သက်တန့်တစ်စင်း

လွန်ခဲ့တဲ့ ခုနှစ်နှစ် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ က ရေးခဲ့တဲ့ ဟိန္ဒူဘုရားပွဲ အကြောင်းခရီးသွားဆောင်းပါး

အဲဒီအချိန်က မြန်မာနိုင်ငံအတွက် သက်တန့်တစ်စင်းကို မေ ျှာ်လင့်ခဲ့ပေမယ့် အခုတော့ မိုးသက်မုန်တိုင်းပဲရောက်လာခဲ့တယ်။ ဒါပေမယ့် မုန်တိုင်းစဲရင်တော့ သက်တန့်တစ်စင်း ပေါ်လာ ကောင်းပါရဲ့။


သက်တန့်တစ်စင်း

အခုတစ်လော ခရီးမကြာခဏထွက်နေရသည့် ကျွန်တော် ဒီနေ့( စက်တင်ဘာ ၁၃ ) မှာတော့ ရန်ကုန်- မန္တလေးကားလမ်းဟောင်းအတိုင်း နေပြည်တော်သို့ ပြန်လာခဲ့သည်။ လမ်းတလေ ျှာက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများကို ဝင်ရောက် တွေ့ဆုံရင်း ၁၁၅ မိုင်ကတဆင့် နေပြည်တော်ကို ပြန်ဖို့ စီစဉ် ခဲ့သည်။ ထုံးစံအတိုင်း ကားတစ်စီးထဲ၊ ကျွန်တော်၊ ယာဉ်မောင်း နောက်ပြီး ခရီးစဉ်စစ်ဆေး ချက်မှတ်တမ်းရေးမည့် အရာရှိတစ်ဦး။

ညောင်လေးပင်ရောက်တော့ နေ့လည် ၁၂ နာရီထိုးပြီ။ ညောင်လေးပင် မြို့ အဝင်မှာ ညောင်လေးပင်မြို့ထဲမှာ ဟိန္ဒူဘာသာဝင် အန္ဒိယအနွယ်ဖွားတွေကို ဝတ်ကောင်းစားလှ တွေနဲ့ စုစု စုစု တွေ့ရသည်။ အရောင်တောက်တောက်လွင်လွင် ဆာရီတွေနဲ့ အမျိုးသမီး ကြီးတွေ၊ အမျိုးသမီးငယ်အများစုကတော့ ဆာရီ အစား အရောင်တောက်တောက် ဂါဝန် ရှည်တွေနဲ့၊ အမျိုးသားတွေကတော့ လူကြီး၊ လူငယ်အားလုံး လုံချည်၊ ဘောင်းဘီတွေနဲ့ ၊ သူတို့ကိုမြင်ရတာ ပွဲလမ်းတစ်ခုခုကို သွားဖို့ ပြင်ဆင်နေတာသိသာသည်။ လိုက်ထရပ် တွေ၊ ထွေလာဂျီတွေပေါ်မှာ မိသားစုလိုက်၊ ဆိုင်ကယ်တွေကလည်း အုပ်စုလိုက်။

