တောင်လေးလုံး ကွန်သာယာ

တောင်သမန်အင်း လို့ပြောလိုက်ရင် မယ်ဇယ်ပင်တန်းနဲ့ ဦးပိန်တံတားကို မြင်မိ၊ သတိရမိ တဲ့ သူများမှာပါ။ ဒါပေမယ့် စာပေနဲ့ သုတေသန နယ်ပယ်မှာတော့ တောင်သမန် လို့ပြောလိုက်ရင် တောင်လေးလုံးကျောင်းတိုက် ဆရာတော် ဦးပညာဇောတ ( ကိုပညာ(အမရပူရ)) ကို မြင်မိ၊ သတိရမိတဲ့သူတွေအတော်များများရှိမှာသေချာပါတယ်။

ဆရာတော်ဦးပညာဇောတ က ကိုပညာ(အမရပူရ) ကလောင်အမည်နဲ့ ဘာသာရေး၊ ယဉ်ကျေးမှု နဲ့ သမိုင်းဆိုင်ရာဆောင်းပါးတွေပြုစုရေးသားခဲ့တယ်။ ၁၉ ၉ ၆ ခုနှစ်မှာ “ တောင်သမန်ဝန်းကျင် သမိုင်း ဝင် နေရာများ” စာအုပ်နဲ့ သုတပဒေသာ ( ဝိဇ္ဇာ) အမျိုးသားစာပေဆုရခဲ့တယ်။ ဆရာတော် က ဦးမောင်မောင်တင်( မဟာဝိဇ္ဇာ) ၊ ဒေါက်တာသန်းထွန်း၊ လူထု ဦးလှ၊ အိုးဝေညိုမြ စတဲ့ ပညာရှင်များနဲ့ ပူးပေါင်းပြီး စာပေ၊ ယဉ်ကျေးမှု နဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေ ကို လေ့လာ ဖော်ထုတ်ခဲ့သူဖြစ်တဲ့အတွက် တောင် သမန် အင်းစောင်း မှာရှိတဲ့ ဆရာတော်ကျောင်း ဟာ လည်း မန္တလေး စာပေ ယဉ်ကျေးမှုနဲ့ သမိုင်းသုတေသန နယ်ပယ်ကပုဂ္ဂိုလ်များစုစည်းရာနေရာ တစ်ခုဖြစ်ခဲ့တယ်။တောင်လေးလုံး ကျောင်းတိုက်ရဲ့ ဧည့်သည် တွေထဲက စာရေးဆရာ၊ သတင်းစာ ဆရာ အိုးေ၀ ညိုမြကတော့ နှစ်စဉ် ရက်ရှည်လများ လာရောက် နေထိုင်ပြီး တောင်သမန် ပတ်ဝန်းကျင်မှာ လေ့လာ စူးစမ်းမှုတွေလုပ်လေ့ရှိတယ်လို့ မှတ်သားဖူး တယ်။

ကျွန်တော်ကတော့ ၁၉ ၉ ၀ ပြည့်လွန်နှစ်တွေရောက်မှ တောင်လေးလုံးကျောင်းတိုက် နဲ့ ကို ပညာ(အမရပူရ)ကိုဆရာမကြီးလူထုဒေါ်အမာမွေးနေ့ပွဲနဲ့ပတ်သက်တဲ့ဆောင်းပါး တွေကတဆင့် သိခဲ့ရတာပါ။ ၂၀၀၅ ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကိုပြောင်းရွှေ့လာပြီးချိန်မှာတော့တောင်လေးလုံးကျောင်းတိုက်အကြောင်းပိုသိလာရသလိုကျောင်း တိုက်ကို တစ်ခေါက်တစ်ခါ လေ့လာရေးခရီးသွားချင်တယ်၊ တောင်လေးလုံး ကျောင်းမှာ ပြုလုပ် တဲ့အခမ်းအနားတွေမှာ ပြောကြ ၊ ဆွေးနွေးကြတာတွေကို နားထောင်ချင်တယ်၊ နာမည်ကြီးတဲ့ တောင်လေးလုံး ဝက်သားဟင်းလေးချက်ကို မြည်းစမ်းချင်တယ်။

ဒါပေမယ့်အဲဒီအချိန် နဝတ/နယက အစိုးရလက်ထက်က တောင်လေးလုံးကျောင်းတိုက်မှာ ပြုလုပ် တဲ့ အခမ်းအနားတွေကို လုံခြုံရေး ဆိုင်ရာ အဖွဲ့အစည်းတွေက စောင့်ကြည့် လေ့ရှိတယ်။ တက် ရောက်တဲ့ လူစာရင်းကို မှတ်တမ်းတင်တယ်။ အထူးသဖြင့် လူထုမိသားစုနဲ့ ပတ်သက်တဲ့ အခမ်း အနားတွေဆိုရင်ပိုသတိထားစောင့်ကြည့်တယ်။ဒါ့အပြင်အစိုးရနဲ့ဆက်နွယ်နေတဲ့ လူမှုရေး အသင်း အဖွဲ့ ဆိုတာကလည်း တောင်လေးလုံးကျောင်းတိုက် သတင်းတွေကို သူတို့နဲ့ပတ်သက်တဲ့ ဝန်ကြီး တွေဆီကိုတင်ပြ လေ့ရှိ တယ်။ဒီတော့ဝန်ထမ်းတစ်ယောက်အနေနဲ့တောင်လေးလုံး ကျောင်းတိုက် ကို အလည်အပတ်သွားရင် ပြဿနာတက်နိုင်တဲ့ အခြေအနေရှိတော့ မသွားနိုင်ခဲ့ဘူး။

၂၀၁၄ ခုနှစ် ပြန်ကြားရေးဝန်ကြီးတာဝန်ယူတော့ နိုင်ငံရေးခေတ်ဆန်းချိန်ဖြစ်တဲ့အတွက် လူထု တိုက်ကို သွားရောက်ပြီး ဆရာညီပုလေးအပါအဝင် လူထုမိသားစုတွေ၊ စာရေးဆရာတွေနဲ့ တွေ့ ဆုံခဲ့ပေမယ့် အကြောင်းမညီညွတ်လို့ တောင်လေးလုံးကျောင်းတိုက်ကိုတော့ မရောက်ခဲ့ဘူး။ ၂၀၁၆ မေလ ဆရာတော်ပျံလွန်တော်မူပြီလို့ ကြားတော့ သက်ရှိထင်ရှား ရှိချိန် ငါ မသွားမိလေ ခြင်း ဆိုပြီးနောင်တရခဲ့တယ်။ ဒါ့ကြောင့်ဒီတစ်ကြိမ် မန္တလေး ရောက်တော့တောင်လေးလုံးကျောင်း တိုက် ကို ရောက်အောင် သွားခဲ့တယ်။

ကျောင်းတိုက်ရှေ့ရောက်တာနဲ့ ပထမဆုံးမြင်ရတာက အဝင်ပေါက်ရဲ့ ဘယ်ညာ ရေချမ်းစင်လေး တွေမှာ ကွယ်လွန်သူကဗျာဆရာ နီမောင် (အင်းဝ)နဲ့ မောင်မြတ်မှိုင်း ( လမင်းတစ်ရာ သုခုမ စွမ်း အားစု)တို့အတွက် အမှတ်တရ ကျောက်ပြားလေးတွေကပ်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းပေါက်ဝရောက်တော့ အထဲက ဦးပဉ္ဇင်းတစ်ပါးထွက်လာတယ်။ “ရန်ကုန်ကပါ၊ ဆရာတော့် ကျောင်းကို လေ့လာချင်လို့ပါ” ဆိုပြီးလေ ျှာက်တော့ ခွင့်ပြုပါတယ်။ ဦးပဉ္ဇင်းက ဆရာတော် ဦးပညာ ရဲ့ တူ တော် ပါတယ်။ ဆရာတော်ပျံလွန်တော်မူပြီးနောက်မှာ တူတော်သူ ဦးပဉ္ဇင်းနှစ်ပါး ကပဲ ဒီကျောင်းကို ထိန်းသိမ်း စောင့်ရှောက်ထား တယ်တဲ့။

ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေကို ဆရာတော် ရဲ့ အရိုးအိုးစေတီ နဲ့ ဆရာကြီး ဒေါက်တာ သန်းထွန်းရဲ့ အုတ်ဂူရှိရာကို အရင်ကြည့်ဖို့ပြောပြီး ကိုယ်တိုင်လိုက်ပြတယ်။ အဲဒါတွေ တည်ထားတဲ့နေရာက တောင် လေးလုံးကျောင်းတိုက်မြေဆိုပေမယ့် လူနေအိမ်တွေကြားက ဖြတ်သွားရတယ်။ ဆရာတော် ရဲ့ အရိုးအိုးစေတီရဲ့ မှတ်တမ်းကျောက်ပြားမှာတော့ ဆရာတော်ရဲ့ ဘဝဖြစ်စဉ်အကျဉ်းကို ဖော်ပြ ထားပြီး အရိုးအိုးစေတီအလှုရှင်တွေက “ယိုးဒယား ဥဒုမ္ဗရအဖွဲ့နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ် သမိုင်းဌာနများမိသားစုများ” ဖြစ်တဲ့အကြောင်းဖော်ပြထားတယ်။

ဆရာတော်အရိုးအိုးစေတီဘေးကနေဆက်သွားတော့ ပိုက်ကျော်ခြင်းကွင်းတစ်ခုရောက်တယ်။ ခြင်းကွင်းကနေညာဘက်ချိုးလိုက်တော့ ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ အုတ်ဂူ နဲ့ အထိမ်း အမှတ် ကျောက်တိုင်ကို ရောက်တယ်။ မိုးမကုန်သေးလို့ထင်တယ်။ အုတ်ဂူနဲ့ ကျောက်တိုင် ပတ်ဝန်းကျင် သန့်ရှင်းရေးနည်းနည်းလိုနေတယ်။ ဆရာကြီးဒေါက်တာ သန်းထွန်း ရဲ့ ကျောက်စာ တိုင်အခြေမှာတော့ “ ဒေါက်တာသန်းထွန်း၏ ၉ ၅ နှစ်မြောက်မွေးနေ့ဖြစ်သော ၆ ဧပြီ ၂၀၁၈ သောကြာနေ့မှ စတင်ကာ ဤ ‘ တောင်လေးလုံး ကွန်သာယာ‘ ကို ဂန္ဓဝင် တောင်လေးလုံး ချစ်သူများက ရုပ်လုံးဖော်သည် ” လို့ မှတ်တမ်းရေးထားတယ်။

“ ကွန်သာယာ” ဆိုတဲ့ ဝေါဟာရအနက်ကို သိချင်လို့ စူးစမ်းကြည့်တော့ မန္တလေးမြို့ခံ စာရေး ဆရာ တစ်ဦးက ပုဂံခေတ်ကျောက်စာပါ အသုံးအနှုံးဖြစ်ပါတယ်၊ “စုဝေးရာနေရာ” လို့ အနက် ရတယ်ဆိုပြီး ကွန်သာယာ ဝေါဟာရနဲ့ပတ်သက်တဲ့ “ အသစ်မြင် မြန်မာ့သမိုင်း ( ဒေါက်တာ သန်းထွန်း) ပါ ရေးသားချက်ကို ညွှန်းပါတယ်။ ပြီးတော့ ဆရာကြီးက မန္တလေးတက္ကသိုလ်က သူ့ အိမ်ကိုလည်း “ ကွန်သာယာ” လို့ အမည်ပေးခဲ့တယ်လို့ပြောတယ်။

တောင်လေးလုံးကွန်သာယာ ရဲ့ ရည်ရွယ်ချက်ကတော့ နောင်မှာ တောင်လေးလုံးနဲ့ပတ်သက်တဲ့ စာရေးဆရာများ၊ ပညာရှင်များရဲ့ အထိမ်းအမှတ်တွေကို တောင်လေးလုံး ကွန်သာယာမှာပဲ ထားရှိ ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ ကွန်သာယာရင်ပြင် ပတ်ဝန်းကျင် သန့်ရှင်း လှပရေး၊ မြေပိုင်ဆိုင်မှု စတဲ့ ကိစ္စတွေကို အတော်လုပ်ရဦးမယ့် အခြေအနေမှာရှိပါတယ်။ နိုင်ငံ ရေး ရာသီဥတုကလည်း ထည့်တွက်ရမယ့် အခြေအနေတစ်ခုပါပဲ။

