အောက်တိုဘာ ၃ ရက်၊ တနလာၤနေ့မနက်ခင်း ။
“ဟေ့ ဒီနေ့ ပင်စင်သွားထုတ်မယ်” ဆိုပြီး အိမ်မှာ ကြေညာလိုက်တယ်။ အိမ်ကလူတွေက တော့ ဒါဟာ ဘဏ်ကို အကြောင်းပြပြီး မြို့ထဲမှာ ကိုးကုန်း ကိုးကျင်း သွားတော့မယ်ဆိုတာ သဘော ပေါက်ပြီး သားဆိုတော့ ထူးထူးထွေထွေ မပြောတော့ဘူး။ နေ့လယ်စာ အိမ်မှာ စားမှာလား လို့ ပဲ မေးတယ်။ ကျွန်တော်ကတော့ အဆင်ပြေသလိုပဲ ၊ ထမင်းစားစောင့်မနေနဲ့လို့မှာခဲ့တယ်။
မြို့ထဲသွားမယ်ဆိုမှ မိုးတဖြောက်ဖြောက်ရွာနေလို့ ခဏ စောင့်ပြီး ကိုးနာရီခွဲလောက်မှ အိမ်က ထွက်တယ်။ လိုရမယ်ရ ခေါက်ထီးလေးယူလာတယ်။ ပန်းဆိုးတန်းဟာ အင်မတန် ကားရပ်ရ ခက်တဲ့ နေရာဆိုတော့ တက္ကစီ နဲ့ ပဲ သွား တယ်။ ပင်စင် ထုတ်တာက ၂၁ ၊ ၂၂ ၊ ၂၃ ရက်နေ့တွေဆိုရင် ဘဏ်မှာ လူများတယ်။ မြန်မာ့ စီးပွားရေးဘဏ်ကတော့ “ မိဘ ပင်စင်စား များသို့ပန်ကြားချက်” ဆိုပြီး ၂၁ ရက်တစ်နေ့ တည်း စုပြုံမလာဖို့နဲ့ ၂၁ ရက်နေ့နောက်ပိုင်း ဘဏ်ဖွင့်ရက်တွေမှာလည်း ထုတ်လို့ ရတဲ့အကြောင်း အသိ ပေးချက်တွေ ထုတ်နေပေမယ့် ပင်စင်စား အများစုကတော့ လုပ်ဖော်ကိုင်ဖက် ဟောင်းတွေ နဲ့ဆုံနေကြ ရက်ဖြစ်တာရယ်၊ ပြတ်တုန်း လတ်တုန်း နှစ်ဆယ့်သုံး အဆိုကြောင့်ရယ် ၂၁ ၊ ၂၂ ၊ ၂၃ ဆိုရင် ဘဏ်ကို ရောက်လာကြတာပါပဲ။
ကျွန်တော်သွားတာ လဆန်းသုံးရက်နေ့ဖြစ်တဲ့အတွက် ဘဏ်ကို ရောက်တော့ ကျွန်တော့်ရှေ့မှာ ဆယ့်လေး ငါးယောက်ပဲရှိတယ်။ ပင်စင်စားတစ်ချို့က ကိုယ်တိုင်တန်းစီတယ်။ အထ အထ အသွား အလာ ခက်သူတွေကတော့ ထိုင်နေပြီး အဖော်က တန်းစီပေးတယ်။ ဓာတ်ပုံရိုက်မယ် ဆိုမှ ထပြီး အရိုက်ခံတယ်။ ဒီဘဏ်မှာ အရင်က ငွေထုတ် မယ့်သူတွေက တစ်တန်းပဲ စီရတယ်။ ကောင်တာပထမ အပေါက်မှာ ပင်စင်ကတ်ပြားပြ၊ ဓာတ်ပုံ အရိုက်ခံ၊ ဒုတိယအပေါက်မှာ ငွေထုတ်။ဒါပဲ။ အခုတော့ ဓာတ်ပုံအရိုက်ခံဖို့အတွက် သတ်သတ် တန်းစီ၊ ဓာတ်ပုံရိုက်၊ ငွေထုတ်ပေးမယ့် ပြေစာ နှစ်ရွက်ကို ယူ။ ပြီးရင် ငွေထုတ်မယ့် နေရာ မှာ ပြန်တန်းစီ၊ ပြေစာပြ၊ ငွေထုတ်ရတယ်။ ငွေထုတ်ရတာ ဘာအခက်အခဲမှ မရှိဘူး။ ဝန်ထမ်းတွေကလည်း စိတ်ရှည် လက်ရှည် ကူညီပါတယ်။
ငွေထုတ်ပြီးတော့ ပန်းဆိုးတန်းကို လမ်းလေ ျှက်တယ်။ ဘဏ်ဘေးက ပလက်ဖောင်းမှာတော့ ထုံးစံအတိုင်း တိုလီမိုလီ ပစ္စည်းဆိုင်လေးတွေ၊ စားသောက်ဆိုင်လေးတွေရှိတယ်။ ဘဏ် (၁) လမ်းကြားထိပ်နားမှာ စမူဆာသုပ် ဆိုင်တစ်ဆိုင်တွေ့တယ်။ စမူဆာ၊ ဆင်ခေါင်းပဲ၊ အာလူး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ် ၊ ပူစီနံ၊ ငြုပ်သီးစိမ်းလေးတွေနဲ့ ပြင်ထားတဲ့ ပန်းကန်ပြား တွေကို အငွေ့တထောင်း ထောင်းထနေတဲ့ ပဲနှစ်ရည်အိုးအဖုံးပေါ်မှာ တင်ထားတာ မြင်လိုက် တာနဲ့ ခြေလှမ်းတွေက ရပ် သွားတယ်။ ကျွန်တော်ရပ်သွားတာကို မြင်တော့ ဆိုင်ရှင်အမျိုးသမီးက ဘာစားမလဲ၊ စမူဆာသုပ်၊ ကြက်သား သုပ်၊ လက်ဖက်ထမင်း အစုံရတယ်ဆိုပြီး လှမ်းခေါ်တယ်။
စမူဆာသုပ်တစ်ပွဲက တစ်ထောင်၊ လက်ဖက်ထမင်းသုပ်၊ ပုန်းရည်ကြီးထမင်းသုပ် ဘာညာတွေက လည်း တစ်ထောင်၊ ကြက်ဥကြော်ထည့်ရင် ၁၅၀၀၊ ကြက်သားသုပ်က ၂၀၀၀။ ဒါနဲ့ စမူဆာသုပ် တစ်ပွဲ မှာတယ်။ စမူဆာတစ်ခုဘယ်လောက်လဲလို့ မေးလိုက်တော့ ၃၀၀၊ ဒါနဲ့ စမူဆာ နောက် ထပ်နှစ်ခုထည့်သုပ်ဗျာလို့ မှာလိုက်တယ်။ နေ့လယ်စာ ၁၆၀၀ ဖိုးပေါ့။
ဆိုင်မှာ ကျွန်တော်တစ်ယောက်ပဲရှိတယ်။ ရောင်းကောင်းရဲ့လားလို့မေးတော့ လကုန်ခါနီး ပင်စင် ထုတ်ရက်ဆိုရင်တော့ ရောင်းကောင်းတယ်။ ကြားရက်တွေကတော့ နည်းနည်းပဲ။ ရုံးသမားတွေ ပဲ လာစားတာများတယ်တဲ့။
စမူဆာတစ်ပွဲ အရင်က ရှစ်ရာပါဗျာလို့ပြောတော့ ဆိုင်ရှင်အမျိုးသမီးက အကုန်တက် တယ်လေ။ ကြက်သွန်က ( တစ်ပိဿာ) အရင်က ၁၈၀၀/၂၀၀၀၊ အခု လေးထောင်၊ အာလူးအလုံးကြီးက အရင် က ၁၈၀၀၊ အခု သုံးထောင်၊ အကြော်စုံတွေက အရင် ၃၅၀၀၊ နောက် ၆၀၀၀ မှာ ငြိမ်နေ တယ်။ မနေ့က သွားပြန်ဝယ်တော့ ကိုးထောင်၊ မြေပဲဆံက အရင်က ငါးထောင်၊ အခု တစ် သောင်း။ စားအုန်းဆီပဲနည်းနည်းပြန်ကျတယ်။ အရင်က တစ်သောင်းကျော်၊ အခု ၇၀၀၀ တဲ့။ ဈေးတွေတက်တော့ ရောင်းလို့ရတဲ့ အမြတ်က ဈေးတက်တဲ့အထဲပါကုန်တာပဲ၊ ဝယ်ထားတဲ့ ပစ္စည်းကုန်ရင် နောက်ထပ်သွားဝယ်ရမှာတောင် ကြောက်တယ်တဲ့။
ကျွန်တော်တို့ စကားပြောနေတုန်း အမျိုးသမီးကြီးတစ်ယောက်ဝင်လာတယ်။ တစ်ခေါင်းလုံး ဖွေးဖွေးဖြူလို့ ၊ပါတိတ်လုံချည်ခရမ်းရောင်က အရောင်လွင့်ချင်နေပြီ။ အပြာရင့်ရောင်ပေါ်မှာ ပန်းခက်ဒီဇိုင်းဖော်ထားတဲ့ ဘလောက်စ် အင်္ကျီ လက်တိုကို ဝတ်ထားတယ်။ မစ်ကီမောက်စ် အရုပ် တွေပါတဲ့ ချည်ထည်အိတ်ပွပွ အဖြူရောင်ကို ပုခုံးမှာလွယ်ထားတယ်။ ဒီအမကြီးကို ဘဏ်မှာ တန်းစီတုန်းကတွေ့ခဲ့တယ်။ သူလည်း စမူဆာသုပ်နှစ်ပွဲ ပါဆယ်မှာတယ်။ ခရမ်းချဉ်သီး နဲ့ ဂေါ်ဖီ ထုပ် မထည့်နဲ့၊ ဟင်းရည်မဖိတ်အောင်လုပ်ပေးတဲ့။
ဒါဟာ ပင်စင်စားတစ်ယောက်ရဲ့ အိမ်ပြန် လက်ဆောင်ပေါ့။ နှစ်ပွဲထဲဆိုတော့ ဇနီးမောင်နှံ နှစ်ယောက် ထဲအတွက်များလားလို့ တွေးမိတယ်။ အဲဒီကနေ စမူဆာ သုပ်နှစ်ပွဲကို ကြည့်ရင်း “ အဘိုး အဘွား အဖြစ်နဲ့ စလယ်ဝင် ဒီအိုးလေး ပြန်သုံးစွဲကြပြန်၊ မရိုးနိုင်တဲ့ မေတ္တာတွေပါ၊ စလယ်ဝင် အိုး လေး ဇာတ်လမ်း အစမှ ဇာတ်လမ်းအဆုံးတိုင်ပါ” ဆိုတဲ့ နေထွဏ်းဦးရဲ့ သီချင်းစာ သားလေးကို တွေးနေမိတယ်။ မောင်လွန်းကြင်ကတော့ သူ့အဘိုး နဲ့အဘွားအကြောင်းကို “သိင်္ဂ ါရရသ” ဆိုပြီး ဖွဲ့ဆိုခဲ့ဖူးတယ်။
စမူဆာသုပ်စားပြီးတော့ စာအုပ်အဟောင်းတန်းလေ ျှာက်တယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာ အုပ် အဟောင်းတွေရှာတယ်။ လိုချင်တဲ့ စာအုပ်တွေလည်းတွေ့ ၊ ဈေးကလည်း တန်တော့ တစ်ဆိုင် ဝင်၊ တစ်ဆိုင်ထွက် ဝယ်လိုက်တာ ဆယ့်ငါးအုပ်ဖြစ်သွားတယ်။ ဒါနဲ့နောက်ဆုံးဆိုင်က စာအုပ် အားလုံးစုပြီး ကြွပ်ကြွပ်အိတ်အမည်းနှစ်ခုနဲ့ ပေါင်း ထည့်ပေးလိုက်တယ်။ ဒီစာအုပ်ထုပ်ကြီး နဲ့ မြို့ထဲ ပတ်ဖို့ မဖြစ်နိုင်တော့ အိမ်ပြန်ဖို့ပဲ ဆုံးဖြတ်ရတော့တာပေါ့။
ဒီတော့ စာအုပ်ထုပ်နှစ်ထုပ်ကို ကိုင်၊ ပန်းဆိုးတန်းလမ်းမပေါ်တက်ပြီး တက္ကစီးငှားတယ်။ ကားပေါ် ရောက် တော့ ကားဆရာက ကျွန်တော့်ကို လှည့်ကြည့်ပြီး ငွေတွေနဲ့ ဆိုရင် အဖော်လေးဘာလေး ခေါ် ဗျ၊ တစ်ယောက်ထဲမသွားနဲ့ လို့ ပြောတယ်။ ဒီတော့မှ ကျွန်တော် ကားတားတဲ့ နေရာက ဘဏ်တစ် ခု အနားမှာဖြစ်နေတော့ စာအုပ်ထုပ်တွေကို ငွေထုပ်ထင်ပြီး သတိပေးမှန်း သိလိုက် တယ်။ ဒါ့ကြောင့် ငွေ မဟုတ်ဘူး၊ စာအုပ်အဟောင်းတွေဗျ ဆိုပြီး စာအုပ်တွေ ပြလိုက်တယ်။
အဲဒီကနေ မလုံခြုံတဲ့နေ့စဉ်ဘဝတွေအကြောင်း ဆက်သွားပြီး ကားဆရာက သူတို့ သာကေတ မှာ ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေဇာပင် ဖြစ်တဲ့၊ ပဲလှော်ကြား ဆားညပ်တဲ့ အဖြစ်အပျက် တွေကို ပြောတယ်။ ညဘက်ရောက် ရင် ဖိနပ်ကအစ အိမ်ထဲထည့်သိမ်းရတဲ့ အဖြစ်ကို ရှင်းပြတယ်။ ညဘက် ကားမဆွဲရဲ သလောက်ဖြစ် နေတဲ့ အကြောင်း၊ ခရီးသည်ကို လုတဲ့ ကားသမားရှိသလို ကားသမားအသက်ကို ရန်ရှာ သွားတဲ့ ခရီးသည်တွေလည်းရှိတဲ့ အကြောင်း ပြောတယ်။ နယ်က အမျိုးတွေ အသက်လုပြေးရတဲ့အကြောင်းလည်းပါတယ်။ ကျွန်တော်ကတော့ တရားထောက် ပေါ့။
လုံခြုံရေးကနေ စီးပွားရေးရောက်သွားတော့ အုံနာခ ၊ ဆီဖိုး နှုတ်ပြီး တစ်သောင်းကျန်ဖို့တောင် အနိုင်နိုင်ရုန်းနေရတဲ့ အကြောင်းရင်ဖွင့်တယ်။ အခု ဆီဈေး ကျ တယ်ဆိုပေမယ့် ခရီးသည်က မရဘူးတဲ့။ လူတွေကလည်း စီးပွားရေးကောင်းမှ တက္ကစီ စီးတာကိုး၊ ဆီဈေးကျပေမယ့် လူမရဘဲ ပတ်မောင်းနေရရင် ရှုံးတာပဲတဲ့။ ကြည့်လိုက် လမ်းပေါ်မှာ တက္ကစီ ဆယ်စီး ဆိုရင် ခြောက်စီးက လူမရှိဘဲမောင်းနေတာ တွေ့ရမယ်ဆိုပဲ။ ကားသမား တင်မဟုတ် ဘူး။ အုံနာတွေလည်း ခက် ခဲ တာပဲတဲ့။ ကားပစ္စည်းတွေက ဈေးနှစ်ဆ လောက်တက်သွားတော့ ကားပြင်ပြီ ဆိုတာနဲ့ အုံနာမျက်ရည်သုတ်ရတာပဲ၊ သူ့ကား ဒူးဆစ်တစ်စုံလဲတာ ရှစ်သောင်းကျော်ကုန်တယ်။ အရင်က လေးငါး သောင်းဆိုရပြီလို့ ရှင်းပြတယ်။
အခုအချိန်မှာတော့ နေ့စဉ်လူမှုစီးပွားဘ၀ အခြေအနေနဲ့ ပတ်သက်ရင် လူတစ်ရာမှာ ကိုးဆယ် လောက်က အခက် အခဲတစ်မျိုးမဟုတ်တစ်မျိုးကြုံနေရတဲ့ အကြောင်းပြောမှာပဲ။ ခေတ်ကို က ဆင်လည်း ဆင်ဒုက္ခ၊ ခြင် လည်း ခြင်ဒုက္ခ ဆိုတော့ လူချင်းတွေ့လို့ အဆင်ပြေ လားလို့ မေးရင် တောင် ရွဲ့မေးတာလား ဆိုပြီး ရန်တွေ့ခံ ရမယ့် ခေတ်ကိုး။ ကားဆရာ ညည်းတာလည်း မထူးဆန်းပါဘူး။
ကျွန်တော်ဆင်းမယ့်နေရာနားနီးတော့ ကားဆရာက “အာဏာ” ဆိုတဲ့ စကားလုံးတစ်လုံး ကြောင့် လူတွေအားလုံး ဒုက္ခရောက်တာပဲဗျာ လို့ ပြောပြီး တိုင်တည်ဆဲဆိုရေရွတ်ရင်း သူ့စကားကို အဆုံး သတ်လိုက်တယ်။ ပြီးတော့ မှ ခရီးသည်ရှေ့မှာ မဆဲသင့်ကြောင့် သတိရသွားပုံနဲ့ “ ကန်တော့ဗျာ၊ ဒီအကြောင်း တွေ ပြောလိုက် တိုင်း ဒေါသထွက်လွန်းလို့” ဆိုပြီးတောင်းပန်တယ်။
ဒါနဲ့ “ ရပါတယ်ဗျာ။ လူအတော်များများကတော့ ဒီလိုပါပဲ။ ဖွင့်ပြောတာနဲ့ စိတ်ထဲက ပြောတာပဲ ကွာတာပါ” လို့ ပြန်ပြောရင်း ကားပေါ်က ဆင်းလာခဲ့တယ်။




My heart pours out for the people who suffer most in this difficult time. May suffering of the majority come to end soon.
LikeLike