ဘောရစ်ဂျွန်ဆင်ပေးတဲ့ သင်ခန်းစာ

မနေ့ ဇူ လိုင် ၇ ရက်နေ့မှာ ဗြိတိသ ျှ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ဟာ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်လိုက်တယ်။ အာဏာရပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက် တယ်ဆိုတော့ ဝန်ကြီးချုပ်အဖြစ်ကလည်း နုတ်ထွက်ရမှာပဲ။ ဒါပေမယ့် ကွန်ဆာဗေးတစ်ပါတီက ခေါင်းဆောင်သစ်ကို မရွေး ချယ်နိုင်ခင်အထိတော့ ဂျွန်ဆင်က ဝန်ကြီးချုပ်အဖြစ် ခဏ ဆက် တာဝန်ယူထားပေးရမယ်။

ဂျွန်ဆင် ဝန်ကြီးချုပ်အဖြစ် နဲ့ ပါတီခေါင်းဆောင်အဖြစ်ကနေ ကျဆုံးခန်းရောက်ရတာဟာ ရွေး ကောက်ပွဲရှုံးလို့လည်း မဟုတ်ဘူး။ လွှတ်တော်ထဲမှာ အတိုက်အခံ ပါတီက အယုံအကြည်မရှိ အဆိုတင်သွင်းတာ နိုင်သွားလို့လည်း မဟုတ်ဘူး။ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်၊ပါတီ ခေါင်း ဆောင်တစ်ယောက်မှာ ရှိသင့် ရှိအပ်တဲ့ ဂုဏ်သိက္ခာမရှိတဲ့အတွက် သူ့ခေါင်းဆောင်မှုကို ပါတီနဲ့ မဲဆန္ဒရှင်တွေက ယုံကြည်မှုကင်းမဲ့လာတာကြောင့် နုတ်ထွက်လိုက်ရတာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂအဖွဲ့ကနေ နုတ်ထွက်ရေးနဲ့ပတ်သက်ပြီး ဗြိတိန် – အီးယူ ညှိနှိုင်းမှုတွေ မှာ အဆင်မပြေတာတွေဖြစ်ခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် ထရီဇာမေ ပါတီခေါင်းဆောင် အဖြစ်က ၇ ဇွန် ၂၀၁၉ ခုနှစ် မှာ နုတ်ထွက်တယ်။ ဝန်ကြီးချုပ်အဖြစ်နဲ့ ခေတ္တဆက်လက်တာဝန်ယူထား တယ်။ ၂၃ ဇူလိုင် ၂၀၁၉ ခုနှစ်မှာ ကွန်ဆာဗေးတစ်ပါတီက ဂျွန်ဆင်ကို ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့တဲ့အတွက် ၂၄ ဇူလိုင်မှာ ထရီဇာမေ ဝန်ကြီးချုပ်အဖြစ်က နုတ်ထွက်ပြီး ဘောရစ် ဂျွန်ဆင် ဝန်ကြီးချုပ်ဖြစ်လာတယ်။

ဂျွန်ဆင် ဝန်ကြီးချုပ်ဖြစ်လာပြီးတော့ လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အသစ် လုပ်ဖို့ ဆုံးဖြတ်တယ်။ တကယ်တော့ အဲဒီအချိန်မှာ လက်ရှိ လွှတ်တော်က ၂၀၁၇ ဧပြီ ကမှ ရွေးကောက် ထားတာ သက်တမ်းမကုန်သေးဘူး။ ဒါပေမယ့် လွှတ်တော်ထဲမှာ ကွန်ဆာဗေးတစ်ပါတီက အမတ်နေရာ ၆၅၀ အနက် ၃၁၇ နေရာပဲ နိုင်တဲ့အတွက် အခြားပါတီငယ်တစ်ခုနဲ့ ပေါင်းပြီး အစိုးရဖွဲ့ထားရ တယ်။ ဂျွန်ဆင်က အီးယူကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးကိစ္စမှာ စိတ်တိုင်းကျ ဆောင်ရွက်ချင်ရင် လွှတ်တော်ထဲမှာ အင်အားကောင်းဖို့ လိုတယ်လို့ယူဆတဲ့အတွက် ရွေးကောက်ပွဲ အသစ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။ ။

ဒါဟာ အတော်စွန့်စားတဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ကွန်ဆာဗေးတစ်ခေါင်းဆောင်တချို့က ကန့်ကွက်ခဲ့ကြတယ်။ ဒါပေမယ့် ဂျွန်ဆင်ကတော့ ဗြိတိန်လမ်းခွဲကိစ္စကို ရွေးကောက်ပွဲ အဓိက မူဝါဒ အဖြစ်ထားရှိ စည်းရုံးခဲ့တဲ့အတွက် ၁၂ ဒီဇင်ဘာ ၂၀၁၉ ရွေးကောက်ပွဲမှာ ကွန်ဆာဗေး တစ်ပါတီက အမတ်နေရာ ၄၈ နေရာတိုးပြီး ၃၆၅ နေရာ နိုင်တယ်။ အတိုက်အခံ လေဘာပါတီက ၂၆၂ နေရာကနေ အမတ်နေရာ ၆၀ လျော့ပြီး ၂၀၂ နေရာပဲနိုင်တယ်။

မရှုမလှ အရေးနိမ့်ခဲ့တဲ့ လေဘာပါတီခေါင်းဆောင် ဂျရမီကိုဘင် ကတော့ ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်လိုက် တယ်။ ဒီမိုကရေစီစနစ်မှာတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အောင်မြင်မှုမရရင် ရှုံးနိမ့်မှုအတွက် တာဝန်ယူတဲ့အနေနဲ့ ပါတီခေါင်းဆောင် နုတ်ထွက်ရတာထုံးစံပဲ။ ဆင်ခြေအမျိုးမျိုးပေးပြီး ထိုင်ခုံဖက်နေလို့ မရဘူး။

ဂျွန်ဆင်ရဲ့ အောင်မြင်မှုက ၁၉ ၈၇ ခုနှစ်နောက်ပိုင်းမှာ ကွန်ဆာဗေးတစ်ပါတီအများဆုံးအနိုင်ရတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ဒါ့ကြောင့် ၂၀၂၀ ပြည့်နှစ်မှာ ဘောရစ်ဂျွန်ဆင်ရဲ့ နိုင်ငံရေးစန်း အမြင့် ဆုံးရောက်ခဲ့တယ်။ အဲဒီနောက်မှာတော့ ဂျွန်ဆင်ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာအပေါ်မှာ လူတွေ ယုံကြည်မှုကင်းမဲ့စေတဲ့အဖြစ်တွေနဲ့ ရင်ဆိုင်လာရတယ်။

ပထမဆုံးကိစ္စကတော့ “ ကိုဗစ်ကာလ ပျော်ပွဲ ရွှင်ပွဲ အရှုပ်တော်ပုံ” ကိစ္စပဲ။ ကိုဗစ် ၁၉ ကူးစက်မှု ပြင်းထန်လို့ ဗြိတိန်တစ်နိုင်ငံလုံး လော့ဒေါင်းလုပ်ထားတဲ့အချိန်၊ စည်းကမ်းချိုးဖောက်သူတွေကို အရေးယူနေတဲ့အချိန်မှာ ဘောရစ်ဂျွန်ဆင်နဲ့ ဝန်ကြီးတွေ၊ ရုံးအဖွဲ့သားတွေ ဝန်ကြီးချုပ် အိမ်တော် မှာ တံခါးပိတ်ပြီး ပါတီပွဲတွေ ကျင်းပခဲ့တဲ့ အကြောင်း ၂၀၂၁ နှစ်ကုန်ပိုင်းမှာ သတင်းပေါက် ကြား လာခဲ့ပြီး လန်ဒန်ရဲတပ်ဖွဲ့နဲ့ လွှတ်တော်က စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ရတယ်။

အစပိုင်းမှာ ဂျွန်ဆင်က အဲဒီကိစ္စကို သူမသိဘူးလို့ငြင်းတယ်။ နောက်တော့ အဲဒီလိုပွဲ သုံးခုကို သူတက်ခဲ့တယ်ဆိုတာ ဝန်ခံခဲ့တယ်။ ရဲတပ်ဖွဲ့က ဝန်ကြီးချုပ်ကို ဒဏ်ငွေရိုက်ခဲ့တယ်။ လွှတ်တော် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဂျွန်ဆင်နဲ့ အဲဒီကိစ္စတွေမှာပါဝင်တဲ့ ဝန်ကြီးအချို့ကို ပြစ်တင် ရှုံ့ချခဲ့တယ်။ အတိုက်အခံတွေက ဂျွန်ဆင် နုတ်ထွက်ပေးဖို့တောင်းဆိုပေမယ့် ဂျွန်ဆင် ကတော့ နုတ်ထွက်ဖို့ ငြင်းဆန်ခဲ့တယ်။

ဒါပေမယ့် အဲဒီဖြစ်စဉ်ကြောင့် ဂျွန်ဆင်ရဲ့ ခေါင်းဆောင်မှုနဲ့ ဂုဏ်သိက္ခာအပေါ် ပြည်သူတွေက မေးခွန်းထုတ် လာခဲ့တယ်။ အဲဒီအရှုပ်တော်ပုံနောက်ပိုင်းကျင်းပတဲ့ မေ ၂၀၂၂ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ဒေသန္တရွေး ကောက်ပွဲတွေမှာ ကွန်ဆာဗေးတစ်ပါတီနေရာအတော်များများ ဆုံးရှုံးခဲ့ရတယ်။

၂၀၂၂ ဇွန်လရောက်တော့ ကွန်ဆာဗေးတစ်ပါတီဝင် လွှတ်တော်အမတ်အချို့က ဂျွန်ဆင်ရဲ့ ခေါင်းဆောင်မှုအပေါ် အယုံအကြည်မရှိကြောင်း ပါတီလွှတ်တော်ကော်မတီမှာ အဆို တင်သွင်းတယ်။ အဲဒီအဆိုကို ပါတီစည်းကမ်းအတိုင်းမဲခွဲတော့ အမတ် ၃၅၉ ဦးမှာ ၂၁၁ ဦးက ဂျွန်ဆင်ကို ထောက်ခံပြီး ၁၄၈ ယောက်က ဂျွန်ဆင်ကို ကန့်ကွက်တဲ့အတွက် အများစု သဘောထားအရ ဂျွန်ဆင် ပါတီခေါင်း ဆောင်နဲ့ ဝန်ကြီးချုပ်အဖြစ် ဆက်တာဝန်ယူတယ်။

ဒါပေမယ့် ဂျွန်ဆင်ဟာ မဲဆန္ဒရှင်တွေရဲ့ ယုံကြည်မှုပြန်မရတော့ဘူး။ ဇွန်လအတွင်းမှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနှစ်ခုလုံးမှာ ကွန်ဆာဗေးတစ်ပါတီအရေးနိမ့်ခဲ့တယ်။ ပြည်သူတွေကြားမှာ ရော၊ ကွန်ဆာဗေးတစ်ပါတီဝင်တွေကြားမှာပါ ကိုဗစ်ကြောင့် စီးပွားရေးကျဆင်းနေတဲ့အခြေအနေ၊ ယူကရိန်းစစ်ပွဲကြောင့် လောင်စာဆီဈေးတွေ တက်၊ ငွေကြေးဖောင်းပွမှုနဲ့ ရင်ဆိုင်နေရတဲ့အခြေ အနေမှာ နိုင်ငံကို ဂျွန်ဆင် ခေါင်းဆောင်လို့ ဖြစ်ပ့ါမလားဆိုတဲ့ သံသယတွေပိုများလာတယ်။

အဲဒီအချိန်မှာပဲ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့မှာ လွှတ်တော် ကွန်ဆာဗေးတစ်ပါတီ ဒုတိယ ဆော်သြရေးမှူး Chris Pincher ဧည့်ခံပွဲတစ်ခုမှာ အရက်မူးပြီး လိင်စော်ကားမှုတွေ ကျူးလွန်ခဲ့ တယ်ဆိုတဲ့ သတင်းထွက်လာတယ်။ Chris Pincher ကို ပါတီခေါင်းဆောင် ဂျွန်ဆင်က တာဝန်ပေး ထားတာ။ အဲဒီဖြစ်စဉ်နောက်ပိုင်းမှာ Chris Pincher ဟာ အရင်ကလည်း ဒါမျိုးဖြစ်ခဲ့ဖူးတယ်၊ ဒါကို ဂျွန်ဆင်က သိပေမယ့် ဖုံးကွယ်ပြီး အရေးကြီးတဲ့တာဝန်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေပေါ်ထွက် လာတယ်။

ကိုဗစ်ကာလ ပျော်ပွဲရွှင်ပွဲ အရှုပ်တော်ပုံ တုန်းကလိုပဲ ဂျွန်ဆင်က အရင်က ဒီလိုဖြစ်ခဲ့ဖူးတယ်ဆို တာကို သူမသိဘူး လို့ ငြင်းတယ်။ ဒါပေမယ့်နောက်ဆုံးကျတော့ သူ ကြားပေမယ့် အလေးထား စစ်ဆေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ဝန်ခံခဲ့တယ်။

ဒီတစ်ခါတော့ ပါတီဝင်လွှတ်တော်အမတ်တွေက ဂျွန်ဆင်အပေါ် ယုံကြည်မှုလုံးဝမရှိတော့တဲ့ အတွက် ပါတီ ခေါင်းဆောင်အဖြစ်က နုတ်ထွက်ပေးဖို့တောင်းဆိုကြတယ်။ ပြဿနာက ပါတီစည်းကမ်း အရ ပါတီ လွှတ်တော်ကော်မတီထဲမှာ ပါတီခေါင်းဆောင်ကို အယုံအကြည်မရှိ အဆိုတင်လို့ ရှုံးထားရင် တစ်နှစ်အတွင်း နောက်တစ်ကြိမ် အဆိုပြန်တင်သွင်းလို့မရဘူး။ ဒါ့ကြောင့် ဂျွန်ဆင်က နောက်တစ်ကြိမ် ရွေးကောက်ပွဲအထိ သူဆက်ပြီးတာဝန်ယူမယ်လို့ ပြောပြီး နုတ်ထွက်ဖို့ ငြင်းဆန်ခဲ့တယ်။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကိုယ်တိုင်က ဂျွန်ဆင်ရဲ့ ခေါင်းဆောင်မှု ကို လက်မခံနိုင်ကြတော့ဘူး။ ဇူလိုင်လ ၅ ရက် နဲ့ ၆ ရက်နေ့တွေမှာ ဘဏ္ဍာရေးဝန်ကြီး အပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီးနဲ့ အခြားထိပ်တန်းအရာရှိ ငါးဆယ်ကျော် နုတ်ထွက်စာ တင်ခဲ့ ကြတယ်။ သူတို့နုတ်ထွက်စာတွေထဲမှာ ဝန်ကြီးချုပ်ရဲ့ ခေါင်းဆောင်မှုအပေါ် ယုံကြည်မှုမရှိတော့ တဲ့အကြောင်းဖော်ပြခဲ့တယ်။ ဂျွန်ဆင်ရဲ့ အနီးကပ်ဆုံးနိုင်ငံရေးမိတ်ဆွေတွေကလည်း ဂျွန်ဆင်ကို နောက်တစ်ကြိမ်အယုံအကြည်မရှိ အဆိုတင်သွင်းနိုင်အောင် ပါတီစည်းကမ်းတွေကို ပြင်ပြီး ဖြုတ်ချ ခံရတာထက်စာရင် ကိုယ့်အပြစ်ကို ကိုယ်တာဝန်ယူပြီး နုတ်ထွက်တာကောင်းတယ်လို့ တိုက်တွန်း ခဲ့ကြတယ်။

နောက်ဆုံးတော့ ဇူလိုင် ၇ ရက်နေ့မှာ ဘောရစ်ဂျွန်ဆင်က ပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက် ကြောင်းကြေညာလိုက်ရတယ်။ သူ့ နှုတ်ဆက်မိန့်ခွန်းမှာ ပါတီမှာ ခေါင်းဆောင်သစ်၊ နိုင်ငံမှာ ဝန်ကြီးချုပ် သစ် လိုအပ်နေတဲ့အတွက် သူနုတ်ထွက်ရတဲ့အကြောင်းပြောသွားခဲ့တယ်။

ခေါင်းဆောင်တစ်ယောက်ဟာ ဂုဏ်သိက္ခာလည်းမရှိ၊ အောင်မြင်အောင်လည်း မစွမ်းဆောင်နိုင်၊ အောက်ခြေရဲ့ ယုံကြည်အားကိုးမှုလည်း မရဘူးဆိုရင် ကိုယ့်တာဝန်ကိုယ်ယူပြီး နုတ်ထွက်လိုက် တာအကောင်းဆုံးပဲ ဆိုတာကို ဘောရစ် ဂျွန်ဆင်ရဲ့ အဖြစ်အပျက်က သက်သေပြလိုက်တာပါပဲ။

One thought on “ဘောရစ်ဂျွန်ဆင်ပေးတဲ့ သင်ခန်းစာ

Leave a comment