မမ နဲ့ ခရီးသွားခြင်း (၃)

ရထားက တပ်ကုန်းဘူတာ ကျော်တာနဲ့ လမ်းဘေးဝဲယာရှုခင်းတွေပြောင်းသွားတယ်။ လယ်ကွင်း တွေအစား ပဲခင်းတွေ၊ ငရုတ်စိုက်ခင်းတွေဖြစ်လာတယ်။ တမာပင်တွေ တွေ့လာရတယ်။ ပျော်ဘွယ်နားနီးတော့ စပျစ်စိုက်ခင်းတွေတွေ့တယ်။ ပျော်ဘွယ်ကျော်လာတော့ ထနောင်းပင် တွေ၊ ကန္တရာပင်တွေ နဲ့ အညာရှုခင်းနဲ့ ဆင်တူလာတယ်။ ဒီရှုခင်းတွေကို မြင်တော့ အမျိုးတွေ ကို သတိရပြန်ရော။

အမေဘက်က အဘွား နဲ့ အမေက ရေစကြိုသူတွေ၊ အဘိုးက တောင်တွင်းကြီးသား။ ဒီတော့ ကျွန်တော်က အညာမွေး၊ အညာကြီးမဟုတ်ပေမယ့် အဘိုး၊ အဘွားသွေးနဲ့ ကိုယ့်ကိုကိုယ် အညာ သားလို့ ပဲ ခံယူထားတာ။

အညာက မိုးနည်းရပ်ဝန်းဒေသ၊ ဘဝရှင်သန်ရေးအတွက် ရုန်းကန်ရ၊ ဒီအခက်အခဲမျိုးစုံကို ကျော်ဖြတ်ဖို့ အချင်းချင်းပဲ အပြန်အလှန်မှီခိုအားထားရ ဆိုတော့ အညာသူ အညာသားက ဒေသ ချစ်စိတ်၊ ဆွေမျိုးချစ်စိတ်ကလည်း အတော်ပြင်း တယ်။ စိတ်ဓာတ်ကလည်း ချစ်လုံးလုံး၊ မုန်းလျား လျား။ မလုပ်ရင်အရှင်း၊ လုပ်ရင်လည်း တစ်ဆုံးတစ်ချက်။ ။ အညာသားဆိုတာ ကျောက ဒဏ်ရာ ပျောက် ပေမယ့် နှလုံးသားဒဏ်ရာက ဘယ်တော့မှ မပျောက်တဲ့သူတွေ။ ဦးအောင်ဇေယျ၊ထန်းလုံး ခံတပ်နဲ့ ဝါးရင်းတုတ်တပ် ဆိုတာ ပုံပြင် မဟုတ်ဘူးလေ။ အခုအချိန်မှာတော့ အညာကို မသွားနိုင် တော့ သတင်းတွေပဲစောင့်နားထောင်၊ သတင်း တွေ ကြားတိုင်း “ပေါက်ပင် ဘာ့ကြောင့် ကိုင်းရ တယ်” ကဗျာရွတ်နေဖို့ပဲ တတ်နိုင်တယ်။

ရထားကသာစည်ဘူတာကို မနက်ကိုးနာရီကျော်ကျော်မှာဆိုက်တယ်။ အခုမြင်ရတဲ့ သာစည်က အရင် “မမ” ပျော်ပျော်ရွှင်ရွှင်နားခဲ့တဲ့သာစည်မဟုတ်တော့ဘူး။ ခြောက်ကပ်ကပ်နဲ့။ ဈေးသည် တောင် မရှိသလောက်ပဲ။ တကယ်တော့ သာစည် ဘူတာဆိုတာ ရုံပိုင်ချုပ်ရုံးထိုင်တဲ့ ဘူတာကြီး။ မီးရထားမှာ ရုံပိုင်ချုပ်ရုံးထိုင်တဲ့ ဘူတာက အရင်က ပဲခူး၊ သာစည်နဲ့ ပျဉ်းမနားပဲရှိတယ်လို့ မှတ်သားဖူးတယ်။ နေပြည်တော်ပေါ်လာတဲ့အခါ နေပြည်တော် ဘူတာမှာလည်း ရုံပိုင်ချုပ်ထိုင် လိုက်တဲ့အတွက် ပျဉ်းမနားမှာ ရုံပိုင် ချုုပ်ထိုင်/မထိုင် မသိတော့ ဘူး။ ရုံပိုင်ချုပ်ကြီး အဆင့်ထိုင် တာ ဆိုရင် ရန်ကုန် ၊ မန္တလေး နဲ့ မြစ်ကြီး နားပဲရှိတယ်လို့ဆိုတယ်။

သာစည်ဘူတာက ရန်ကုန်- မန္တလေးလမ်း၊ သာစည်-မြင်းခြံလမ်း၊ သာစည်-ရွှေညောင်လမ်း ဆုံတဲ့ နေရာဆိုတော့ အလွန်စည်ကားခဲ့တာ။ အရာရှိငယ်ဘဝက သင်တန်းတက်ဖို့အတွက် ရန်ကုန် – မန္တလေး ရထား ရွှေညောင်တွဲနဲ့ မကြာခဏ ခရီးသွားခဲ့ဖူးတယ်။ အဲဒီအချိန်က သာစည်ဘူတာမှာ စောင့်ရတဲ့အချိန်က ကြာတော့ ခရီးသည်တွေ ရေချိုး၊ ညစာ၊မနက်စာ စားကြတယ်။ သာစည် မှာ ရေဘယ်လိုချိုးလို့ ရတယ်ဆိုတဲ့ ယုံတမ်းစကားလိုလိုတွေကြားဖူးပေမယ့် ကိုယ်တိုင်ကတော့ ရိုးရိုးချိုးပဲ ကြုံဖူးပါ တယ်။ (မယုံရင် ပုံပြင်လို့သာမှတ်ပေတော့)

သာစည်ဘူတာပြီးတော့ ရွာပုလဲ၊ ဟံဇား၊ခင်ဘန်း၊ သဲတော၊ စမုံ ၊ အိုးထုတ်ကုန်း၊ သပြေတောင် ၊ ကူမဲ၊ မြစ်သား စတဲ့ ဘူတာငယ်လေးတွေကို ဖြတ်ရတယ်။ ရထားမရပ်ဘူး။ ဘူတာလေးတွေ ကို မြင်ရတာ ခြောက်ခြောက်သွေ့သွေ့၊ စာပို့ရထားမရှိတော့ဘူးဆိုတော့ ဘူတာလေးတွေလည်း အိပ် ပျော်နေရပြီပေါ့။ ဘူတာရုံ ဝန်ထမ်းတောင် အပြည့်အစုံရှိသေးရဲ့လား မသိနိုင်ဘူး။နောက်တော့ ကျောက်ဆည်၊ ဘဲလင်း၊ စဉ့်ကိုင်၊ ပုလိပ်ကို ဖြတ်ပြီး မြစ်ငယ်ကို ရောက်တယ်။

ရထားကမြစ်ငယ်ဘူတာမှာမရပ်ဘူး။တွဲပြင် စက်ရုံရှိတဲ့ဘက်အခြမ်းသံလမ်းဝင်း ထဲမှာတော့ ကုန်တင် တွဲတွေ၊ ကျောက်တွဲ တွေ၊ သစ်လုံးတင်တွဲတွေနဲ့ လူစီးတွဲတွေထိုးထားတွေ့တယ်။ ဝန်ထမ်း သုံးလေးယောက် မြန်မာ့မီးရထားလို့ ရေးထားတဲ့ အလံတိုင်အုပ်ခုံ၊ အလံတိုင်နဲ့ ဘေးနား က ကုက္ကိုပင်ကြီးတွေကို ထုံး အဖြူသုတ်နေတာတွေ့တယ်။ တံမြက်စည်းနဲ့ အမှိုက်ပုံးကိုင်ထားတဲ့ လူနှစ်ယောက်ကတော့ မကြာခင်ကမှ ခုတ်ထားပုံရတဲ့ သစ်ရွက်တွေကို သန့်ရှင်းရေးလုပ် နေ တယ်။ ပန်းအလှပင်တွေ အခြေမှာလည်း လတ်လတ်ဆတ်ဆတ် မြေဆွထားတာတွေ့တယ်။

ဌာနဆိုင်ရာသဘောတရားအရတော့ ဒါဟာ မကြာခင် လူကြီးတစ်ယောက် လာရောက်စစ်ဆေး မယ့် သဘောပဲ။ လူကြီးက ဘာတွေကို ကြည့် သွားမှာလဲ။ လှပသန့်ရှင်းအောင်လုပ်ထားတာ တွေကြည့်ပြီး ပြန်သွားမှာလား။ “မမ” ဝန်ထမ်းတွေ ရဲ့ ရင်ထဲကို မြင်အောင်ကြည့်သွားမှာလား၊ မီးရထားမြို့လို့ သိကြတဲ့ မြစ်ငယ်ရဲ့ ယခင်နဲ့ ယခုကို လေ့လာမှာလား။ တွေးလေလေ ဆွေးလေလေပဲ။

မြစ်ငယ်ပြီးတော့ တံခွန်တိုင်၊မြို့ဟောင်း၊ ရှမ်းစု ပြီးတော့ မန္တလေးဘူတာကြီးပေါ့။ မန္တလေး အဝင်မြင်ကွင်း ကလည်း အရင်အတိုင်းပါပဲ။ ရထားလမ်းအနောက်ဘက်ခြမ်းမှာတော့ တစ်ချို့နေရာတွေမှာ အပင်တွေက ရထားနဲ့ အတော်ကပ်နေပြီ။ လမ်းပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းတွေနည်းနေ တဲ့ သဘောပဲထင်ပါရဲ့။ မန္တလေးဘူတာကြီးအဝင်မှာ ရေသန့်ဘူးစုတဲ့ကလေး၊လူကြီးတွေ တက်လာ တာနဲ့ ရေသန့်ဘူးခွံတွေပေးလိုက်တယ်။ ဝယ်စားလာတဲ့ ထမင်းဘူးခွံတွေကတော့ ပစ်ဖို့ အမှိုက်ပုံးမတွေ့တာနဲ့ အထုတ်ထုတ်ပြီး ထားခဲ့တယ်။ လမ်းဘေးမှာလွှင့်ပစ်ခဲ့တာထက် စာရင် တော့ တော်သေးတာပေါ့လို့ပဲဖြည့်တွေးလိုက်တယ်။

ရန်ကုန်- မန္တလေးရထားလမ်းက ၆၂၀ ကီလိုမီတာရှိတယ်။ ဒီခရီးကို အရင်က ၁၄ နာရီ စီးရတယ်။ အခု တော့ ရန်ကုန်က ညနေ ငါးနာရီထွက်တဲ့ ရထားက နောက်နေ့ မွန်းလဲ ၁၂ နာရီ ၄၅ မိနစ်မှ မန္တလေး ရောက်တော့ ၁၈ နာရီ နီးပါးကြာတယ်။ အဝေးပြေးကားခရီးစဉ်နဲ့ ယှဉ်လိုက်ရင် အချိန် အတော်ကွာသလို သက်တောင့်သက်သာဖြစ်မှုလည်း ကွာသွားပြီ။ လက်မှတ်ဝယ်ရတာ လွယ်ကူ မှုကတော့ ပြောမနေနဲ့တော့။ “မမ” ကို လူကြိုက်နည်း လာတာလည်း မထူးဆန်းဘူး။

ဒီရထားပေါ်ကခရီးသည်တွေထဲမှာ မစီးမဖြစ်လို့ စီးလာရတဲ့ သူတွေပါသလို “မမ”အပေါ်ထားတဲ့ အရင် သံယောဇဉ် ကြောင့် စီမံကိန်း ပြီးသွားရင် ၈ နာရီနဲ့ ခရီး ပေါက်မှာပါဆိုတဲ့ မေ ျှာ်လင့်ချက် နဲ့ အဆင်မပြေတာ တွေကို ဖြေသိမ့်ရင်း ကားမစီးဘဲ ရထား စီးလာတဲ့ သူ တွေလည်း ပါမှာပဲ။

ဒါပေမယ့် စီမံကိန်းလည်း မပြီး၊ စီမံကိန်းပြီး ပေမယ့် ပြောထားသလို ၈ နာရီနဲ့ ခရီး မပေါက်ဘူးဆိုရင်တော့ အဲဒီခရီးသည် တွေ လည်း “ မမ ” ကို သေခန်း၊ ရှင်ခန်းဖြတ်တော့မှာပဲ။ အဲဒီလို လူတွေပါ စွန့်ခွာသွားပြီးဆိုရင် တော့ “မမ” ဟာ ရာဇဝင်ထဲမှာ ကျန်ခဲ့ တော့မှာသေချာပါတယ်။ အရင်လို လှသွေးကြွယ်၊လူချစ် လူခင် များတဲ့ ဘ၀ ပြန်ရချင်တယ်၊ ရာဇဝင်ထဲမှ မကျန်ခဲ့ချင်ဘူးဆိုရင်တော့ “မမ” ပြင်သင့်တာ တွေ အချိန်မီ ပြင်ဖို့ လိုပါပြီ။

( ပြီးပါပြီ )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: