၁၃ စက္ကန့်

၁၃ စက္ကန့်

၁၃ စက္ကန့်ဆိုတာ ဘာမှ မကြာဘူး။ အဲဒီအချိန်ဟာ လူတစ်ယောက်ကို အကဲဖြတ်ဖို့အတွက် လုံလောက်တယ် လို့ ပြောရင် လက်ခံဖို့ခက်တယ်။ဒါပေမယ့် အဲဒီလို ဖြစ်ခဲ့တဲ့ သာဓကတွေလည်း ရှိတယ်။

အမေရိကန်သမ္မတ ထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် တို့ ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က စင်္ကာပူနိုင်ငံမှာ ထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့တယ်။ ဒီထိပ်သီး ဆွေးနွေးပွဲ ဟာ မြောက်ကိုရီးယား နိုင်ငံ စတင်ထူထောင်တဲ့ ၁၉ ၄၈ ခုနှစ်က စပြီး နှစ်နိုင်ငံ ခေါင်းဆောင် တွေ ကြား ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုဖြစ်တဲ့ အပြင် မြောက်ကိုရီးယားနိုင်ငံရဲ့ အနုမြူ ဗုံး နဲ့ တိုက်ချင်းပစ်ဒုံးပျံစမ်းသပ်မှုတွေကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေမြင့်မားနေတဲ့ အချိန်ဖြစ်တဲ့ အတွက် တစ် ကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြတယ်။

အထူးသဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် တစ်ယောက် ထိပ်သီး အစည်းအဝေး မှာ ဘယ်လို ပြုမူနေထိုင်၊ သွားလာလှုပ်ရှား မှာလဲဆိုတာကို စိတ်ဝင်စားခဲ့ကြတယ်။ မြောက်ကို ရီးယားနိုင်ငံဟာ တစ်ပါတီစနစ်ကျင့်သုံးတဲ့နိုင်ငံဆိုတော့ ပြည်တွင်းမှာဆိုရင် ကင်မ်ဂျုံအန်က အတု မရှိခေါင်းဆောင်ကြီးပေါ့။ ဒါပေမယ့် ကင်မ်ဂျုံအန် ဟာ အဲဒီအချိန်ထိ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ တွေ့ဆုံတာက လွဲရင် အခြားနိုင်ငံတကာခေါင်း ဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အတွေ့အကြုံ မရှိသေးဘူး။ ဒါ့ကြောင့် နိုင်ငံတကာမီဒီယာတွေ ရှေ့မှာ သူဘယ်လိုနေမလဲ၊ ထရမ့်ကို ရှိန်နေ မလား၊ ဒါမှမဟုတ် မျက်နှာထားတင်းတင်းနဲ့ ရန်လိုတဲ့ပုံ ဖြစ်နေမလား စသည်ဖြင့် အမျိုးမျိုး တွေးဆကြတယ်။

ထရမ့်ကတော့ စီးပွားရေးသမား၊ ရုပ်သံအစီအစဉ်တင်ဆက်သူ ဘဝကနေ နိုင်ငံရေးလောကထဲ ဝင် လာပြီး သမ္မတအထိ ဖြစ်လာတဲ့သူ၊ မူလပင်ကိုယ်သဘာဝကိုက ပြိုင်ဖက်တွေ ကို ကိုယ်ဟန် အမူအရာ၊ မျက်နှာ အမူအရာ၊ ကိုယ်ခန္တာအရွယ်အစား တွေကို သုံးပြီး လွှမ်းမိုးဖို့ ကြိုးစား တတ်တဲ့ အကျင့် ရှိ သူဖြစ်တယ်။ ၂၀၁၆ သမ္မတရွေးကောက်ပွဲအကြို စကားစစ်ထိုးပွဲတွေမှာ ဟီလာရီ ကလင်တန် ကို ပြုမူဆက်ဆံခဲ့ပုံနဲ့ သမ္မတဖြစ်ပြီးနောက် ဂျီ ၇ ထိပ်သီးအစည်းအဝေးမှာ အခြား ဂျီ ၇ အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်တွေအပေါ် ပြုမူဆက်ဆံပုံတွေက ထရမ့်ရဲ့ စရိုက်လက္ခဏာကို မြင် နိုင်တဲ့အကောင်းဆုံးသာဓကတွေပဲ။

ထရမ့်ကိုယ်တိုင်ကလည်း ကင်မ် နဲ့ထိပ်သီးအစည်းအဝေးမတိုင်ခင်မှာ သူတို့ နှစ်ယောက် တွေ့ ရင် ကင်မ်ဂျုံအန်ကို ဘယ်လိုကိုင်တွယ်ဆက်ဆံမယ်ဆိုတာကို အမျိုးမျိုး ကြွားလုံးထုတ်ခဲ့တယ်။ ဒါ့ကြောင့်လည်း ထိပ်သီးဆွေးနွေးပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာထက် မီဒီယာတွေ ရှေ့မှောက်မှာ ခေါင်းဆောင်နှစ်ယောက် ဘယ်လို ဆက်ဆံမလဲဆိုတာကို ပိုပြီး စိတ်ဝင်စားကြ တယ်။

ထိပ်သီးဆွေးနွေးပွဲ ကျင်းပတဲ့နေ့ ပထမဆုံး အစီအစဉ်က ရုပ်သံသမားတွေ၊ ဓာတ်ပုံ ဆရာတွေရဲ့ရှေ့မှောက်မှာ နှစ်နိုင်ငံအလံတွေကို နောက်ခံထားပြီး ခေါင်းဆောင်နှစ်ယောက် လက်ဆွဲ နှုတ်ဆက်မယ်၊ ဓာတ်ပုံအရိုက်ခံမယ်။ ပြီးရင် ဆွေးနွေးပွဲကျင်းပမယ့် အခန်းထဲကို သွားဖို့ဖြစ်ပါတယ်။

အဲဒီနေ့က ဆွေးနွေးပွဲကျင်းပမယ့်နေရာကို ကင်မ်ဂျုံအန်က နည်းနည်းစောပြီးရောက်လာတယ်။ လက်ထဲမှာ မှတ်စုစာအုပ်အနက်လေးကိုင်ထားတယ်။ အချိန်စောရောက်တာဟာ ကင်မ် အနေနဲ့ သူ့ထက်အသက်ကြီး တဲ့ ထရမ့် ကို လေးစားမှုပြတာဖြစ်သလို လက်ထဲမှာ မှတ်စု စာအုပ်ကိုင် ထားတာက ဆွေးနွေးပွဲအပေါ်အလေးထားမှုကို ပြသလိုက်တာ ဖြစ်တယ်။

ထရမ့်ကလည်း သူရောက်ရမယ့်အချိန်အတိုင်း အတိအကျရောက်တယ်။ ပြီးခဲ့တဲ့ ဂျီ ၇ အစည်း အဝေးမှာ ထရမ့်နောက်ကျနေလို့ ကျန်တဲ့ ခေါင်းဆောင်တွေက စောင့်နေခဲ့ရတဲ့ အဖြစ်အပျက် နဲ့ ယှဉ်လိုက်ရင် ထရမ့်ကလည်း အစည်းအဝေးကို အလေးထားကြောင်း ပြသလိုက်တာပဲဖြစ်တယ်။

သတ်မှတ်ချိန်ရောက်တဲ့အခါ ခေါင်းဆောင်နှစ်ယောက်က စင်မြင့်ရဲ့ ဝဲ ၊ ယာ နှစ်ဘက်ကနေ လမ်း လေ ျှာက်ဝင်လာတယ်။ ကင်မ်ဂျုံအမ်အတွက် ဒီပွဲဟာ နိုင်ငံတကာစင်မြင့်ပေါ်ကို ပထမဆုံးတက် တဲ့ ပွဲ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံရဲ့ ခေါင်းဆောင်က သူ့ကို အသိအမှတ်ပြုတွေ့ဆုံတဲ့ပွဲ ဖြစ်ပေမယ့် ပျာယာခတ်မနေဘူး။ ထရမ့်နဲ့ တွေ့ဖို့အတွက် ခြေ လှမ်း မှန်မှန်နဲ့ပဲ လေ ျှာက်လာတယ်။ အဲဒီလို လေ ျှာက်လာချိန်မှာ ထရမ့်က စပြီး လက်ကမ်းတယ်။ ကင်မ်က အလားတူ တုန့်ပြန်တယ်။ လက်ဆွဲနှုတ်ဆက်တဲ့အချိန်မှာ နှစ်ယောက်လုံးက ခွန်အားအပြည့်နဲ့ တစ်ဖက်လူရဲ့ လက်ကို ဆုပ် ကိုင်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကြောင်း ပြသတယ်။

ထရမ့်က သူ့ရဲ့ အရပ်မြင့်မားမှုနဲ့ ကိုယ်ခန္တာအရွယ်အစားကြီးမားမှုကို အသုံးချနိုင်ဖို့အတွက် နီးနီး ကပ်ကပ် လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားပေမယ့် ကင်မ်က နှစ်ယောက်ကြား အကွာအဝေးကို လက် တစ်ကမ်းနီးပါးဖြစ်အောင်ထိန်းထားနိုင်တယ်။

နှုတ်ဆက်စကားအပြန်အလှန်ပြောချိန်မှာတော့ ထရမ့်က ကင်မ်မျက်နှာကို စူးစိုက်ကြည့်ပြီး ပြော တယ်။ ကင်မ်ကလည်း ပြန်ကြည့်ပြီး ပြောတယ်။ ထရမ့်ရဲ့ အကြည့်ကို ရှောင်လွှဲဖို့မကြိုးစားဘူး။ သူတို့နှစ်ယောက်လက်ဆွဲနှုတ်ဆက်ချိန်က ၁၃ စက္ကန့်ပဲကြာတယ်။

အပြန်အလှန်နှုတ်ဆက်ချိန်မှာ ထရမ့်က ကင်မ်ရဲ့ လက်မောင်းကို ဆုတ်ကိုင်ပြီး စကားပြောသလို ပုခုံးကို ပုတ်ပြီးလည်း ပြော တယ်။ ဓာတ်ပုံသမားတွေဘက်ကို လှည့်ပြီး ဓာတ်ပုံရိုက်ဖို့ ပြောတဲ့ အ ချိန် ၊ ဆွေးနွေးပွဲ ခန်းမ ကို သွားမယ့်အချိန်တွေမှာလည်း ထရမ့်ကပဲ ကင်မ်ရဲ့ လက်မောင်းကို ကိုင်ပြီး ဦးဆောင်တယ်။ ဒါဟာ ထရမ့်က အိမ်ရှင်ပုံစံမျိုးနဲ့ အပေါ်စီးကနေ ဆက်ဆံလိုက်တာ ပဲဖြစ်တယ်။

ဒါပေမယ့် ကင်မ်က လည်း ထရမ့်လက်မောင်းကို ပြန်ကိုင်ပြီး စကားပြောတယ်။ ဒါဟာ ခင်ဗျားပြောတာ ကျွန်တော် နားထောင် သလို ကျွန်တော်ပြောတာကိုလည်း ခင်ဗျား နားထောင်ဦး ဆိုတဲ့ သဘော လို့ အနက်ကောက် ကြတယ်။

နိုင်ငံတကာမီဒီယာတွေရဲ့ ရှေ့မှာပြောဆိုဆက်ဆံနေထိုင်မှု နဲ့ပတ်သက်ရင် ထရမ့်က အတွေ့ အကြုံများနေပြီ ဖြစ် တဲ့အတွက် ပြဿနာမရှိဘူး။ ကင်မ်ကတော့ နိုင်ငံတကာမီဒီယာများရဲ့ ရှေ့မှာ လူလုံးထွက်ပြ ရတာ ပထမဆုံးအကြိမ်ပဲ။ ဒါပေမယ့် ကင်မ်က ဒီအခြေအနေကို ကောင်းကောင်း ကိုင်တွယ်သွား နိုင်ခဲ့တယ်။ ထရမ့်နဲ့ စကားပြောဆိုတဲ့အခါ သက်တောင့်သက်သာရှိသလို ဓာတ်ပုံဆရာတွေ ပုံ ကောင်းရအောင် မျက်နှာပေးကောင်းကောင်းနဲ့ ပြောဆိုလှုပ်ရှားသွားခဲ့တယ်။

အဲဒီအချိန်က ကင်မ်ဟာ အသက်သုံးဆယ့်ခြောက်နှစ်ပဲရှိသေးတဲ့အတွက် အာရှတိုက်သားများရဲ့ ဓလေ့ထုံးစံအတိုင်း သူထက် အသက်ကြီး တဲ့ ထရမ့် ( ၇၂ နှစ် ) ကို လေးစားမှု ပြပေ မယ့် အောက်ကျို့တဲ့အနေအထားမဖြစ်အောင် ဂရုစိုက်ခဲ့တယ်။ တစ်ဖက်မှာလည်း နှစ်ပေါင်းများစွာ ရန်စောင်နေခဲ့တဲ့ နှစ်နိုင်ငံအနေအထားကြောင့် ရန်လိုနေတဲ့ပုံစံ မဖြစ်အောင် ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမော ပြောဆိုဆက်ဆံသွားနိုင် ခဲ့တယ်။

ကိုယ်ဟန်အမူအရာနဲ့ မျက်နှာရိပ် မျက်နှာကဲတွေကို အကဲခတ်အနက်ကောက်သူတွေက တော့ ထိပ်သီး ဆွေးနွေးပွဲက တိကျတဲ့ ရလဒ်မရခဲ့ပေမယ့် ကင်မ်ဂျုံအန်က သူဟာ နိုင်ငံတကာ စင်မြင့်ပေါ်မှာ အမေရိကန်သမ္မတနဲ့ သူတင် ကိုယ်တင် ဆွေးနွေးဖို့အတွက် ကြောက်ရွံ့မနေဘူး ဆိုတာကို သက်သေပြ နိုင်ခဲ့တယ်။ ဒါ့ကြောင့် ဒီပွဲဟာ ကင်မ်ဂျုံအန် နိုင်ငံရေးအရ အမြတ် ထွက်တဲ့ ပွဲ လို့ သုံးသပ်ခဲ့တယ်။

နိုင်ငံရေးအရတော့ ကင်မ်ဂျုံအန်ရဲ့ အုပ်ချုပ်ပုံစနစ်ဟာ နမူနာယူဖို့မကောင်းပါဘူး။ ဒါပေမယ့် အင်အားကြီးနိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်ကို ဣန္ဒြေရရ ဆက်ဆံသွားနိုင်တာ ကို တော့ အသိအမှတ်ပြုရမှာပဲ။

နိုင်ငံတကာဆက်ဆံရေးမှာ လက်ဆွဲနှုတ်ဆက်ချိန် ၁၃ စက္ကန့်ဆိုတာ ခဏလေးပေမယ့် ခေါင်းဆောင်တစ်ယောက်ရဲ့ ကိုယ်ရည် ကိုယ်သွေးကို အကဲဖြတ် ဖို့ လုံလောက်တယ်ဆိုတာ အမှန်ပဲ။

ဓာတ်ပုံ။ ဝါရှင်တန်ပို့စ် သတင်းစာ

One thought on “၁၃ စက္ကန့်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: