ခရီးတစ်ခု ၊ သင်ခန်းစာတစ်ပုဒ်
ဒီဆောင်းပါးကို ၂၀၀၆ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်ကြားမှာ အီးယူ သံတမန် များနဲ့ တွေ့ဆုံ ဆက်ဆံခဲ့ရစဉ်က အဖြစ်အပျက်တစ်ခုကို အခြေခံပြီး လွန်ခဲ့တဲ့ ငါးနှစ် ရေးခဲ့တာဖြစ်ပါတယ်။ မဖတ်ရသေးသူများအတွက် ပြန်လည်မ ျှဝေလိုက်ပါတယ်။
“အပေါ်ယံကြည့်ရင်တော့ ခေါင်းဆောင်တစ်ယောက်ရဲ့ ပြည်ပခရီးစဉ်တစ်ခုပဲဖြစ်ပေမယ့် အနက် ကောက် ယူတဲ့သူတွေအပေါ် မူတည်ပြီး အကြောင်း၊ အကျိုး ကွာခြားသွားတဲ့ သင်ခန်းစာတစ်ခုပါ။”
( ဆောင်းပါးကောက်နှုတ်ချက်)
ခရီးတစ်ခု၊ သင်ခန်းစာတစ်ပုဒ်
၂၀၀၅ ခုနှစ် နှစ်လယ်ပိုင်းမှာ ကျွန်တော်ပြန်ကြားရေးဝန်ကြီးဌာနကို ပြောင်းရွှေ့တာဝန်ထမ်းဆောင် ရတယ်။ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် တာဝန်ပေး ထားပေမယ့် ကျွန်တော့်က ဝန်ကြီးရုံးရဲ့ သုတေသနအဖွဲ့ကို တာဝန်ယူရတဲ့အတွက် ဌာနအလုပ် ထက် ဝန်ကြီးရုံးရဲ့ သုတေသနအလုပ်တွေ၊ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းတွေကို ပိုလုပ်ရတယ်။
၂၀၀၆ ခုနှစ် ကုန်ပိုင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနကို ကိုယ်စားပြုပြီး မြန်မာ-အီးယူ အလုပ်ရုံဆွေး နွေးပွဲတစ်ခုကို တက်ခွင့်ရပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲက မြန်မာနိုင်ငံနဲ့ ဥရောပသမဂ္ဂ (အီးယူ) ဆက်ဆံရေးတိုးတက်ဖို့အတွက် ဘာတွေလုပ်သင့်သလဲဆိုတာ အတွက်ဆွေးနွေး တာဖြစ်ပါတယ်။ ထူးခြားတာက တရားဝင်ဆွေးနွေးပွဲမဟုတ်ဘဲနဲ့ အလွတ်သဘောဆွေးနွေးပွဲ (Track 2 ) ဖြစ်ပြီး Chatham House Rule ကို ကျင့် သုံးတာဖြစ်တဲ့အတွက် ကိုယ့်အယူအဆကို ကိုယ် လွတ်လွတ် လပ်လပ်ပြောလို့ရတာပါပဲ။
အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပါတယ်။ အငြိမ်း စားသံအမတ်ကြီးများ၊ လက်ရှိတာဝန်ထမ်းဆောင်ဆဲ သံတမန်ဝန်ထမ်းများတက်ပါတယ်။ ကျန်တဲ့ ဌာနတွေကတော့ ဒုညွှန်ချုပ်၊ ညွှန်ကြားရေးမှူးများတက်ပါတယ်။ အီးယူဘက်ကလည်း သံအမတ် ကြီးများ၊ မြန်မာ့အရေးကိုလေ့လာနေတဲ့ပညာရှင်များ လာပါတယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲတွေကို ၂၀၀၇ ခုနှစ်၊ ၂၀၀၈ ခုနှစ်တွေမှာလည်းဆက်လုပ်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဆွေးနွေးပွဲတိုင်း မှာ ပါဝင်ခွင့်ရခဲ့သလို အီးယူကိုယ်စားလှယ်အဖွဲ့ရဲ့ ပြည်တွင်းလေ့လာရေးခရီးစဉ်များမှာလည်း ပြန်ကြား ရေးဝန်ကြီးဌာနရဲ့ ဆက်ဆံရေးအရာရှိအဖြစ်နဲ့လိုက်ပါခွင့်ရခဲ့ပါတယ်။
အဲဒီအလုပ်ရုံဆွေးနွေးပွဲများနဲ့ခရီးစဉ်များဟာကျွန်တော့်အတွက် သံတမန်များ၊ ပညာရှင်များနဲ့ ပထမဆုံး ထိတွေ့ဆွေးနွေးခွင့်ရတဲ့အခွင့်အရေးပါပဲ။ မြန်မာဘက်က သံတမန်များ၊ ပညာရှင်များရဲ့ ပြောဆိုဆွေးနွေးမှုတွေကိုလေ့လာသင်ယူခွင့်ရခဲ့တယ်။ အီးယူဘက်က သံတမန် တွေ၊ပညာရှင် တွေ နဲ့ ဆွေးနွေးပွဲအတွင်းမှာသာ မဟုတ် ဘဲ စားချိန်၊ နားချိန်၊ ခရီးသွားချိန်တွေမှာပါ လွတ်လပ်စွာ ဆွေးနွေးခွင့်ရတဲ့အတွက် ဗဟုသုတတိုးခဲ့တယ်။
အဲဒီမှာ သတိပြုမိတာတစ်ခုက မြန်မာ့ပြည်တွင်းနိုင်ငံရေးဖြစ်စဉ် တွေ၊ အခြေအနေတွေနဲ့ ပတ်သက် ပြီး အနက်ကောက်ယူတဲ့အခါ သူတို့နဲ့ ကျွန်တော်တို့ အတော်ကွာခြားတာ တွေရှိတယ်။ ကျွန် တော်တို့ကအရေးကြီးနေပေမယ့် သူတို့အတွက်က သေးသေးလေး ဖြစ်နေတတ်တယ်။ သူတို့က အရေးကြီးနေပေမယ့် ကျွန်တော်တို့က ဒါလေးများ ဆိုပြီး ဖြစ်တာလဲရှိတယ်။ တစ်ခါတစ်လေကျ တော့လည်း သူတို့ထောက်ပြလိုက်မှ ကျွန်တော်တို့ အတွက် ဒါ ဟုတ်သားပဲလို့ဖြစ်ရတာလည်း ရှိ တယ်။
အီးယူကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းပြည်မြောက်ပိုင်းကိုလေ့လာရေးသွားတဲ့ခရီးစဉ်မှာ အီးယူ သံ အမတ်ကြီးတစ်ယောက်နဲ့ စကားပြောရင်းနဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ထောက်လှမ်းရေးအဖွဲ့တွေ ကို အရေးယူတဲ့ကိစ္စအကြောင်းရောက်သွားတယ်။ အားလုံးသိတဲ့အတိုင်း ၂၀၀၄ ခုနှစ် အောက်တို ဘာလ ၁၈ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို တာဝန်ကနေအနားပေးလိုက်တယ်။ ထောက်လှမ်း ရေးတပ်ဖွဲ့တစ်ခုလုံးကို ဖျက်သိမ်းပစ်လိုက်တယ်။ အဲဒါတွေအားလုံးရဲ့ အရင်းခံက ရှမ်းပြည်မြောက် ပိုင်းမှာ စခဲ့တာဆိုတာ့ စကားပြောရင်းနဲ့ အဲဒီဘက်ရောက်သွားတာပေါ့။
အဲဒီမှာ သံအမတ်ကြီးက “အဲဒီ ၂၀၀၄ ခုနှစ်အောက်တိုဘာလထဲမှာပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိန္ဒိယကို သွားခဲ့တယ်။ အဲဒီခရီးစဉ်က အရမ်းအရေးကြီးတယ်” လို့ ဆိုင်းမပါ ဗုံမဆင့်ပြောလိုက် တယ်။ သူဘာကို ဆိုလိုချင်သလဲဆိုတာ ကျွန်တော်နားမလည်ခဲ့ဘူး။ ဒါ့ကြောင့် “ အိန္ဒိယကနေ လက်နက်တွေ ဝယ်တာကြောင့်လား၊ ဘာ့ကြောင့်လဲ” လို့ပြန်မေးခဲ့တယ်။
ဒီတော့မှ သူက အခုလို ရှင်းပြတယ်။
၁။ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို ရာထူးကနေဖယ်ရှားလိုက်တာက အောက်တိုဘာ ၁၈ ရက်။ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ အိန္ဒိယ ကို သွားတာ အောက်တိုဘာ ၂၄ ရက်နေ့ တစ်ပတ်ပဲခြားတယ်။
၂။ အနောက်နိုင်ငံတွေမှာတောင် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတစ်ခုခုကြောင့် ဝန်ကြီး အဖွဲ့ကို ပြင်ဆင်ပြောင်းလဲဖွဲ့စည်းတာတွေလုပ်ခဲ့ရင် သမ္မတ၊ ဝန်ကြီးချုပ် တို့က စီစဉ်ထားတဲ့ ပြည်ပခရီးစဉ်တွေ ဖျက်ပြီး ပြည်တွင်းမှာပဲနေလေ့ရှိတယ်။
၃။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာနိုင်ငံမှာ တတိယရာထူးအမြင့်ဆုံးလူကို ဖြုတ်ပစ်ရုံ တင်မဟုတ် ဘူး။ အာဏာအရမ်းရှိတဲ့ထောက်လှမ်းရေးတစ်ဖွဲ့လုံးကို ဖျက်ပစ်လိုက်တာ။ ဒါ့ကြောင့် ငါတို့က ဗိုလ်ချုပ်မှူးကြီးသန်း ရွှေရဲ့ အိန္ဒိယခရီးစဉ်လည်း ရွှေ့ဆိုင်းလိမ့်မယ်လို့ ထင်ထားတယ်။
၄။ ဒါပေမယ့် အဲဒီခရီးစဉ်ကို မဖျက်ပဲနဲ့ မူလစီစဉ်ထားတဲ့အတိုင်းသွားတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့ကိုယ်သူ ဘယ်လောက်ယုံကြည်မှုရှိတယ်၊ နိုင်ငံကို ဘယ်လောက်ထိန်းချုပ်နိုင်စွမ်း ရှိတယ်ဆိုတာကို ပြလိုက်တာပဲ။
၅။ အဲဒီအဖြစ်အပျက်ကိုကြည့်ပြီး ငါတို့က မြန်မာနိုင်ငံမှာ အစိုးရအပြောင်းအလဲလုပ်ပြီး ဒီမိုကရေစီ ကို ဖော်ဆောင်ရမယ်ဆိုတဲ့ Regime Change မူဝါဒက မဖြစ်နိုင်ဘူး။ ဒီမိုကရေစီ အပြောင်းအလဲက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆီကလာမှပဲ ဖြစ်မယ်ဆိုတာကို သဘောပေါက်သွား တယ်။ အခု ဒီဆွေး နွေးပွဲတွေလာလုပ်တာကလည်း အဲဒီလိုအပြောင်းအလဲတွေဖြစ်နိုင်ဖို့ ဘာတွေလုပ်ရမယ်ဆိုတာ ကို နည်းလမ်းရှာတာပဲ။
အဲဒါဟာ သူရဲ့ ကိုယ်ပိုင်သုံးသပ်ချက်လား၊ အီးယူရဲ့ မူဝါဒဆိုင်ရာသုံးသပ်ချက်လားဆိုတာတော့ သံ အမတ်ကြီးက ပြောမသွားဘူး။
ဒါပေမယ့် တိုက်ဆိုင်တာလားတော့မသိဘူး။ မြန်မာ-အီးယူ အလုပ်ရုံဆွေးနွေးပွဲတွေဖြစ်ခဲ့သလို နောက်ပိုင်းမှာ အဲဒီအချိန်က ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းခေါင်းဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ တွေ့ဆုံဆွေး နွေး တာလည်း ဖြစ်လာခဲ့တယ်။
အပေါ်ယံကြည့်ရင်တော့ ခေါင်းဆောင်တစ်ယောက်ရဲ့ ပြည်ပခရီးစဉ်တစ်ခုပဲဖြစ်ပေမယ့် အနက် ကောက် ယူတဲ့သူတွေအပေါ် မူတည်ပြီး အကြောင်း၊ အကျိုး ကွာခြားသွားတဲ့ သင်ခန်းစာတစ်ခုပါ။