ညောင်လေးပင်ရုံးကနေထွက်လာတော့ ကျောက်တံခါးမရောက်မီ ကန်ရွာမှာ ကားတန်း ကြီးက လမ်းပေါ်မှာ တစ်ရွေ့ရွေ့၊ ဆိုင်ကယ်တွေ၊လူတွေ စုပြုံသွားနေကြသည်။ ကားရှင်း ပေးနေသော လူငယ်တစ်ဦးကို မေးတော့ ရှေ့မှာ ဟိန္ဒူဘုရားပွဲရှိသည်တဲ့။ တစ်နှစ်မှာ ဒီတစ်ရက်ပဲ ကျင်းပသည့်ပွဲ၊ မနက်ကနေ ည ၁၂ နာရီအထိ ကျင်းပမည့် ဘာသာရေးပွဲ၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဇေယျဝတီစတဲ့ဒေသတွေက ဟိန္ဒူဘာသာဝင်တွေ အားလုံးလာသည့်ပွဲ၊ ခရစ်ရှနား၊ သီဝ၊စသည့် ဟိန္ဒူနတ်ဘုရားတွေကို ပူဇော်သည့်ပွဲ။ နေပြည်တော်ကို ဘယ်အချိန် ရောက်ရောက်၊ ဘယ်အချိန်ပေါက်ပေါက်၊ လွတ်လပ်ပေါ့ပါး စွာခရီးထွက်လာသူမို့ အဲဒီပွဲကို ဆင်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ဘုရားပွဲအဝင်မုခ်ဦးကျဉ်းကျဉ်းကိုဖြတ်ဝင်လိုက်သည်နှင့်အထဲမှာ ပွဲဈေးတန်း၊လူပင်လယ်။ လူအော်သံ၊ ဈေးခေါ်သံတွေ။ ဈေးတန်းနောက်က ကန်ကြီးထဲမှာ လူတစ်ချို့ရေကူး နေသည်။ ပွဲဈေးတန်းကား အညာဘုရားပွဲနှင့် အတူတူ၊ မြန်မာ မုန့်တွေ နေရာမှာ ကုလားအချိုမုန့်တွေ၊တစ်ပိဿာ သုံးထောင် လို့အော်ရောင်းနေ၏။ ဓာတ်ပုံတွေရောင်း တဲ့နေရာမှာတော့ မြန်မာမင်းသား မင်းသမီးတွေနေရာမှာ ဘော်လီဝုဒ် မင်းသား မင်းသမီး တွေက နေရာယူထားသည်။

မုန့်ဟင်းခါးသည်တွေနေရာမှာတော့ ပူရီသည်တွေ၊ စမူဆာနဲ့ပဲသုတ်သည်တွေ၊ ဆိုးဆေး ခပ်များများနဲ့အအေးဆိုင်တွေ၊ ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်၊ ရွှေရင်အေးသည်တွေကတော့ ကျွန်တော်တို့ဘုရားပွဲတွေနဲ့အတူတူ။ လယ်ယာသုံး၊ အိမ်သုံးပစ္စည်းအရောင်းဆိုင်တွေ မှာတော့ သူတို့ဓလေ့အရသုံးသည့်ပစ္စည်းတွေချခင်းထားသည်။ ရွှေရောင် လက်ဝတ်တန် စာတွေ၊ ရောင်စုံဘော်လုံးတွေကလည်း ရောင်းကောင်းသည့် စာရင်းထဲမှာပါပုံရသည်။ တစ်ထောင် တစ်ထောင် လို့ အော်ရောင်းနေသည့် မျက်မှန်ဆိုင်ရှေ့မှာတော့ လူငယ်တွေ စုပြုံနေသည်။ ကံစမ်းမဲ တစ်စောင် ငါးရာနဲ့ရောင်းပြီး ဆိုင်ကယ်တစ်စီးမဲဖောက်ပေးမည်ဆို သည့် ထီဆိုင်ရှေ့မှာ အိပ်မက်မက်နေသူတွေကလည်း မနည်းမနော။

လူငယ်တွေကတော့ ဘယ်ဘာသာဖြစ်ဖြစ် အတူတူပင်။ ရိုးရာဝတ်စုံနဲ့ ဒါမှမဟုတ် ခေတ်ဝတ်စုံနဲ့ လှနေသည် ပျိုဖြူလေးတွေကို မျက်လုံးချင်းဆုံ ရင်ခုံနေသည့် လူငယ်လေး တွေ ပွဲခင်းထဲမှာ အပြည့်။ တစ်နေရာမှာတော့ အရိပ်ကောင်းသည့် ကုက္ကိုပင်ကြီးတွေ အောက်မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ နားဖို့ သတ်မှတ်ထားသည်။ အဲဒီဘေးက ကွင်းပြင် ကုန်းမို့မို့မှာတော့ လူငယ်လေးတွေက လူအုပ်ထဲကို တန်းစီပြီး ကြည့်နေကြ သည်။ တစ်ချို့က ဓာတ်ပုံလှမ်းရိုက်နေသည်။ သူတို့ဘာသာစကားနဲ့ အောက်ဟစ်နေသူ တွေလည်း ရှိသည်။ လေ ျှာက်ပြန်သံပေးလား၊ လူပျိုသံလားမသိနိုင်။ ကလေးတွေက တော့ ပူပေါင်းသည်တွေရှေ့မှာ မော့နေကြသည်။ တစ်ချို့ကတော့ ခရာတွေဝယ်ပြီး အသားကုန်မှုတ်နေကြသည်။

ဘုရားပွဲဆိုတာ ပျော်လည်းပျော်၊ ဆုလည်းတောင်း၊ စိတ်ခွန်အားကိုလည်း ဖြည့်သည့် ပွဲ ဆိုတော့ဘုရားဆောင်တစ်ခုရှေ့မှာတော့ဘာသာရေးပုဂ္ဂိုလ်တစ်ဦးက အဆောင်လက်စည်း လေးတွေကို ချီပေးနေသည်။ သူ့ရှေ့မှာ အလှည့်ကျဖို့ ထိုင်စောင့်နေသူတွေက အမျိုးသား တွေပဲဖြစ်သည်။ အမျိုးသမီးတွေက မလာရတာလား၊ မလုပ်တာလားတော့ မသိ။ ဘုရား ဆောင်တစ်ခုထဲမှာတော့ အမျိုးသမီးတွေနဲ့ ကလေးတွေ စုနေကြသည်။ အလှုခံနေရာ နှစ်ခုရှေ့မှာလည်း လှုဒါန်းသူတွေအပြည့်။

သူတို့ဘာသာဝင်တွေထဲမှာ ကင်မရာတစ်လုံးနဲ့ ကျွန်တော်က ထင်ရှားနေတော့ တစ်ချို့ က စိတ်ဝင်စားစွာလှမ်းကြည့်ကြသည်။ အနားက လူတစ်ယောက်ကို ဓာတ်ပုံရိုက်လို့ရ လားလို့မေးတော့ ရပါတယ်လို့ ပြောသည်။ ဒါပေမယ့် ကင်မရာချိန်လိုက်တိုင်း ရှက်ပြီး လှည့်သွားသူတွေက အတော်များသည်။ ထိုသူက ဟိုဘက်မှာ ပူရီကျွေးနေတယ် သွားစား ပါလားဟုတိုက်တွန်းသည်။ စိတ်ဝင်စားစရာတွေများလွန်းလို့ သွားမစားဖြစ်၊ ကင်မရာနဲ့ ပုံတွေလိုက်ရိုက်နေမိသည်။

ပွဲခင်းထဲက ပြန်ထွက်လာတော့နေ့လည်တစ်နာရီ၊ နေကြဲကြဲတောက်ပူနေပေမယ့် လူတွေ က အပူကို မမှု၊ တစ်နှစ်မှာ တစ်ခါနွဲရသည့် ဒီပွဲကို အစွမ်းကုန်နွဲကြည့်ပုံ။ ပြန်သွားသူတွေ ရှိ သလို ထွေလာဂျီတွေ၊ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ရောက်လာသူတွေက တစ်ပုံတစ်ပင်။ တစ်ချို့တွေကတော့ ကားလမ်းဘေး အရိပ်ကောင်းသည့် သစ်ပင်ကြီးတွေအောက်မှာ ခဏ နားနေကြသည်။ ညနေစောင်းရင် တစ်ခါပြန်နွဲကြဦးမည့်ပုံ။

ပွဲဈေးတန်းက ပြန်လာတော့ တောင်အာဖရိကနိုင်ငံအကြောင်းစိတ်ရောက်သွားသည်။ မန်ဒဲလားက ဘာသာ၊ လူမျိုး၊အတွေးအခေါ်၊ အယူအဆ၊ ဓလေ့ထုံးစံ အမျိုးမျိုးရှိသည့် တောင်အာဖရိကနိုင်ငံကို သက်တန့်ရောင် လူ့အဖွဲ့အစည်းအဖြစ် ကင်ပွန်းတပ်ခဲ့သည်။ မတူကွဲပြားသည့် အရောင်တွေပေါင်းပြီး လှပသည့် သက်တန့်တစ်စင်းပေါ်ထွက်လာခြင်း ကို တင်စားခဲ့သည်။ အဲဒီအတိုင်းလည်း ဖြစ်အောင်လုပ်ခဲ့သည်။

ကားပေါ်ကနေ တစ်ရိပ်ရိပ်မြင်နေရသည့် မြင်ကွင်းကို ငေးကြည့်ရင် မြန်မာနိုင်ငံပေါ်တွင် သက်တန့်တစ်စင်းကို မြင်မိပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: