ယူကရိန်းစစ်ပွဲ အလှည့်အပြောင်း

ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲ ခြောက်လကျော် ခုနှစ်လထဲရောက်လာတော့ ပူတင်ရဲ့ ယူကရိန်း မူဝါဒ အခြေမလှ ပုံ က ပိုပြီး ပေါ်လွင်ထင်ရှားလာတယ်။ ပူတင်က စစ်ပွဲအစမှာ မိန့်ခွန်းပြောတော့ ယူကရိန်းက သူ့အဆို နာဇီလက်သစ်အစိုးရကို ဖယ်ရှားပစ်ဖို့ နဲ့နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားတာ ကို ရပ်တန့် ပစ်ဖို့ သူ့အခေါ် ယူကရိန်းအထူးစစ်ဆင်ရေးကို ဆင်နွဲရတာပါလို့ ပြောခဲ့တယ်။ တနည်းအားဖြင့် ဒါဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ ရုရှားရဲ့ မဟာဗျူဟာရည်မှန်းချက်ပေါ့။

ဒါပေမယ့် ရုရှားထိုးစစ်အောက်မှာ ယူကရိန်းတပ်ဖွဲ့တွေ မြန်မြန်ပြိုလဲသွားပြီး ကိဗ်မြို့တော်ကို သိမ်း ပိုက်နိုင်မယ်ဆိုတဲ့ မေ ျှာ်လင့်ချက်က မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဖူး။ ဒါ့ကြောင့် မတ်လ ၂၆ ရက် နေ့မှာ ရုရှားတွေက သူတို့ရဲ့ အဓိက ရည်မှန်းချက်က ယူကရိန်းအရှေ့တောင်ဘက်က ရုရှား စကားပြော ယူကရိန်းနိုင်ငံသားတွေ အများဆုံးနေထိုင်တဲ့ ဒွန်းဘတ်စ်ဒေသလွတ်မြောက်ရေး ဖြစ် တယ်ဆိုပြီး ပြောင်းလဲပြောဆိုလာတယ်။ အဲဒီမူဝါဒအတိုင်းပဲ ဒွန်းဘတ်စ်ဒေသမှာ အဓိက ထိုးစစ် ကြီးဆင်နွဲတယ်။ ဒွန်းဘတ်စ်ဒေသနေရာအတော်များများကို သိမ်းပိုက်နိုင်ပေမယ့် ဒွန်းဘတ်စ် ဒေသတစ်ခုလုံးကို တော့ ထိန်းချုပ်နိုင်စွမ်းမရှိဘဲ ထိုးစစ်အရှိန်တန့်သလိုဖြစ်နေခဲ့တယ်။

အဲဒီလို စစ်အီနေတဲ့အချိန်မှာ ဇူလိုင်လကစပြီး ယူကရိန်းတွေက နိုင်ငံတောင်ပိုင်းက ရုရှားတွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်မယ်ဆိုပြီး အသံပေးလာတယ်။ သြဂုတ် လ ၂၉ ရက်နေ့မှာတော့ ကရိုင်းမီးယားကျွန်းဆွယ်နဲ့ ဆက်စပ်နေတဲ့ Kherson ဒေသမှာ ယူကရိန်း တွေရဲ့ တန်ပြန်ထိုးစစ်ကို စတင်ခဲ့တယ်။ ယူကရိန်းတပ်ဖွဲ့တွေက နယ်မြေနည်းနည်းပါးပါး ပြန်သိမ်း နိုင်ပေမယ့် ရုရှားစစ်မျက်နှာတစ်ခုလုံး ပြိုလဲသွားတဲ့အထိ မစွမ်းဆောင်နိုင်ဘူး။ ရုရှား ကာကွယ် ရေး ဝန်ကြီးဌာနကလည်း ယူကရိန်းတွေရဲ့ ထိုးစစ်ကို တားဆီးနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ တယ်။

ဒါပေမယ့် Kherson ဒေသ ထိုးစစ်က ရုရှားတပ်ဖွဲ့တွေ လှည့်စားနိုင်ဖို့အတွက် ဆောင်ရွက်ခဲ့ တဲ့ ယောင်ပြ စစ်ဆင်ရေးဆိုတာ ရုရှားတွေ မရိပ်မိခဲ့ဘူး။ စက်တင်ဘာလ ၆ ရက်နေ့မှာ ယူကရိန်း တွေက ဒွန်ဘတ်စ်ဒေသရဲ့ မြောက်ဘက်မှာ ရှိတဲ့ Kharkiv ဒေသမှာ အထွေထွေ ထိုးစစ်ကြီးကို ဆင်နွဲခဲ့တယ်။

အငိုက်မိသွားပုံရတဲ့ ရုရှားတပ်ဖွဲ့တွေက အဲဒီစစ်မျက်နှာမှာ အထိနာခဲ့တယ်။ စက်တင်ဘာ ၁၃ ရက်နေ့အထိ ယူကရိန်းဘက်က ထုတ်ပြန်ချက်အရ ရုရှားတွေလက်ထဲကနေ စတုရန်းကီလိုမီတာ ခြောက်ထောင် လောက် ပြန်သိမ်းနိုင်ခဲ့တယ်လို့ပြောခဲ့ပြီး အဲဒီအထဲမှာ အုပ်ချုပ်ထောက်ပံ့မှုအရ အရေးပါတဲ့ Izyum မြို့လည်း ပါတယ်။ စက်တင်ဘာ ၆ ရက်နေ့ နဲ့ စက်တင်ဘာ ၁၂ ရက်နေ့ ရှေ့တန်းစစ်မြေပြင်အနေအထားကို ပုံ ၁ နဲ့၂ မှာ တွေ့နိုင်ပါတယ်။ အဲဒီမှာ ခရမ်းရောင်နဲ့ ပြထား တာက ယူကရိန်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်တဲ့နယ်မြေတွေဖြစ်ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း Kharkiv စစ်မျက်နှာကနေ ရုရှားတပ်ဖွဲ့တွေ ဆုတ်ခွာပေး ရတာကို ဝန်ခံခဲ့ပြီး ဒါဟာ နည်းဗျူဟာ လိုအပ်ချက်အရ ဆောင်ရွက်ခဲ့တာဖြစ်တယ်၊ အရေးနိမ့်လို့ ဆုတ်ခွာတာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ ဒါပေမယ့် ရုပ်သံမီဒီယာတွေမှာ မြင်တွေ့နေရတဲ့ ရုရှား တပ်တွေ စွန့်ပစ်ထားခဲ့တဲ့ လက်နက်တွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေကတော့ အောင်မြင်စွာ ဆုတ်ခွာတဲ့ ပုံစံမပေါက်ဘူး။ ယူကရိန်းတွေကတော့ ဆောင်းရာသီမရောက်ခင် ဒွန်ဘတ်စ်ဒေသ ထဲ အထိ ထိုးစစ်ဆင်မယ်ဆိုပြီး အသံပေးနေတယ်။ ရုရှားတွေကလည်း ခံစစ်ကြောင်း အသစ် ပြန်တည်ဆောက်နိုင်ဖို့ ကြိုးစားနေတယ်။ ဒီတော့ တိုက်ပွဲတွေက ဆက်ဖြစ်နေဦးမှာပဲ။

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်က ပူတင်အတွက် စိန်ခေါ်မှုအသစ်ပဲ။ ဒီထိုးစစ်မတိုင်မီအထိ ပူတင်က ရုရှားနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ဖြတ်တောက်မှုကြောင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေမှာ စီးပွားရေးအကျပ်အတည်းတွေဖြစ်လာပြီး ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ကြားဝင်စေ့စပ်မှုတွေ လုပ် ပေးလိမ့်မယ် လို့ မေ ျှာ်လင့်ထားတာပါ။ ဒါပေမယ့် အခု ယူကရိန်းထိုးစစ်ရဲ့ အောင်မြင်မှုကြောင့် ဥရောပသမဂ္ဂ က ကြားဝင်စေ့စပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။

စစ်ပွဲခြောက်လကြာတဲ့အချိန်မှာ ယူကရိန်းအစိုးရကို ဖြုတ်ချမယ်ဆိုတဲ့ ရည်မှန်းချက်လည်း မအောင်မြင်တဲ့ အပြင် ယူကရိန်းစစ်ပွဲကြောင့် အရင်က နေတိုးအဖွဲ့ကို မဝင်ဘဲ ကြားနေ နိုင်ငံ အဖြစ်ရပ်တည်နေတဲ့ ဆွီဒင် နဲ့ဖင်လန် နိုင်ငံတို့တောင် နေတိုးအဖွဲ့ထဲ ဝင်ဖို့ ဆုံးဖြတ်လိုက် ပြီ ဆိုတော့ နေတိုးအဖွဲ့ အရှေ့ဘက်တိုးချဲ့လာတာကို တားဆီးရေးဆိုတဲ့ ရည်မှန်းချက်လည်း ပျက်သွားပြီ။ ဒွန်ဘတ်စ်ဒေသတစ်ခုလုံးကိုလည်း ထိန်းချုပ်နိုင်တဲ့အခြေအနေမရှိသေးဘူး။

အဲဒီအခြေအနေက ရုရှားပြည်တွင်းမှာ ရှိတဲ့ ပူတင် ရဲ့ အနေအထားကို ဘယ်လောက်ထိခိုက်နိုင် မလဲဆိုတာ ပြောဖို့စောသေးတယ်။ အခု အချိန်ထိတော့ ပူတင်ဟာ အာဏာကို ကောင်းကောင်း ချုပ်ကိုင်ထားနိုင်တုန်းပဲ။ ပူတင်နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ နိုင်ငံရေးသမားတစ်ချို့ရှိပေ မယ့်အဲဒီလူတွေက ဒေသန္တရအဆင့်နိုင်ငံရေးသမားတွေပဲ၊ ပူတင်ကို စိန်ခေါ်နိုင်တဲ့သူတွေ မဟုတ်ဘူး။

ပူတင်ကို စိန်ခေါ်ပြီး ရာထူးက ဖယ်ရှားဖို့ဆိုတာ ပူတင်ရဲ့ အတွင်းစည်းထဲက သူတွေပဲ လုပ်နိုင်မှာ ဖြစ်ပေမယ့် အဲဒီသူတွေကလည်း အခု အချိန်ထိ ပူတင်ဘက်က လောင်းကြေး ထပ်ထားတုန်းပဲ။ ဒါပေမယ့် စစ်ရေး၊စီးပွားရေးအကျပ်အတည်း တွေ ဆိုးသထက်ဆိုးလာရင်တော့ အဲဒီသူ တွေအနေနဲ့ ယူကရိန်း စစ်ပွဲနဲ့ပတ်သက်ပြီး ထွက်ပေါက်တစ်ခုရဖို့ စဉ်းစားရတော့မှာ သေချာ တယ်။ အဲဒီအခါမှာ ပူတင် ရှိနေခြင်းဟာ အဖြေရှာဖို့အတွက် အဓိက အတားအဆီး ဖြစ် နေပြီလို့ မြင်လာရင်တော့ ရုရှားနိုင်ငံရေးမှာ အပြောင်းအလဲတွေဖြစ်လာနိုင်တာပေါ့။

ယူကရိန်းတန်ပြန်ထိုးစစ်ဟာ စစ်ရေးအလှည့်အပြောင်းသက်သက်ပဲဖြစ်မလား၊ နိုင်ငံရေး အလှည့် အပြောင်းပါ ဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: