတိုလေးကို ဖတ်ဖူးပုံမရဘူး။
ရေကူးစီမံကိန်းကတော့ အဲဒီအချိန်မှာ ကျွန်တော်တို့ မေ ျှာ်လင့်ခဲ့တဲ့နေရာက ညောင်နှစ်ပင်လို နေရာမျိုးဖြစ်ပေမယ့် အဆိုပြုတဲ့ မြေနေရာတွေက တောင်ဒဂုံ၊မြောက်ဒဂုံတို့လို နောင်မှာ လူနေ အိမ်ခြေထူထပ်လာမယ့်နေရာတွေဖြစ်လို့ မြန်မာ့အသံရဲ့လိုအပ်ချက်နဲ့ မကိုက်ညီတဲ့အတွက် ရပ်ဆိုင်းထားလိုက်ရတယ်။
ကျွန်တော့်ဆွေးနွေးချက်အပြည့်အစုံကို အောက်က လင့်ခ်တွေမှာ ဖတ်နိုင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက် အပြည့်အစုံကိုတော့ အမျိုးသားစာကြည့်တိုက်၊လွှတ်တော်မှတ် တမ်းတွေမှာ လေ့လာနိုင်ပါတယ်။
၁။ ကျွန်တော့်ရဲ့ လွှတ်တော်သို့ တင်ပြချက် https://www.facebook.com/notes/376818446997205/
၂။ ဦးတင်မောင်ဦးဆွေးနွေးချက်အပေါ် ပြန်လည်ဆွေးနွေးချက်
https://www.facebook.com/notes/2819616548328148/
၃။ ကျွန်တော်ရဲ့ နိဂုံးချုပ်တင်ပြချက်
https://www.facebook.com/notes/805928673552815/




Hats off to you. Although your work was in the culture of nepotism, which is the least and lowest imaginative
form of corruption. I believe corruption has decreased from 2015
and lasted 5 years. Now it comes back with vengeance. May God help us all.
LikeLike