တောင်လေးလုံး ကွန်သာယာက ပြန်လာတော့ ကျောင်းတိုက်တန်ဆောင်းထဲမှာ ရှိတဲ့ ဆရာ ဒဂုန်တာရာ၊ ဆရာမြသန်းတင့်၊ ဆရာဦးဝင်းတင်၊ ဆရာကြည်အောင်၊ ဆရာတင်မိုး တို့က အစပြုတဲ့ သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ မြန်မာမှုပညာရှင်များရဲ့ အထိမ်း အမှတ်တွေကို လေ့လာတယ်။ ရေးထိုးထားတဲ့ မှတ်တမ်းစာတွေကို ဖတ်တယ်။ မြင်ရတဲ့ အနေအထားအရ တန်ဆောင်းထဲမှာ အထိမ်းအမှတ် ကျောက်စာတိုင်တွေ လုပ်ဖို့ နေရာ မကျန်တော့ တဲ့အတွက် တောင်လေး လုံး ကွန်သာယာရင်ပြင် ကို အကောင်အထည်ဖော်တာ အလွန်သင့်မြတ် တဲ့ အစီအမံပါပဲ။ အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။

ဆရာတော် ဦးပညာဇောတ သီတင်းသုံးခဲ့တဲ့အခန်းကတော့ သော့ပိတ်ထားပြီး သော့ကိုင်တဲ့ ဦးပဉ္ဇင်းမရှိတဲ့အတွက် ဝင်ကြည့်လို့မရခဲ့ဘူး၊အထဲမှာ ဆရာတော်စုဆောင်းထားတဲ့ စာအုပ်တွေ စင်တွေနဲ့ အပြည့်တင် ထားတာတော့ မြင်ခဲ့ရတယ်။ မှတ်တမ်းသွင်းဖို့လုပ်နေတယ်လို့လည်း သိခဲ့ရတယ်။ သစ်သား ကျောင်းလေးပေါ်မှာလည်း ဆရာတော်စုဆောင်းထားခဲ့တယ်လို့ ယူဆ ရတဲ့ ဂျာနယ်အဟောင်း တွေ တွေ့ခဲ့တယ်။ ဖုန်အလိမ်းလိမ်းနဲ့ ဖြစ်နေ တဲ့ အတွက် ပျက်စီးသွား မယ့် အန္တရာယ်တော့ ရှိ တယ်။

၂၀၂၀ ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်း ကာလတွေက စပြီး တောင်လေးလုံးကျောင်းတိုက် ထဲမှာ အထိမ်းအမှတ်ပွဲတွေ မလုပ်နိုင်သလောက်ဖြစ်သွားပြီလို့ သိရတယ်။ အခုနောက်ပိုင်းကာလ တွေ ရောက်တော့ ပိုခက်သွားတာပေါ့။ ဒ့ါကြောင့်ထင်ပါရဲ့၊အထိမ်းအမှတ်ကျောက်တိုင်လေးတွေရဲ့ အုပ်ခုံ တချို့လည်း ဆေးကွာ၊ တန်ဆောင်းထဲမှာလည်း သန့်ရှင်းရေးအားနည်းနေတာမြင်ခဲ့ရတယ်။ အစွန်ဆုံးမှာရှိတဲ့ ကဗျာဆရာအောင်ဘညို ဆိုရင် သွပ်ပြားဟောင်းတွေနဲ့ အတူဖြစ်နေပြီ။

တောင်လေးလုံးကျောင်းတိုက်က ပြန်လာတော့ ရောက်ဖူးချင်တဲ့ ဆန္ဒပြည့်သွားပေမယ့် အာသာ မပြေဘူး။ တောင်လေးလုံးကျောင်းတိုက်ကို တစ်ချိန်ကလို စာရေးဆရာ၊ ကဗျာဆရာ၊ ပညာရှင် တွေ စုဝေးကြ၊ သူတို့ချစ်ခင်လေးစားရသူတွေ အကြောင်း ပြောကြ၊ စာပေ ယဉ်ကျေးမှု သမိုင်း ဆိုင်ရာတွေ အပြန်အလှန်ဆွေးနွေးကြတဲ့ ကွန်သာယာ ပြန်ဖြစ်စေချင်တယ်။ တစ်နေ့ တစ်လံပေါ့ ပုဂံ ရေ။

မှတ်ချက်။ မရောက်ဖူးသေးသူများ လေ့လာနိုင်ဖို့အတွက် ရိုက်ခဲ့သမ ျှ ဓာတ်ပုံတွေ မ ျှဝေပေးထား ပါတယ်။ မှတ်တမ်းတင်ဖို့ ကျန်ခဲ့တာရှိရင်လည်း တောင်းပန်ပါတယ်။

One thought on “တောင်လေးလုံး ကွန်သာယာ

  1. Very touched by all the messages.
    Hoping nobody come and destroy the whole place.
    As Matin Luther King said If you want to change the world, pick up the pen and write.

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: