ဆောင်းပါးတွေမရေးဖြစ်တာ တစ်ပတ်လောက်ရှိပြီ။ အဲဒါကို သတိထားမိတဲ့ မိတ်ဆွေတစ်ယောက် က မေးလာတော့ ကျွန်တော် ဆောင်းပါး ရေးခဲ့ဖူးတဲ့ “ လှိုင်သာယာသူ” ရဲ့ စကားကို သတိရ သွားတယ်။
တစ်နေ့က သူ သန့်ရှင်းရေးအလုပ်လုပ်နေတဲ့ မိတ်ဆွေရဲ့ ရုံးခန်းကို ရောက်သွားတယ်။ လှိုင်သာ ယာသူ ကိုလည်း တွေ့တယ်။ လှိုင်သာယာသူ အတော်စကားနည်းသွားတာ သတိထားမိတော့ “ ဘယ်လိုလဲဗျ၊ ကုန်ဈေးနှုန်းအကြောင်း၊ လှိုင်သာယာအကြောင်း ဘာဘာ ညာညာ မပြောတော့ ဘူးလား” လို့ မေးမိတယ်။ လှိုင်သာယာသူက “ ဆရာရေ အဆင်ပြေလို့၊ ကျေနပ်လို့ ငြိမ် နေတာ မဟုတ်ဘူး။ စိတ်ပျက်လွန်းလို့ ပြောချင်ဆိုချင်စိတ်ကို မရှိတော့တာ။” လို့ ဖြေသဗျ။
အခုတော့လည်း မရေးမဖြစ် ရေးဖို့အကြောင်းပေါ်လာတော့ ရေးရဦးမှာပဲ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မိတ်ဆွေတစ်ယောက်နဲ့ အွန်လိုင်းပေါ်မှာ စကားပြောဖြစ်တယ်။ သူနဲ့မတွေ့တာ တစ်နှစ်ကျော်ပြီ။ သူက နေပြည်တော်မှာ ၊ ကျွန်တော်က ရန်ကုန်မှာ ၊ အနေဝေးသလို ပြဿနာတွေအပေါ် ရှုမြင် သုံးသပ်ပုံကလည်း ကွာခြားတယ်။
ပြောတော့လည်း ထုံးစံအတိုင်း ၂၀၂၀ ရွေးကောက်ပွဲ အကြောင်း ရောက်သွားတာပါပဲ။ သူက ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့်တာပေါ့။ ဥပဒေအရ ရွေးကောက်ပွဲ အငြင်းပွားမှုကို ရွေးကောက်ပွဲ ကော်မရှင်ကပဲ ဖြေရှင်းရမယ်၊ အစိုးရ က ကြားဝင်ဖြေရှင်းလို့မရဘူးဆိုတဲ့ အချက်ကို စောဒက မတက်ပေမယ့် “ ရွေးကောက်ပွဲ ကော်မရှင်က ဖြေရှင်းပေးရမယ်ဆိုပေမယ့် တိုင်တာကို ကော်မရှင် က လက်မခံရင် ဘယ်လိုလုပ် မလဲ။” လို့မေးတယ်။
သူ့မေးခွန်းကို ကြားတော့ အတော် အံ့အားသင့်သွားတယ်။ သူလည်း ကျွန်တော့် လိုပဲ အမျိုးသားညီလာခံ၊ ၂၀၁၀ ၊ ၂၀၁၅ ရွေးကောက်ပွဲတို့နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ အတိုင်းအတာတစ်ခုထိ ပါဝင်ခဲ့ဖူးသူဆိုတော့ ဒီလိုတွေး၊ ဒီလိုမေးလိမ့်မယ်လို့ ထင် မထားဘူး။
ဒ့ါကြောင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေအရ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် အမည်စာရင်းကို ကြေညာပြီး ၄၅ ရက်အတွင်းမှာ ကန့်ကွက်လွှာတင်သွင်း လို့ရတယ်၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကန့်ကွက်လွှာဆိုရင် ရွေးကောက်ပွဲကော်မရှင်က လက်ခံပြီး ခုံအဖွဲ့ဖွဲ့စည်းစစ်ဆေးရမယ် ဆိုတာ မေ့နေပြီလားလို့ မေးမိတယ်။
ပြီးတော့မှ “၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲဥပဒေအရ ကန့်ကွက်လွှာပေါင်း ၂၈၇ စောင်ကို ဦးလှသိန်း ကော်မရှင်က လက်ခံထားခဲ့တယ်။ အဲဒီအထဲမှာ ကန့်ကွက်လွှာ ၂၆၅ စောင်က အင်န်အယ်လ်ဒီ ကိုယ်စားလှယ်တွေကို ကန့်ကွက်ထား တာ။ အဲဒီစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဝက်ဘ်ဆိုက်မှာ တရားဝင်တင်ထားတယ်။ ခင်ဗျား သွားဖတ် ကြည့်ပါလား”လို့ ပြန်ရှင်းပြခဲ့ တယ်။
(ကော်မရှင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ စာရင်းကို ဓာတ်ပုံတွေနဲ့ ပြထားပါတယ်။ ပုံ ၂ ရဲ့ ဘယ်ဘက်ထောင့်မှာ ဒီနေ့ ဇူလိုင် ၁ ရက်နေ့ ရက်စွဲကို တွေ့နိုင်ပါတယ်။ စာရင်းအပြည့်အစုံကို ဖတ်ချင်ရင်တော့ အောက်ပါ လင့်ခ်မှာ ဖတ်နိုင်ပါတယ်။ https://www.uec.gov.mm/show_data_content.php?name=2020%20election%20objection.pdf&type=page_multiple_photo&code=22&sno=2881&token=b99cbf8b611d8ba9e02b274e6fac6aba2073c80867f7b4f4a3081337640a4c2a780488471ea8efe62780fb7ed2a60c0d5113417121539b69a8f4ed2e13981d51 )
ဒါတောင် မိတ်ဆွေကြီးက မလေ ျှာ့သေးဘူးဗျ။ ရွေးကောက်ပွဲကော်မရှင်ကို သမ္မတ ခန့် တယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်က အပြီးအပြတ် အတည်ဖြစ်တယ် လို့ အခြေခံ ဥပဒေမှာ ပါတဲ့အတွက် ရွေးကော်က ဘက်လိုက်ရင် ဘယ်လိုလုပ်မလဲ လို့ ပြောပြန်တယ်။
ဒါနဲ့ “ အခြေခံဥပဒေကို ဘယ်သူက ဦးစီးပြီး ရေးဆွဲတာလဲ၊ ဘယ်သူတွေက အခြေခံဥပဒေ ထောက်ခံပွဲတွေလုပ်ပြီးထောက်ခံခဲ့သလဲ ဆိုတာ ခင်ဗျားသိနေတာပဲဗျာ။ အဲဒီလူတွေကို အဲဒီ ပုဒ်မတွေ ဘာ့ကြောင့်ထဲ့ခဲ့လဲလို့ ခင်ဗျားသွားမေးကြည့်ပါလား” လို့ ပြောလိုက်မှ ဓာတ်ပြား ဟောင်း ဖွင့်တာရပ် သွားပြီး ကျွန်တော့်ကို နှုတ်ဆက်သွားတော့တယ်။
မိတ်ဆွေကြီးနဲ့ စကားပြောပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မီဒီယာဥပဒေရေးဆွဲမှုမှာ ပညာရပ် ဆိုင်ရာ အကူအညီတွေပေးခဲ့ဖူးတဲ့ တိုဘီမင်ဒဲလ် ဆိုတဲ့ ဥပဒေပညာရှင်ကို သတိရမိတယ်။ မီဒီယာဥပဒေတွေ ဆွဲတဲ့အခါ ကျွန်တော်တို့ကလည်း ထုံးစံအတိုင်း အစိုးရဘက်က အသာစီး ရ မယ့်အချက်တွေထည့်ချင်တာပေါ့။ အဲဒါကို သိတဲ့ တိုဘီ က ကျွန်တော့်ကို “ ရဲထွဋ် ရေ၊ ဒီမိုကရေစီ မှာ မင်းတို့ပဲ တစ်သက်လုံး အစိုးရဖြစ်နေမှာမဟုတ်ဘူး။ ဒီတော့ ဖြစ်သင့်တာပဲထည့်ပါကွာ၊ ငါ အသာစီးရဖို့ဆိုပြီး မစဉ်းစားနဲ့” လို့ သတိပေးခဲ့ဖူးတယ်။
မိတ်ဆွေကြီးနဲ့ ကျွန်တော်ဆွေးနွေးတဲ့ အချက်ကို မစ္စတာ တိုဘီ ကြားရင် ဘယ်လို မှတ်ချက် ပေးမလဲ မသိဘူး။
There are two ways to be fooled. One is to believe what is not true, the other is to refuse to believe what is true.
Great sympathy for your friend.
LikeLike