တိုက်တိုက်ဆိုင်ဆိုင် ပြန်တက်လာတဲ့ လွန်ခဲ့တဲ့ ခြောက်နှစ် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့မှာ ရေးခဲ့တဲ့စာ
မဖတ်ရသေးသူများ ဖတ်ပြီး အတွေးနယ်ချဲ့နိုင်ဖို့မ ျှဝေလိုက်ပါတယ်။
=====================================================
ပြန်ပေါင်းထုပ်ခန်း
တကယ်တော့ မင်္ဂလာသာဆောင်ခဲ့တာ။ တစ်ယောက်အကြောင်းတစ်ယောက် ရေ ရေ လည်လည် သိခဲ့ကြတာ မဟုတ်ဘူး။ မသိတာလည်းမပြောနဲ့၊ဒီနှစ်ရွာက ဟို ဘေးတွေ ဘီတွေခေတ် က ပဲ အဆက်အသွယ်ရှိခဲ့တာကိုး။ ဒါတောင်မှ သာရေး နာရေးဆိုမှ သူ့ရွာ ကိုယ့်ရွာ အဆက် အဆံရှိခဲ့တာလေ။ နှစ်အိမ့်တစ်အိမ်နေခဲ့ရတာမှမဟုတ်တာ။
ဟောအဖိုးတို့အဖေတို့ခေတ်အရေးပိုင်ပြောင်းသွားတော့ပိုဆိုးသွားရော။ နောက်အရေးပိုင် က ဟိုဘက်ရွာ၊ ဒီဘက်ရွာ ကူးလူးသွားလာတာ မကြိုက်လှဘူး။ ကိစ္စရှိရင် သူ့လာပြော၊ သူရှင်းမယ်၊ ဟိုရွာ၊ ဒီရွာမသွားကြနဲ့ပေါ့။ ပြီးတော့ ရွာချင်းတောင်သူက အဆင့်ခွဲသေးတာ။
သူ့အတွက်အခွန်အကောက်များများရတဲ့ရွာ၊ စပါး၊ ငါး အထွက် ကောင်းတဲ့ရွာကျတော့ မျက်နှာသာပေးတယ်။ ပေးဆို ဒီရွာက အခွန် ငွေနဲ့ သူကလည်း ဘုရင်ခံကို မျက်နှာလုပ် ရတာကိုး။ အဲဒီရွာမျိုးကျတော့ လမ်းကောင်း၊ မီးကောင်း၊ ကျောင်း ကောင်းပေါ့။
ဒီတော့ အဲဒီရွာဆို သူကြီးက အတော်လုပ်ပိုင်ခွင့်ရှိတယ်။ မြို့ နဲ့လည်း နီးတော့ ရွာသား တွေက လည်း ဟိုရွာနဲ့ယှဉ်ရင်တော့ မျက်စိကြီးနားကြီး လို့ပြောနိုင် တယ်။
မျက်နှာမွဲရွာကျတော့ သူကြီးခန့်တာတောင် သူကြိုက်မှ၊ သူကြိုက်ရင် အဖေသေရင် သားကို သူကြီးခန့်ပေမယ့် သူမကြိုက်ရင် သားကိုဘေးဖယ်ပြီး တူတော်သူကို ခန့်ချင်ခန့် တာ။ မျက်နှာမွဲတဲ့အပြင် ခေါင်လွန်းတော့ အရေးပိုင်က စိတ်မ ဝင်စားဘူး။ မင်းတို့ဘာသာ အဆင်ပြေအောင်နေ၊ ငါ့ကိုအလုပ်မလာမရှုပ်နဲ့။ ပြဿနာ ဖြစ်လာရင်တော့ ငါ့ကို အဆိုး မဆိုနဲ့ ဒီလိုထားတာ။
ပြောသာပြောရတယ်။အရေးပိုင်ရဲ့နည်းကအလုပ်တော့ဖြစ်သား။ သူ့အတွက်လည်း အလုပ် သက်သာတာပေါ့။ နှစ်ရွာလုံးကလည်း သူ့ဟာနဲ့သူတော့ကျေနပ်နေတာပဲ။ ဒီလို နဲ့ လူကြီးတွေအခေါ်ခေတ်ပျက်နဲ့ကြုံရော၊ ခေတ်ပျက်ကြီးကျော်တော့ အရေးပိုင် ပြန်ရောက် လာတယ်။ ဒါပေမယ့် အရင်လိုတော့ အာဏာမကြီးတော့ဘူး။ အုပ်ချုပ်မယ့်စနစ်ကလည်း ပြောင်းသွားပြီ။ နီးရာရွာတွေပေါင်း၊ ကိုယ့်ဘာသာကိုယ်အုပ်ချုပ်ဆိုတဲ့စနစ်ဖြစ်လာတယ်။
ဒီလိုနဲ့ ရွာနှစ်ရွာပေါင်းဖို့ဖြစ်လာရော၊ ဒါပေမယ့် ရွာလေးက လူတွေက အင်တင်တင်၊ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲများဖြစ်မလားကြောက်သေးတယ်။ ဒါပေမယ့် ရွာကြီးကလူတွေက ခင်ဗျားတို့က ဘာမှ သိတာမဟုတ်ဘူး။ ခင်ဗျားတို့ပဲနေရင် ဟိုမြို့က လူတွေက လူလည်ကျတာခံရမှာပေါ့၊ ကျုပ်တို့က ဒီကောင်တွေနဲ့လုပ်စားလာတာ အံတို နေပြီဆိုပြီးရှင်းပြတော့ အေးလေ ငါတို့လက်ထက်သာ အဆက်အဆံနည်းတာ၊ ဘေး ဘီ တို့ခေတ်ကတော့ ပေါင်းခဲ့ကြသားဆိုပြီး သဘောတူလိုက်ရော။ ဒီတော့ ထုံးစံအတိုင်း နှစ် ရွာတစ်ရွာဖြစ်အောင် ရွာကြီးက သူကြီးသားနဲ့ ရွာလေးက သူကြီးသမီး သားပေး၊ သမီးယူ လုပ်တာပေါ့။
မင်္ဂလာဆောင်တော့လည်း ရွာကြီးသားတွေက ဆရာကြီးပေါ့။ မြို့မှာဆို ဟိုလို၊ ဒါက ဒီလို ဆိုပြီး ခုံခင်းတာ၊ ဧည့်သည်ဖိတ်တာ၊ အခမ်းအနားမှူးလုပ်တာ ကျွေးမွေးတာ အကုန်သူတို့ လက် သူတို့ခြေပေါ့ ။ သတို့သမီးဘက်တောင်မေးဖော်မရတော့ဘူး။ ဒါကလည်း နှိမ်တာ တော့မဟုတ်ဘူးပေါ့လေ။မင်္ဂလာပွဲကြီးခမ်းနားစေချင်တာကိုး။ဒါပေမယ့်ခက်တာကဟိုဘက် မှာလည်းသူ့ရပ်သူ့ရွာထုံးစံရှိတယ်။ အဲဒါလေးလည်း ပါစေချင်တာပေါ့။ မင်္ဂလာပွဲ မပျက် စေချင်လို့သာ အငြင်းအခုန်မလုပ်တာ ၊ စိတ်ထဲမှာတော့ ခိုးလိုးခုလုပေါ့။
မင်္ဂလာဆောင်ပြီးတော့လည်း ဒီအိမ်ထောင်ကိစ္စအ၀၀ က ရွာကြီးသားအမျိုးတွေပဲ ချယ် လှယ်တော့တာပဲ။ရွာလေးကစပါး၊ပဲ၊နှမ်းတောင်ရွာကြီးကတဆင့်ရောင်းပေးတာ၊ဈေးက လည်း သူတို့ပြောသမ ျှပေါ့။ ဒါတောင် ဟိုအရေးပိုင်ခေတ်ကဆို ဘာမှ ရတာမဟုတ်ဘူး ဆိုတာနဲ့ ကျေနပ်နေတာ၊ ရပ်ရေးရွာရေးဆိုလည်း ရွာကြီးသားပဲ။ ရွာလေးကလူတွေ ကတော့ ကူဘော်လောင်ဘက်သာသာပေါ့။ တစ်ခါ တစ်လေ မြို့က ဧည့်သည်တွေလာရင် တောင် တောသားတွေ မနေတတ် မထိုင်တတ်ဆိုပြီး ပွဲမထုတ်ချင်ဘူး။
ဒါပေမယ့် ရွာလေးသားဆိုတာလည်း အရင်ကသာ တောထဲတောင်ထဲ နေတာလေ။ ဒီဘက်ခေတ်ရောက်တော့ သူလည်း မြို့တွေဘာတွေရောက်လာတော့ မြင်တတ်လာပြီ။ ဒီ တော့ ရွာကြီးဘက် အမျိုးတွေပြောသမ ျှ ခေါင်းမငြိမ့်ချင်တော့ဘူး။ မိန်းမ အမျိုးတွေလည်း နေရာပေးရမှာပေါ့ဆိုတာမျိုးတွေးလာပြီ။ မင်းတို့ရောင်းတဲ့ပဲတွေထဲမှာ ငါတို့ဘက်က တစ်ဝက်ပါသကွာဆိုတာမျိုးပြောတတ်လာပြီ။အဲဒီတော့ဟိုဘက်အမျိုး၊ဒီဘက်အမျိုး အားပြိုင် ရာကနေ မိန်းမက စိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းသွားရော။
အဲဒီအခါကျတော့ ရွာကြီးသားရော၊ ရွာလေးသားပါ ခေါင်းမီးတောက်ပြီ။ ဒီလင်မယားက ကွဲလိုမဖြစ်ဘူး။ ဒါက နှစ်ရွာ့တစ်ရွာ ချစ်ကြည်ရေးသင်္ကေတကိုး။ နောက်ပြီး လင်မယား စိတ်ကောက်နေတုန်းတောင် မြို့သားတွေက အချောင်ဝင်နှိုက်ဖို့လုပ်နေတာ လင်မယား ကွဲ ရင် ဘယ်ပြောကောင်းမလဲ။ နှစ်ရွာလုံး ဒုက္ခရောက်မှာသေချာတယ်။
ဒီတော့ ပြန်ရင်ကြားစေ့ရေးလုပ်ကြတာပေါ့။ ရပ်မိရပ်ဘတွေခေါင်းချင်းရိုက်ကြ၊ တိုင်ပင်ကြ ပေါ့။ မြို့ပြန်ကလေးတွေကလည်း မြို့မှာဆိုရင် ဒီလိုကိစ္စဆိုရင် ဟိုလို လုပ်တယ်၊ဒီလို လုပ်တယ်ဆိုပြီး အကြံလည်းပေးကျရဲ့။ ဒီလိုနဲ့ ပြန်ပေါင်းထုတ်ဖို့အတွက် ယောကျာၤးလေး ဘက်က လူကြီးစုံရာနဲ့ မိန်းကလေးကို သွားပြန်ခေါ်ဖို့သဘောတူကြရော။ ဒါပေမယ့် ရိုး ရိုးခေါ်လို့တော့မရဘူး။
ဟိုတစ်ခေါက် တင်တောင်းတုန်းက ကောင်းပြီကောင်းရဲ့ နဲ့ နောက် တော့ မိန်းကလေးရှင်တွေပဲ အနှိမ်ခံရတာ၊ ဒီတစ်ခါ အစကနေပြန်စရမယ် ဆိုပြီး ရွာလေး သားတွေက ပြောတယ်။ ရွာကြီးသားတွေ ဘက်က ဒီတစ်ခါတော့ အကြောက်အကန်မပြောတော့ဘူး။ သူတို့လူ ဘက်က လွန်ခဲ့တာတွေလည်းရှိတာကိုး။ ဒီတော့ လူကြီးစုံရာနဲ့ ပြန်ခေါ်ပြီး နောက်ထပ် မင်္ဂလာပြန်ဆောင်ပေးဖို့ သဘောတူလိုက်တယ်။
ဒီလိုနဲ့ အစကောင်းမှ အနှောင်းသေချာအောင် ရက်ကောင်းရက်မြတ်တွေရွေး၊ မင်္ဂလာ ဆောင်အတွက် ပြင်ဆင်ကြပေါ့။ နှစ်ရွာလုံး အုန်းအုန်းကျွက်ကျွက်ပဲ။ အရင် မင်္ဂလာဆောင် ကို မမီလိုက်တဲ့ကလေးတွေကလည်း မီးခိုးတိတ်စားလိုက်မကွဲ့၊ ညလုံးပေါက်ပွဲကြည့်လိုက် မဟဲ့ဆိုပြီး ဟန်တပြင်ပြင်ပေါ့။
ခက်တာက ပထမတစ်ခါတုန်းကတော့ ဒီကိစ္စမျိုးဆိုရင် ရွာကြီးသားတွေဘက်မှတောင် လုပ်တတ် ကိုင်တတ်တဲ့သူက သုံးလေးယောက်ရှိတာ၊အခုတော့ နှစ်ရွာလုံးမှာ ကိုယ်သာ မင်္ဂလာမဆောင်ဘူးရင်နေမယ်၊ မင်းသားမင်းသမီး မင်္ဂလာဆောင်တာ ဗီဒီယိုထဲ ကြည့် ဖူး သားပဲဆိုတဲ့သူတွေချည်းပဲ။
ဘာပြောကောင်းမလဲ၊ ဖိတ်စာဒီဇိုင်းကစပြီး ဖိတ်စာစာသား ဘယ်လိုရေးမှာတုန်း၊ ဘယ်သူ တွေ ဖိတ်မလဲကစပြီး ခုံခင်းတာ၊ ထိုင်ခုံနေရာချတာ၊ ဧည့်ကြိုတာ၊ တီးဝိုင်းငှားတာ၊ စုလျား ရစ်ပတ်မှာလား၊ ရိုးရိုးဧည့်ခံမှာလား အလယ်၊ လက်ဖွဲ့သိမ်းတာ၊ ပစ္စည်းခွဲတာအဆုံး အုန်း အုန်းကျွက်ကျွက် သူ့ဘက် ကိုယ်ဘက် သူ့ရွာ ကိုယ့်ရွာ ဆွေးနွေးလိုက်ကြတာ၊ ရွာလုံး ကျွတ်ညှိတာကိုက ဆယ်လေးငါးခါ မကတော့ဘူး။ ဒါတောင် မြို့က လူတွေခေါ်ပြီး မင်္ဂလာ အခမ်းအနားအကြောင်း သိကောင်းစရာဟောခိုင်းတာတွေမပါသေးဘူး။
ကာယကံရှင်နှစ်ယောက်ကတော့ လူကြီးတွေ ညှိလို့ပြီးတဲ့အထိ စောင့်တုန်း။ ပြောသာ ပြောရတာနှစ်ယောက်လုံးက အသက် ခြောက်ဆယ်ကျော်နေပြီ။ အခုနေ ပြန်ပေါင်းထုပ်ရင်တောင် ဟန်နီးမွန်းပြန်ထွက်ဖို့ မလွယ်တော့ဘူး။
ဒါပေမယ့် နှစ်ဘက်အမျိုးတွေကတော့ မင်္ဂလာဆောင်နဲ့ပတ်သက်တဲ့ ကျမ်းကြီး ကျမ်းငယ် တွေခေါင်းပေါ်ရွက်ပြီး ငြင်းနေကြတုန်း။
