သီရိလင်္ကာ သင်ခန်းစာ

၂၀၂၂ ခုနှစ် အစပိုင်းထဲက စတင်လာတဲ့ သီရိလင်္ကာ စီးပွားရေးအကျပ်အတည်းဟာ ဒီနေ့ ဇူလိုင်လ ၁၃ ရက်နေ့ မနက်မှာ သမ္မတ ဂိုတာဘာယာ ရာဂျာပါ့ခ်ဆာ နိုင်ငံက ထွက်ပြေးသွား တာနဲ့ အဆုံး သတ်သွားခဲ့တယ်။

ကိုဗစ်၁၉ ကပ်ရောဂါ နဲ့ ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတိုင်းလိုလို စီးပွားရေးအကျပ်အတည်းနဲ့ ကြုံတွေ့နေရချိန်မှာ သီရိလင်္ကာနိုင်ငံကတော့ ကြွေးပြန်မဆပ်နိုင်လို့ ဒေဝါလီခံရတဲ့အဆင့် ရောက်ပြီး နိုင်ငံစီးပွားရေးလည်း ပြိုလဲတဲ့အထိ ၊ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေတောင် ဖြည့်ဆည်းမပေးနိုင်တော့တဲ့ အထိ ဖြစ်ခဲ့ရတယ်။

သီရိလင်္ကာနိုင်ငံ အခုလို မွဲပြာကျရတဲ့ အခြေအနေရောက်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းက ဆွေမျိုးတပည့်ကောင်းစားရေးဝါဒ ကြောင့် ဖြစ်တယ်လို့ အကဲခတ်လေ့လာသူ တွေ က သုံးသပ် ကြတယ်။ သူတို့က ဆွေမျိုးတပည့်ကောင်းစားရေးဝါဒ ကြောင့် အဂတိလိုက်စားမှုတွေပို များ၊ အရည်အချင်းမရှိတဲ့သူတွေကို အရေးကြီးတာဝန်ပေးတော့ မူဝါဒအလွဲအမှားတွေဖြစ်ပြီး နောက်ဆုံး တိုင်းပြည်စီးပွားရေး ပြိုလဲတဲ့အထိ ဖြစ်ခဲ့ရတာလို့ဆိုတယ်။

၂၀၀၄ ခုနှစ်နောက်ပိုင်းမှာ သီရိလင်္ကာနိုင်ငံရေးကို ရာဂျာပါ့ခ်ဆာ မိသားစုက လက်ဝါးကြီးအုပ်ထား ခဲ့တယ်။ ညီအကို လေးယောက်မှာ မဟင်ဒါ ရာဂျာပါ့ခ်ဆာ က ၂၀၀၄ ခုနှစ် မှာ ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ၂၀၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ သမ္မတ ဖြစ်ခဲ့တယ်။ မဟင်ဒါက တမီလ်ပြောက်ကျားအဖွဲ့တွေကို အမြစ်ပြတ်အောင်ချေမှုန်းနိုင်တာကြောင့်လူကြိုက်များလာ တာကို အခွင့်ကောင်းယူပြီး တတိယသက်တမ်းတာဝန်ထမ်းဆောင်နိုင်ဖို့အတွက် အခြေခံဥပဒေ ကို ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် အဂတိလိုက်စားမှုတွေကြောင့်နာမည်ပျက်ပြီး ၂၀၁၅ သမ္မတ ရွေးကောက်ပွဲ ရှုံးသွားတယ်။

၂၀၁၉ နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ ညီဖြစ်သူ ဂိုတာဘာယာ ရာဂျာပါ့ခ်ဆာ ဝင်ပြိုင်ဖို့ ဆုံး ဖြတ်ခဲ့တယ်။ သမ္မတ ရွေးကောက်ပွဲမတိုင်ခင် ဧပြီ ၂၁ ရက်နေ့ အီစတာ ပွဲတော်နေ့မှာ အစ္စလမ် စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့က ကိုလံဘို မြို့တော်မှာ ရှိတဲ့ ဟိုတယ်သုံးခု နဲ့ ခရစ်ယန် ဘုရား ကျောင်း သုံးကျောင်းကို အသေခံဗုံးခွဲတိုက်ခိုက်တဲ့ အတွက် လူ ၂၆၉ ဦးသေဆုံးခဲ့တယ်။ အဲဒီတိုက်ခိုက် မှုကို အကြောင်းပြုပြီး ဂိုတာဘာယာက သူ့အစ်ကို လက်ထက်မှာ တမီလ်ပျောက်ကြားတွေကို နှိမ်နင်းခဲ့တာကို ပြန်ထောက်ပြပြီး အမျိုးသားလုံခြုံရေး အထိုင်ပေါ်က မဲဆွယ်ခဲ့တဲ့အတွက် ရွေးကောက်ပွဲအနိုင်ရပြီး သမ္မတ ဖြစ်လာတယ်။

ရာဂျာပါ့ခ်ဆာ မိသားစုတွေ အာဏာလက်ဝါးကြီးအုပ်ပုံက ရှားမှ ရှားလို့ ဆိုရမယ်ထင်တယ်။ မဟင်ဒါ သမ္မတဖြစ်ချိန်က သူ့ညီ ဂိုတာဘာယာက ကာကွယ်ရေးဝန်ကြီးတာဝန်ယူတယ်။ ညီ အငယ်ဆုံး ဘာဆဲလ် က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးတာဝန်ယူခဲ့တယ်။ အကိုအကြီး ဆုံး ချမားလ် က ဆည်မြောင်းနဲ့ ရေအရင်းအမြစ်ဝန်ကြီး တာဝန်ယူတယ်။ ယောက်ဖဖြစ်တဲ့ သူကို နိုင်ငံပိုင်လေကြောင်းလိုင်း ဥက္ကဋ္ဌခန့်တယ်။

ဂိုတာဘာယာ သမ္မတဖြစ်တော့ အကိုဖြစ်တဲ့ မဟင်ဒါက ဝန်ကြီးချုပ်လုပ်တယ်။ ညီအငယ်ဆုံး ဘာဆဲလ်က ဘဏ္ဍာရေးဝန်ကြီးလုပ်တယ်။ အကိုအကြီးဆုံး ချမားလ်က စိုက်ပျိုးရေးဝန်ကြီး လုပ်တယ်။ မဟင်ဒါရဲ့ သားနှစ်ယောက်မှာ တစ်ယောက်က အားကစားဝန်ကြီးလုပ်တယ်။ တစ် ယောက်က ဝန်ကြီးချုပ်ရုံး ညွှန်ချုပ်လုပ်တယ်။

ဒါက ဝန်ကြီးအဆင့်တွေပဲ ပြောတာပါ။ Indian Express သတင်းစာ အဆိုအရ အစိုးရဌာနတွေ၊ ဘုတ်အဖွဲ့တွေ၊ ကော်ပိုရေးရှင်းတွေက အရေးကြီးတဲ့ နေရာတွေမှာ ရာဂျာပါ့ခ်ဆာ မိသားစုဝင်နဲ့ ဆွေမျိုး လေးဆယ်ကျော်ရှိတယ်လို့ဆိုတယ်။

အစိုးရအဖွဲ့ထဲမှာ ရာဂျာပါ့ခ်ဆာ တွေဘယ်လောက်များလဲဆိုရင် သီရိလင်္ကာနိုင်ငံကို ပထမဆုံး ရောက်ဖူးတဲ့ နိုင်ငံခြားသံတမန်တစ်ယောက်ဟာ ထုံးစံအတိုင်း ဝန်ကြီးတွေ၊ အရေးပါတဲ့ ဌာန အကြီးအကဲတွေကို လိုက်တွေ့တဲ့အခါ ရာဂျာပါ့ခ်ဆာ တွေများလွန်းလို့ “သီရိလင်္ကာနိုင်ငံသား တွေက ရာဂျာပါ့ခ်ဆာ ဆိုတဲ့ နာမည်ကို အရမ်းကြိုက်ပါလား” ဆိုပြီး မှတ်ချက်ချတယ် ဆိုတဲ့ နိုင်ငံ ရေးပြက်လုံးတောင် ခေတ်စားခဲ့ဖူးတယ်။

၂၀၂၂ ခုနှစ် ဧပြီလ က စပြီး နိုင်ငံရေးစီးပွားရေး အကျပ်အတည်းပြင်းထန်လာတော့ မဟင်ဒါ ရာဂျာပါ့ခ်ဆာ ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးရတယ်။ နောက်တော့ ဘာဆဲလ် နဲ့ ချမားလ် ဝန်ကြီးရာထူးတွေကနေ နုတ်ထွက်ပေးရတယ်။ သမ္မတ ဂိုတာဘာယာကတော့ နုတ်ထွက်ပေး ဖို့ ငြင်းဆန်ပြီး ဝန်ကြီးချုပ်အသစ်ခန့်၊ အစိုးရ အဖွဲ့အပြောင်းအလဲလုပ်ပြီး အသက်ဆက်ဖို့ ကြိုးစား တယ်။ ဒါပေမယ့် စီးပွားရေးအခြေအနေက ကောင်းမလာတဲ့အပြင် လူထု ရဲ့ သည်းခံနိုင်စွမ်းက လည်း ကုန်ဆုံးလာတယ်။

နောက်ဆုံးတော့ ပြီးခဲ့တဲ့ စနေနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ ဆန္ဒပြသူတွေက သမ္မတ အိမ်တော်နဲ့ ဝန်ကြီးချုပ် နေအိမ်တွေကို ဝင်ရောက်စီးနင်း တဲ့ အထိ ဖြစ်လာခဲ့တယ်။ အဲဒီနောက်မှာ သမ္မတ ဂိုတာဘာယာ က ဇူလိုင်လ ၁၃ ရက်နေ့မှာ ရာထူးကနုတ်ထွက်ပေးမယ်လို့ ကတိ ပေးထား ခဲ့တယ်။

အခုတော့ ရာထူးက နုတ်ထွက်ကြောင်း ကြေညာမယ့် မနက်စောစောပိုင်းမှာ သမ္မတ ဂိုတာ ဘာယာ နဲ့ ဇနီး ဟာ မော်လဒေ့ဗ်နိုင်ငံကို လေယာဉ်နဲ့ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်။ ကျန်တဲ့ ရာဂျာပါ့ခ်ဆာ မိသား စုဝင်တွေလည်း သတင်းပျောက်နေတယ်။ သီရိလင်္ကာလွှတ်တော်ကတော့ သမ္မတ အသစ်ရွေးချယ်ဖို့လုပ်နေတယ်။

ကမ္ဘာ့သမိုင်းမှာ ဆွေမျိုးတပည့်ကောင်းစားရေးဝါဒနဲ့ တိုင်းပြည်ကို ဖျက်ဆီးခဲ့တာ ရာဂျာပါ့ခ်ဆာ တွေက ပထမဆုံးမဟုတ်သလို နောက်ဆုံးလည်းမဟုတ်ဘူး။ အဲဒီလိုပဲ ကိုယ့်အတတ်နဲ့ ကိုယ်စူးပြီး တိုင်းပြည်က ထွက်ပြေးရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေထဲမှာ သီရိလင်္ကာ သမ္မတ ဂိုတာဘာယာ ဟာ ပထမဆုံးမဟုတ်သလို နောက်ဆုံးလည်း ဖြစ်မှာမဟုတ်ဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: