ဆင်းရဲတွင်းမှ လွတ်ကင်းအောင်

လက်ရှိခေတ်ကာလ မှာ ကြုံတွေ့နေရတဲ့ လူမှုဘဝအကြောင်းလေးတွေကို ရေးတဲ့အခါ လက်ခံ သူ လည်းရှိ၊ ဝေဖန်ကန့်ကွက်သူလည်း ရှိတာပဲ။ တစ်နေ့ကတော့ အစိုးရဌာနတစ်ခု ရဲ့ အကြီးအကဲ အဖြစ် ကနေ သက်ပြည့်အငြိမ်းစားယူထားတဲ့ မိတ်ဆွေတစ်ယောက်နဲ့ စကားပြောတော့ သူက “ စီးပွားရေး အကျပ်အတည်းကတော့ တစ်ကမ္ဘာလုံးဖြစ်နေတာပဲလေ၊ ဘယ်တတ်နိုင်ပါ့မလဲ။ ဆင်းရဲ သားဆိုတာလည်း ခေတ်တိုင်းရှိတာပဲ လို့ပြောတယ်။

သူူ့စကားကြားတော့ မှတ်မှတ်ရရ သတိထားမိတဲ့ မှတ်ချက်နှစ်ခုကို သတိရတယ်။ ပထမတစ်ခုက မ ျှစ် ချဉ်ရောင်းတဲ့ “ကြောက်ခေတ် ဈေးသည်” အောက်မှ ရေးထားတာ။ ရေးတဲ့သူက “ မ ျှစ်သည် က သူ့ဟာ သူပျော်နေတာ၊ တောမှာ အိမ်လခလည်းမလိုဘူး၊ ရေမလာမှာလည်း ပူစရာ မလိုဘူး” လို့အစချီပြီး ဆင်းရဲသားတွေက သူ့ဘာသာသူ အဆင်ပြေနေတာကို ကျွန်တော်က မျက်ရည် ချူနေတာ လို့ဆို တယ်။ ( ပုံ ၁ ) ( သူရဲ့ ပရိုဖိုင်းကို ပိတ်ထားတဲ့အတွက် သူကိုယ်တိုင်ရော အဲဒီလို နေထိုင်နေသလား ဆို တာတော့ မသိရဘူး။ )

ဒုတိယတစ်ခုကတော့ “ အကျိုးအကြောင်း” ဆောင်းပါးအောက်ပါရေးထားတာပါ။ ရေးတဲ့သူက“ ဒါမျိုး အခက်အခဲတွေကို အခုမှ ကြားဖူးတာလား၊ ကျွန်တော်တို့ကတော့ ခေတ်အဆက်ဆက် ဘတ်စ်ကား တိုးစီးလာလို့ ဒီထက်ဆိုးတာတွေ အများကြီးပဲ” လို့အစချီပြီး ရေးထားတယ်။ သူကတော့ ဝန်ထမ်း ဖြစ် ပြီး အရင် သမ္မတ ဦးသိန်းစိန်ခရီးစဉ်တွေမှာလိုက်ပါခဲ့ဖူးပုံရတယ်။ ( ပုံ ၂)

ကျွန်တော့်မိတ်ဆွေနဲ့ မှတ်ချက်ရေးသူ နှစ်ယောက်လိုပဲ လက်ရှိ လူမှုစီးပွားဘဝတွေအကြောင်းရေး တာကို လက်မခံနိုင်တဲ့သူတွေပြောသမ ျှကို ပြန်ချုပ်လိုက်ရင် “ဆင်းရဲနွမ်းပါးမှုဆိုတာ ဟိုတုန်း ကလည်း ရှိတာပဲ။ စီးပွားရေး ကျပ်တည်းတယ်၊ ကုန်ဈေးနှုန်းတက် တယ်ဆိုတာလည်း ဘယ်အစိုးရ လက်ထက် မဆိုရှိ တာပဲ။ အခုမှဖြစ်တာ မဟုတ်ဘူး၊ စီးပွားရေးအကျပ်အတည်းကလည်း တစ်ကမ္ဘာ လုံးဖြစ်နေ တာ။ ဒါ့ကြောင့် ရေး တဲ့သူတွေက အစိုးရကို သိက္ခာချချင်လို့ရေးတာ” လို့ ပြောချင် တာပါပဲ။

အဲဒီစကားကို ပြန်မချေပခင် ဒီနေ့ မြန်မာနိုင်ငံမှာ စီးပွားရေးအကျပ်အတည်းနဲ့ ကြုံနေရတယ် ဆို တဲ့အချက်မှန်၊ မမှန် ပထမဆုံး ဆန်းစစ်ရမှာပေါ့။ အဲဒီအချက်ကို အတည်ပြုဖို့အတွက် ကွင်းဆင်း စစ်တမ်းကောက်ဖို့၊ စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာကိန်းဂဏန်းတွေကို ဆန်းစစ်ဖို့တောင် မလို ပါဘူး။ လူတစ်ဦးချင်းက လွန်ခဲ့တဲ့ နှစ်နှစ်က သူနေ့စဉ်လုပ်ကိုင်စားသောက်ရတဲ့ အခြေအနေ နဲ့ ဒီနေ့ အခြေအနေကို နှိုင်းယှဉ်ကြည့်လိုက်ရင် အဖြေဖော်နေပါပြီ။

ဒါပေမယ့် အပေါ်က မှတ်ချက် ရေးသူတွေပြောတဲ့ ဆင်းရဲနွမ်းပါးမှုဆိုတာခေတ်အဆက်ဆက် ရှိခဲ့တယ်ဆိုတာလည်းအမှန်ပဲ။။ဒါပေမယ့်ဒီမိုကရေစီစနစ်ဖြစ်ဖြစ်၊တစ်ပါတီစနစ်ဖြစ်ဖြစ်၊ အာဏာရှင် စနစ်ဖြစ်ဖြစ်တာဝန်သိတဲ့အစိုးရဆိုရင်မိမိတာဝန်ယူချိန်ကာလမှာ ဆင်းရဲနွမ်းပါးမှုကို အတတ်နိုင်ဆုံး လျော့ပါးအောင် လုပ်ကြ တယ်၊ လုပ်နိုင်တာကို ဂုဏ်ယူကြတယ်။

တရုတ်၊ ဗီယက်နမ် တို့လို တစ်ပါတီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာတောင် ကုလသမဂ္ဂက သတ်မှတ် ထားတဲ့ ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်မှာ ရှိတဲ့ လူ ဘယ်နှစ်သိန်းကို ဆင်းရဲနွမ်းပါးမှု အောက်က လွတ် မြောက်အောင် လုပ်နိုင်ခဲ့ပြီဆိုတာမျိုးကို ထုတ်ပြန်ကြေညာလေ့ရှိပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်တဲ့ နိုင်ငံတွေမှာဆိုရင်တော့ ပြောမနေနဲ့တော့။ အစိုးရ တိုင်းက အရင် အစိုးရထက် ဆင်းရဲနွမ်းပါး မှု လျော့ကျအောင်၊ ငွေကြေးဖောင်းပွမှု ကျဆင်းအောင်၊ အလုပ်လက်မဲ့နည်းအောင်တတ်နိုင်သမ ျှ ကြိုးစားပြီး ပြည်သူ့ ထောက်ခံမှုကို ရအောင် စည်းရုံး ကြတာပဲ။

ဒါ့ကြောင့် ခေတ်တိုင်းမှာ ဆင်းရဲနွမ်းပါးသူရှိနေပေမယ့် ကိုယ်တာဝန်ယူတဲ့ အချိန်မှာ ဆင်းရဲနွမ်းပါးသူ နည်းလာသလား၊ များလာ သလားဆိုတာက အစိုးရတစ်ရပ်ရဲ့ စွမ်း ဆောင်မှုကို တိုင်းတာတဲ့ ပေတံတစ်ခုဆိုရင် မှားမယ်မထင်ဘူး။

နောက်တစ်ခါ အခုအချိန်မှာ ကိုဗစ် ၁၉ ကြောင့်၊ ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံအားလုံးလိုလို စီးပွားရေး အကျပ် အတည်းနဲ့ ရင်ဆိုင်နေရ တယ်ဆိုတာလည်း အမှန်ပဲ။ ဒါပေမယ့် သက်ဆိုင်ရာ နိုင်ငံ အစိုးရရဲ့ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးမှု၊ လက်တွေ့ကျပြီး မှန်ကန်တဲ့ စီးပွားရေး မူဝါဒ၊ ထိရောက်တဲ့ လူမှု ဖူလုံရေး အကူအညီတွေ အပေါ် မူတည်ပြီး စီးပွားရေးကျဆင်းမှု ဒဏ်ခံ ရတာတော့ ကွာခြားပါတယ်။ အမေရိကန်မှာလည်း ဈေးတက်တယ်၊ အာဆီယံမှာလည်း ဈေးတက် တယ်လို့ ပြောရင် အဲဒီနိုင်ငံတွေရဲ့ တစ်ဦးချင်းဝင်ငွေ၊ အလုပ်အကိုင်အခွင့်အလမ်း နဲ့ အစိုးရများရဲ့ စီးပွားရေး မူဝါဒ တွေကို ပါ နှိုင်းယှဉ်ပြီး ပြောမှ သင့်တော်မှာပါ။

လူမှုစီးပွားဘ၀ အခက်အခဲတွေအကြောင်းပြောတဲ့အခါ ( ပုံ ၁ ) မှာမှတ်ချက်ရေးသလို ကျေးလက် ပြည်သူတွေက သူ့ဘဝသူ ကျေနပ်ပြီးသားဆိုတဲ့ အယူအဆမျိုးကတော့ အတော်လေးကို စာနာမှု ကင်းမဲ့တဲ့ မှတ်ချက်ပဲ။ လူမှန်ရင် ကိုယ့်အခြေအနေ၊ ကိုယ့်မိသားစု အခြေအနေကို လက်ရှိ အခြေ အနေထက်ပိုကောင်းစေချင်တဲ့ သူတွေချည်းပါပဲ။ ရွာသားလည်း ရွာသားအလျောက် အလုပ်အကိုင် အဆင်ပြေ၊ သီးနှံတွေဈေးကောင်းရ၊ ဆိုင်ကယ်စီးချင်၊ တရုတ်ဖုန်းလေးတော့ ကိုင် ချင်၊ ကိုယ့်ရွာကို မီးလင်းစေချင်၊ ကိုယ့်အိမ်မှာလည်း ဒယ်နီလေးနဲ့ ပေါင်းအိုးနဲ့ထမင်းဟင်းချက် ချင်တာပဲ။ ကျန်းမာရေး၊ လူမှု ရေး ကိစ္စအ၀၀ အဆင်ပြေချင်တာပဲ။ အဲဒါကိုဖြည့်ဆည်းပေးနိုင်ရင် အစိုးရ တာဝန်ကျေတာပေါ့။ မဖြည့်ဆည်းပေးနိုင်ရင် တာဝန်မကျေဘူးပေါ့။

အဲဒါဆိုရင် ပြည်သူတွေလိုချင်သမ ျှ အစိုးရက လုပ်ပေးရမှာလားလို့ မေးစရာရှိပါတယ်။ မဟုတ် ပါဘူး။ ဘယ်အစိုးရကမှ ပြည်သူတွေလိုချင်သမ ျှ ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာမရှိဘူး။ ဒါပေမယ့် လူတိုင်း အလုပ်အကိုင်အခွင့်အလမ်းရှိအောင်၊ ဝင်ငွေ၊ ထွက်ငွေ မ ျှတနိုင်မယ့် အခြေအနေတစ်ခု ရှိ အောင်ဖြည့်ဆည်းပေးဖို့တော့ကြိုးစားရမယ်၊ပြည်သူတွေ အခက်အခဲဖြစ်နေတာကို စာနာ နားလည် ခံစားပေးနိုင်ရမယ်၊ ကိုယ့်မှာ အားနည်းချက်ရှိရင်လည်း ဝန်ခံရမယ်။

တစ်ခြားမကြည့်နဲ့၊ မြောက်ကိုရီးယားနိုင်ငံက ကင်ဂျုံအမ်လို အာဏာပြင်း ဓားထက်တဲ့ ခေါင်းဆောင်တောင် ၂၀၂၀ ပြည့် နှစ်က ကျင်းပတဲ့ အာဏာရ အလုပ်သမားပါတီ ပါတီတည်ထောင် တဲ့ ၇၅ နှစ်ပြည့်အခမ်းအနား မှာ ပြည်သူတွေရဲ့ စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ပျက်ကွက် တဲ့အတွက် တောင်းပန်ရင်း မျက်ရည်ကျခဲ့တယ်။

ဒီနေရာမှာ ကင်မ်ဂျုံအမ် ဟန်ဆောင် တာပါ လို့ ပြောမယ့်သူလည်း ရှိမှာပဲ။ တကယ်လို့ ဟန်ဆောင်တယ်ဆိုရင်တောင် ပြည်သူတွေအခက်အခဲကို မသိချင် ယောင်ဆောင်ပြီး လေထဲ တိုက်အိမ်ဆောက်၊ အိပ်မက်ထဲမှာ ပဒေသာပင်ပေါက်နေတဲ့ ခေါင်းဆောင် မျိုးထက်တော့ သာပါ သေးတယ်လို့ ဆိုရမှာပါ။

တကယ်တော့ နိုင်ငံတိုင်း တစ်ချိန်မဟုတ် တစ်ချိန်မှာ စီးပွားရေးအကျပ်အတည်းနဲ့ ကြုံရတာပါပဲ။ အဲဒီလို ကြုံရတဲ့အခါ သက်ဆိုင်ရာအစိုးရတွေ၊ ပညာရှင်တွေက သီအိုရီတွေ၊ စကားလုံးကြီးကြီးတွေ နဲ့ စီးပွားရေးအခြေအနေကို သုံးသပ်ကြ၊ ထောက်ခံကြ၊ ဝေဖန်ကြတာလည်းထုံးစံပါပဲ။

ဒါပေမယ့် သာမာန် ပြည်သူတွေကတော့ စီးပွားရေးသီအိုရီတွေ ဘာတွေ နားမလည်ဘူး။ သူတို့ နေ့စဉ် လူနေမှုဘ၀ မှာ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ပဲ အဲဒီစီးပွားရေးအကျပ်အတည်းကို ဖြေရှင်းဖို့တာဝန်ရှိသူတွေရဲ့ အရည်အချင်းနဲ့ စိတ်စေတနာကို ဆုံးဖြတ်ကြမှာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: