ကျွန်တော်တို့ စီးတဲ့ အမှတ် ၃ အဆန်က အထက်တန်းရော၊ ရိုးရိုးတန်းပါ တွဲဟောင်းတွေဖြစ်ပါ တယ်။ ညနေ သုံးနာရီ လေးဆယ့်ငါး ထွက်တဲ့ အမှတ် ၅ အဆန်က လေအိတ်တွဲ လို့ခေါ်တဲ့ တွဲ သစ်တွေဖြစ်ပြီး ၂၀၁၆ ခုနှစ် အတွင်း မှာ တရုတ်နိုင်ငံကနေ ဝယ်ယူခဲ့တဲ့တွဲတွေလို့ သိရတယ်။ အဲဒီရထားကတော့ ထိုင်ခုံတွေကောင်း၊ မီး တွေ အကုန်လင်း၊ အိမ်သာက အစ သန့်ရှင်း တောက်ပြောင်တယ်လို့ ဆိုတယ်။
ကျွန်တော်က အဲဒီရထားကို မစီးဘဲ အမှတ် ၃ အဆန်ကို စီးရတဲ့ အကြောင်းနှစ်ချက်ရှိတယ်။ ပထမတစ်ချက်က လေအိတ် ရထားမှာ အိပ်ခန်းတွဲမပါဘူး။ ညရထားဆိုရင် အိပ်ခန်းတွဲမှာ စီးရတာက ပိုလွတ်လပ်တယ်။ နောက်တစ်ချက်က လေ အိတ်ရထားက ဈေးသည်တွေအတက် မခံဘူး။ ကျွန်တော်က ရထားဈေးသည်တွေနဲ့ စကားပြော ၊ ကောင်းနိုးရာရာ ဝယ်စားချင်တယ်။
ရထားစီးရတာပျော်တဲ့ ကျွန်တော်က မမ ကို မော်လမြိုင်၊ မြစ်ကြီးနား၊ မန္တလေး၊ ကလော/ ရွှေညောင်၊ ရထားခရီးစဉ်တွေမှာ ရိုးရိုးတန်း၊ အထက်တန်း ၊ သီးသန့်တွဲ မျိုးစုံနဲ့ သွားခဲ့ဖူး တော့ အမှတ် ၃ အဆန် ကို စီးရတာ ပြဿနာမရှိဘူး။ လက်တွေ့မှာလည်း ရေ၊ မီး ၊ မိလ္လာ အခြေ အနေ တွေက အဆိုးကြီးမဟုတ်ပါဘူး။ ဒီနိုင်ငံမှာ ဒီလောက်တော့ရှိမှာပေါ့ဆိုပြီး နှလုံးသွင်း နိုင်ရင် အဆင်ပြေ ပါတယ်။
ဘူတာကြီးက ရထားစထွက်ပြီးတဲ့နောက် ရထားလမ်းဝဲယာ မြင်ကွင်းကတော့ အထပ်မြင့်တိုက် တွေ တိုးလာတာက လွဲပြီး ထူးမခြားနားပါပဲ။ ရထားလမ်းဘေးရပ်ကွက်လေးတွေက လူတွေ အတွက် ရထားလမ်းဟာ နေရာကျယ်ကျယ်နဲ့ အပန်းဖြေလို့ရတဲ့နေရာတစ်ခုဆိုတော့ ညနေစောင်းမှာ စကားထိုင်ပြော နေတဲ့ သူတွေ၊ ပုလင်းလေးတွေနဲ့ ရီဝေနေသူတွေ၊ ရထား ကြီး ဘက်ကို ကြောပေးထိုင်ရင် စကားပြောနေတဲ့ စုံတွဲလေးတွေ၊ ရထားကြီးကို လက်ပြနေတဲ့ ကလေးတွေ ကို မြင်ရတယ်။ တဲအိုတွေ၊ ယိုင်နဲ့နဲ့အိမ်တွေ၊ ကန်စွန်းခင်းတွေ ၊ အမှိုက်ပုံတွေကလည်း အရင် အတိုင်းပါပဲ။
ရထားထွက်ချိန်မှာ ထူးထူးခြားခြား သတိပြုမိတာကတော့ ရထားတွဲတွေ ခုန်ပေါက်မနေတာပါပဲ။ အရင်ကတော့ ရထားစီးရင် ဘေးတိုက်လည်း လှုပ်တယ်၊ အပေါ်အောက်လည်း ခုန်တယ်။ ပစ္စည်း တင်စင်ပေါ်က အိတ်တွေပြုတ်မကျအောင်လုပ်ရတယ်။ အခုတော့ ရထားလမ်းတွေပြင်ထားတဲ့ အတွက် မြင်းဆိုးတစ်ကောင် ခုန်သလိုတော့မခုန်တော့ဘူး။
ရန်ကုန်- မန္တလေးရထားလမ်းအဆင့်မြှင့်တင်မှုတွေက ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေး အကူအညီ ချေးငွေ တွေနဲ့ ဆောင်ရွက်နေတာပါ။ ဒီစီမံကိန်းက ရန်ကုန် တောင်ငူအပိုင်းကို အဆင့်တစ်၊ တောင်ငူ မန္တ လေးအပိုင်းကို အဆင့်နှစ်ဆိုပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ဆွေးနွေးမှုတွေကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ စတင်ခဲ့ပြီး အဆင့်တစ်အတွက် ပထမအသုတ် ချေးငွေး ယန်း ဘီလျံ ၂၀ ကို ၅ စက်တင်ဘာ ၂၀၁၄ လက်မှတ်ထိုးတယ်။ဒုတိယ ချေးငွေ ယန်း ၂၅ ဘီလျံကို ၁ မတ် ၂၀၁၇ မှာလက်မှတ်ထိုးတယ်။ ၁၈ မေ ၂၀၁၉ မှာ အဆင့်တစ် စီမံကိန်းစတင်ခြင်း အခမ်း အနားလုပ်တယ်။ အဆင့်တစ်ကို ၂၀၂၃ခုနှစ်၊ စီမံကိန်းတစ်ခုလုံးကို ၂၀၂၅ ခုနှစ်မှ ပြီးစီးမယ်လို့ လျာထားတယ်။
ဒီစီမံကိန်းပြီးသွားရင်တော့ ရန်ကုန် – မန္တလေးကို ရှစ်နာရီနဲ့ ခရီးပေါက်မယ်လို့ ဆိုတယ်။ လက် ရှိ အခြေအနေမှာတော့ ရန်ကုန်က ညနေ ငါးနာရီထွက်တဲ့ ရထားက မန္တလေးကို နောက်နေ့မွန်းလွဲ တစ်နာရီမှရောက်တယ်ဆိုတော့ နာရီ နှစ်ဆယ်ကြာတယ်။ အရင်က ၁၄ နာရီ ကြာပေမယ့် အခု လမ်းပြင်နေတဲ့နေရာတွေမှာ အရှိန်လျော့မောင်းရတာတွေရှိတဲ့အတွက် ပိုကြာနေတာလို့ဆို တယ်။
ရထားက ပဲခူးဘူတာကို ညရှစ်နာရီ မှာရောက်တယ်။ အရင်က ပဲခူးဘူတာဆိုတာ အတက် အဆင်း ခရီးသည်တွေများ၊ဈေးသည်တွေလည်းများပေမယ့် အခုတော့ ခြောက်ကပ်ကပ်၊ ကြားနေကြ ထမင်း ရမယ်၊ ပဲခူးမနီငါးချဉ်၊ ဒိုက်ဦးဘဲကင်၊ ပျဉ်ပုံကြီး ငါးရံ့ခြောက်ဆိုတဲ့ အသံတွေတောင်လွမ်းမိ တယ်။
ပဲခူးကထွက်တော့ ညခင်းလေးမှာ ရီဝေတယ်ပေါ့။ ပြူတင်းပေါက်ကနေ တရိပ်ရိပ်ဖြတ်သန်းနေတဲ့ အပြင်ရှုခင်းကို ငေး၊ တွေး ရင်း ရီေ၀ ရတဲ့ အရသာမျိုးကို ရထားစီးမှ ရနိုင်တာပါ။ တစ်ချိန်က မွန်ပြည်နယ် ဘီလင်းမြို့မှာ တာဝန်ထမ်းဆောင်ရတော့ ရန်ကုန်သွားမယ်ဆိုရင် နှင်းပုလဲ ဘူတာက ဖြတ်စီးရတယ်။ ကြားဘူတာဆိုတော့ အထက်တန်းလက်မှတ်ရဖို့မလွယ်တော့ စာပို့ ရိုးရိုးတန်းက အရပ်ဝတ်နဲ့ လိုက်ရတာများတယ်။ အရပ်ဝတ်ဝတ်ထားပေမယ့် စစ်သားမှန်းသိသွားလည်း ပြဿနာ မရှိပါဘူး။ အေးဆေးပဲ။
အဲဒီခေတ်က မှောင်ခိုခေတ်ဆိုတော့ ရိုးရိုးတန်း ရထားတွဲတွေက စုတ်ပြတ်၊ လူတွေက ကျပ်သပ်၊ မှောင်ခို ပစ္စည်းထုတ်တွေက ခုံအောက်မှာ၊ လမ်းကြားမှာ အပြည့်၊ လူကိုယ်ပေါ်မှာပတ်လာတဲ့ အထည် စတွေက ရှိသေး။ အဲဒီကြားမှာ ရေဘူးထဲမှာ ကြိုပြီးစပ်လာတဲ့ တပ်မတော်ရမ်အရက်လေး ကို မော့ လိုက်၊ ဘူတာတွေက ရောင်းသမ ျှ အကြော်အလှော်တွေနဲ့မြည်းလိုက်၊ ခရီးသည်ချင်း စကား ပြောလိုက်၊ ကိုယ့်ထိုင်ခုံအောက်မှာ ပစ္စည်းလာထားတဲ့ ကုန်သည်တွေကျွေးတာစား လိုက်နဲ့ အတော်ဇိမ်ကျခဲ့တာ။ တစ်ခါက ဘဝတွေပေါ့။
အခု ရထားလမ်းအခြေအနေ တိုးတက် လာတာကို ပုလင်းတွေ၊ ခွက်တွေ စားပွဲပေါ်မှာ ဒီအတိုင်းတင်ထားလို့ရတာရယ်၊ ခွက်မော့ သောက်တဲ့အခါ ပါးစပ်နဲ့ ခွက်တဲ့အောင် ချိန်ဖို့ မလိုတာရယ်က သက်သေပြနေတယ်။ မရိုသေ့စကား ရေအိမ်ဝင်ရင်လည်း အရင်က လို ကိုယ်ဖော့သိုင်း၊ ဟန်ချက်ထိန်းတိုက်ကွက်၊ ပစ်မှတ်တည့်တည့်ဝင်အောင် ဗုံးကြဲခြင်းတွေ လုပ် ဖို့ မလိုတော့ဘူး။
လူက ရီဝေေ၀၊ ရထားက ဖြေးဖြေးငြိမ့်ငြိမ့်လေးဆိုတော့ ချော့သိပ်သလိုဖြစ်ပြီး စောစော အိပ်လိုက်တာ မနက် နှစ်နာရီခွဲလောက် တောင်ငူဘူတာရောက်မှ တစ်ရေးနိုးတယ်။ ရထားက တောင်ငူဘူတာမှာ နည်းနည်းကြာတယ်။ တွဲတွေကို ရေလိုက်ဖြည့်တာလည်းတွေ့တယ်။ တောင်ငူဘူူတာမှာ ရန်ကုန်- မန္တလေး အစုန်ရထားရော၊ အဆန်ရထားပါ မနက်စောစော ဆိုက်တာဆိုတော့ ဈေးသည် တွေက ဝိရိယကောင်းကောင်းနဲ့ စောင့်ရောင်းတာတွေ့ရတယ်။
ဈေးသည်တွေထဲမှာ ထမင်းသည်ပါသလို ငှက်ပျောခြောက်၊ မင်းဂွတ်သီးရောင်းသူတွေလည်း ရှိ တယ်။ တွဲနားရောက်လာတဲ့ မင်းဂွတ်သီးသည်ကို ရောင်းကောင်းလား လို့ မေးတော့ “ အောင် မယ်လေး ပိုက်ဆံမပါရင် အလကားယူသွားပါလို့ ပြောတာတောင် မယူကြဘူး” လို့ ဖြေတယ်။ ကိုယ်တိုင်လည်း ဝယ်ဖို့ အစီအစဉ်မရှိတော့ မျက်နှာပူပူနဲ့ ပဲ နေလိုက်ရတယ်။
နေပြည်တော်ကို မနက် ငါးနာရီ လေးဆယ်ငါးမိနစ်လောက်မှာရောက်တယ်။ နေပြည်တော် ဘူတာ က အတက်အဆင်းလည်းနည်းတယ်။လူရှင်းတယ်။ ရန်ကုန်ရထားဆိုရင်တော့ စီးမယ့်လူများ သလား မသိနိုင်ဘူး။ နေပြည်တော်ကနေ ထွက်တော့ စားသောက်တွဲက နံနက် စာ စား မလားလို့မေးတယ်။
စားသောက်တွဲက အစားအသောက်နဲ့ ရထားဈေးသည် အစား အသောက် ယှဉ်စားချင်တာနဲ့ ထမင်းဆီဆမ်း၊ ကြက်ဥမွှေကြော်၊ ကော်ဖီတစ်ခွက်မှာလိုက် တယ်။ ထမင်း ဆီဆမ်း( ဘုရားစူး ဆီပါတယ်ဆိုရုံလေး) အလွတ်တစ်ပွဲက ၁၅၀၀၊ ကြက်ဥမွှေကြော် ( နှစ်လုံး)က ၂၀၀၀ ၊ ကော်ဖီတစ်ခွက် က ငါးရာ။ စားသောက်တွဲ နံနက်စာက လေးထောင် ကုန်တယ်။ ထမင်းကြော် လည်း ၃၅၀၀ ပဲတဲ့။
တပ်ကုန်းရောက်တော့ ရထားဈေးသည်တွေတက်လာတယ်။ ထမင်းဆီဆမ်း ငါးကြော်၊ ကြက်ဥကြော်၊ ကြက်သားကြော် ကြိုက်တာနဲ့ ယူ ၁၀၀၀ ပဲ။ ငရုတ်သီးကြော်သုံးလေး တောင်နဲ့ ချဉ်ပေါင်ကြော်လေးတောင် ပါသေးတယ်။ ( ဓာတ်ပုံတွေမှာကြည့်ပါ။ ) သူတို့ဆီက ငါးကြော်နဲ့ တစ်ပွဲဝယ်စားတယ်။ ထမင်း က စားသောက်တွဲကရောင်းတဲ့ ပွဲလောက်မများတာကလွဲရင် သူတို့ ထမင်းဆီဆမ်း၊ ငါးကြော်၊ ချဉ်ပေါင်ကြော်အတွဲက ပိုတောင်ခံတွင်းပေါက်သေးတယ်။ တစ်ထောင် တန်တယ်လို့ ပြောရမှာပဲ။ ကော်ဖီသောက်ရင် တစ်ခွက်သုံးရာ။
ဒီဈေးသည်တွေက သာစည်ကနေ အမှတ် ၄ အစုန်နဲ့လိုက်လာ ပြီး ညစာရောင်း၊ တပ်ကုန်းမှာ ဆင်း၊ ထမင်း၊ ဟင်းပြန်ချက်၊ ကျွန်တော်တို့ရထား ( အမှတ် ၃ အဆန်)နဲ့ ပြန်လိုက် ၊ မနက်စာ ရောင်း၊ သာစည်မှာပြန်ဆင်း၊ ခဏနား၊ ထမင်းပြန်ချက်ပြုတ်၊ အမှတ် ၄ အစုန်နဲ့ ပြန်လိုက်။ ဒီလို ပဲ ဂျင်ဂျင်လည်နေတာ။ သီတင်းကျွတ်ရုံးပိတ်ရက်မျိုးဆိုရင် ထမင်းဘူး ငါးဆယ်လောက် ကုန်ပေမယ့် ကြားရက်တွေမှာတော့ ဘူးနှစ်ဆယ် ၊ သုံးဆယ်ကုန်ဖို့ ဖြစ်ဖြစ်မည်အောင်ရောင်းရသတဲ့။
တချို့သူတွေကတော့ ရထားဈေးသည်တွေအပေါ် အမြင်မကြည်ဘူး။ ခရီးသည်တွေ အနှောင့် အယှက်ဖြစ်တယ်လို့ ယူဆသူတွေရှိသလို သူတို့ကြောင့် ပစ္စည်းပျောက်တယ်လို့ ထင်သူတွေ လည်းရှိတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ ပုံမှန်ဈေးရောင်းသူတွေက ရထား ပေါ်မှာ အမှုအခင်းဖြစ်ပြီး စည်းကမ်းတင်းကျပ်ရင် သူတို့ ထမင်း အိုးကွဲမှာ စိုးရိမ်တဲ့အတွက် ဥပဒေ နဲ့ ငြိစွန်းမယ့်ကိစ္စတွေကို မလုပ်ပါဘူး။ တတ်နိုင်ရင် တားဆီးဖို့တောင်ကြိုးစားကြပါတယ်။
နောက်ပြီး ရထားပေါ်မှာ စားသောက်တွဲပါတယ်ဆိုပေမယ့် စားသောက်တွဲက ဈေးနှုန်းတွေကို လက်လှမ်းမမှီနိုင်တဲ့ ခရီးသည်တွေ၊ အထူးသဖြင့် ရိုးရိုးတန်းခရီးသည်တွေအတွက် ရထား ဈေး သည်တွေဟာ မရှိမဖြစ် လိုအပ်နေဆဲပါပဲ။ ဒါ့ကြောင့် ရထားဈေးသည်တွေ ကို တားမြစ်မယ့် အစား သူတို့ကို စနစ်တကျ မှတ်ပုံတင်ထားတာ၊ ရောင်းချမယ့်အစားအသောက်တွေ သန့်ရှင်းလတ် ဆတ်ရေးအတွက် လိုက်နာရမယ့် စည်းကမ်းတွေသတ်မှတ်တာ၊ ဈေးသည်တွေရဲ့ တစ်ကိုယ် ရေ သန့်ရှင်းရေးအတွက် ပညာပေးတာမျိုးတွေလုပ်တာက ပိုကောင်းမယ်လို့ ထင်ပါတယ်။
အဲဒီလို မလုပ်ချင်ဘူး။ ရထားဈေးသည်တွေကို လုံးဝမမြင်ချင်ဘူးဆိုရင်လည်း စားသောက်တွဲ လေလံပစ်တဲ့အခါ လေလံကြေးများများရဖို့ကို ဦးစားမပေးပဲ ရောင်းချမယ့်အစားအသောက် အမျိုး အစားနဲ့ ဈေးနှုန်း စတဲ့ ဝန်ဆောင်မှုတွေကို ဦးစားပေးပြီးရွေးချယ်ပေါ့။
ဒါပေမယ့် ရထားဝန်ကြီးတွေ၊ မီးရထားအရာရှိကြီးတွေက ရထားနဲ့သွားရင် သီးသန့်တွဲနဲ့ သွား တာဆိုတော့ ရိုးရိုးတန်းခရီးသည်တွေအတွက် ရထားဈေးသည်တွေ အရေးကြီးပုံကို စာနာမိ မယ် မထင်ဘူး။


