မန္တလေးမြို့က အုတ်ကျောင်းတိုက်ကြီးလို့ ပြောလိုက်ရင် ယောမင်းကြီးကျောင်းတိုက်ကို ပဲ သိတဲ့သူများပါလိမ့်မယ်။ ဒါပေမယ့် မန္တလေးမြို့မှာ ကုန်းဘောင်ခေတ်နဲ့ ကိုလိုနီခေတ်ဦး လက်ရာ အုတ်ကျောင်းတိုက်ကြီးတွေအများကြီးရှိပါသေးတယ်။ တစ်ချို့ကျောင်းတိုက်တွေကတော့ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ အင်္ဂလိပ်ဗုံးဒဏ်ကြောင့်ပျက်စီးခဲ့ပေမယ့် ကျောင်းတိုက်အစိတ်အပိုင်းတစ်ချို့ ကျန်ခဲ့ပြီး ဗိသုကာလက်ရာတွေကို လေ့လာလို့ရသေးတယ်။ အက္ကပတ်မြို့ဝန်ကျောင်းတိုက် က အဲဒီလို ကျောင်းတိုက်တစ်ခုဖြစ်ပါတယ်။
ကျောင်းတိုက်အကြောင်းမပြောခင် အက္ကပတ် ဆိုတဲ့ ဝေါဟာရ အကြောင်း အရင်ပြောမှဖြစ်မယ်။ အလောင်းမင်းတရား အာသံ၊မဏိပူရကို သိမ်းပိုက်ပြီးတဲ့အခါမှာ အဲဒီက မြင်းသည်တော်တွေ ကို ခေါ်ဆောင်လာပြီး ကသည်းမြင်းတပ်နဲ့ အက္ကပတ်မြင်းတပ် ဆိုပြီး ဖွဲ့စည်းခဲ့တယ် လို့ မှတ်သား ခဲ့ရပါတယ်။
ဦးမောင်မောင်တင် ရေးတဲ့ “ ရွှေနန်းသုံး ဝေါဟာရ အဘိဓာန်” မှာ “အက္ကပတ်စားထိုး မြင်းအစု၊ မြင်းခေါင်း မြင်းတပ်ဗိုလ် မြင်းစီး တို့မှာ နတ်စီး မြင်းရုပ်ကို ဝမ်းနံဘေးတွင်ထိုး၍ ဆေးတော် မှတ်သည်။” လို့ဖော်ပြထားပါတယ်။ ( ဝမ်းဗိုက်မှာ မြင်းရုပ် ဆေးမင်ကြောင်ထိုးတာကို ဆိုလိုတာပါ။ )
အက္ကပတ်မြို့ဝန်ကျောင်းတိုက်ကို မင်းတုန်းမင်းလက်ထက် ၁၂၄၄ ခုနှစ် မန္တလေးမြို့တည်ပြီး သုံးနှစ် အကြာမှာတည်ခဲ့တဲ့အတွက်ယောမင်းကြီးကျောင်းတိုက်ထက်ပိုပြီးစောပါတယ်။ မျက်မြင် အရ တော့ အရွယ်အစားလည်း ပိုကြီးမယ်လို့ထင်ပါတယ်။ ကျောင်း ဒါယကာ အက္ကပတ်မြို့ဝန် က မဟာမင်းထင်ရာဇာဘွဲ့ရ ဦးခြုံ ဖြစ်ပြီး မင်းတုန်းမင်းနဲ့ သီပေါမင်း လက်ထက် မှာ မန္တလေးမြို့ လေးပြင်လေးရပ်အတွက်ခန့်ထားတဲ့ မြို့တော်ဝန်လေးယောက်အနက် တစ် ယောက်ဖြစ်ပါတယ်။
အက္ကပတ်မြို့ဝန် ဦးခြုံ ( ဦးချုံလို့ ရေးတာလည်းတွေ့ပါတယ် ) က ပသီ အမျိုးသား( အိန္ဒိယ နွယ်ဖွား) ဖြစ်ပါတယ်။ မင်း တုန်းမင်းလက်ထက်မှာ ဥရောပ ကို ပညာ တော်သင်အဖြစ် သွား ရောက်ခဲ့သူဖြစ်တဲ့အတွက် သူ့ ကျောင်းတိုက်ကိုလည်း ဥရောပ ပုံစံတည်ဆောက်ခဲ့တာလို့ ဆိုပါ တယ်။ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းကြီးများ ( နတ်မောက် ထွန်းရှိန်) စာအုပ်မှာတော့ ဦးခြုံ ဟာ ၂၄ မတ် ၁၈၈၆ ရက်နေ့ မှာ ကွယ်လွန်တယ်၊ ၂၆ မတ် ၁၈၈၆ မှာ ရွှေထီးလေးလက်မိုးပြီး အနောက်ပြင် သင်္ချီုင်းတွင် မြေမြှပ် ဂူတည်တယ်၊ ဒါ့ကြောင့် ဦးခြုံဟာ ပသီအမျိုးသားဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင်ဖြစ်တယ်လို့ ဖော် ပြ ထားပါတယ်။
အက္ကပတ်မြို့ဝန်ကျောင်းတိုက်က ၈၆ လမ်း၊ ၁၈လမ်းနဲ့ ၁၉ လမ်းကြား မဟာဒီပဲရင်းကျောင်း တိုက် ဝင်း ထဲမှာ ရှိပါတယ်။ ကျောင်းတိုက်ဝင်းထဲကို ရောက်တဲ့အခါ ကျောင်းဝင်းအလယ် လောက်မှာ ရဲတိုက် ပျက် ကြီးနဲ့ တူတဲ့ အုတ်တိုက်နီကြီးကို မြင်လိုက်ရတယ်။ အဆောက်အဦကြီး ကို မြင်လိုက်တာနဲ့ ပထမ ဆုံးဖြစ်လာတဲ့ခံစားချက်ကတော့ စိတ်မကောင်းဖြစ်မိတာပါပဲ။ အဆောက်အဦ ဘေးမှာ အမှိုက်တွေ၊ အဆောက်အဦအလယ်ခေါင်ကွက်လပ်ထဲမှာ ချုံနွယ် ပိတ်ပေါင်း တွေ၊ သစ်ပင် တွေနဲ့ ထိန်းသိမ်းစောင့်ရှောက်မှု ကင်းမဲ့နေပုံပဲ။ လူသူကင်းဝေးတဲ့ တောထဲမှာ၊ ကွင်းပြင်ထဲမှာ ဒီလို အနေ အထားနဲ့ မြင်ရတာ မဆန်းပေမယ့် မန္တလေးမြို့ပေါ်က ကျောင်းတိုက်ကြီးတစ်ခု အလယ်မှာ ဒီလို အနေအထားနဲ့ မြင်ရတာတော့ ဝမ်းနည်းဖို့ကောင်း တယ်။
ကျွန်တော်တို့ ဝင်လာတာက ဘေးဘက်ကဖြစ်တဲ့အတွက်ကျောင်းတိုက်ကြီး မျက်နှာစာကို ဘက် ကိုသွားကြည့်တယ်။ ရှေ့မျက်နှာစာက ကြည့်လိုက်ရင် ကျောင်းတိုက်ကြီးရဲ့ မျက်နှာစာနဲ့ အမိုးက ခရစ်ယန်ဘုရားရှိခိုးကျောင်းတည်ဆောက်ပုံကို နမူနာယူထားတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့ နိုင်ပါတယ်။ ဒါပေမယ့် အဝင်၀ ခုံးပေါက်ကြီး သုံးခုမှာ အလယ်တစ်ခုကို ပိတ်ပြီး သံဘာဂျာ တံခါး တပ်ထားတဲ့အတွက်မျက်နှာစာ အလှပျက်သွားတယ်။
အဲဒီ တံခါးပေါက်လေးက ဝင်လိုက်ရင် ကျောင်းတိုက်အဝင် အတွင်းဘက်မှာ တံခွန်တိုင်ပုံ စေတီတစ်ဆူတည်ထား လိုက်တဲ့ အတွက် ကျောင်းတိုက်အဝင်အတွင်းဘက်ကလည်း မူလ အနေအထားမဟုတ်တော့ဘူး။ ကမ္ဘာ့မဏ္ဍိုင် ဆုတောင်းပြည့်စေတီတော် လို့ အမည်ပေးထားတဲ့ အဲဒီစေတီက မူလ ကျောင်းတိုက် အဝင်၀ မှာ ရှိတဲ့ အလင်းရောင်ဝင်ပေါက် နေရာမှာ တံခွန်တိုင်ပုံစေတီတည်ထားလိုက်တာဖြစ်ပါ တယ်။ ဒီစေ တီကို လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ် လောက်က တည်ခဲ့တာလို့ သိရပါတယ်။ အလှူရှင်နာမည်တော့ ရှာမတွေ့ဘူး။ ရှေးလက်ရာ ကျောင်းကြီးရဲ့ အဝင်ဝကို ဖျက်ပြီး စေတီတည်ခဲ့တဲ့ အလှူရှင်ကို ရည်မှန်းပြီး “တော်ရှာပါပေတယ်” လို့ အသိအမှတ်ပြုခဲ့တယ်။
မြင်ရသလောက်တော့ ကျောင်းတိုက်ကြီးက ပတ်လည်မှာ နှစ်ထပ်ကျောင်းဆောင်တွေနဲ အလယ် မှာ ကွက်လပ်ထားခဲ့တယ်လို့ယူဆမိတယ်။ အခုတော့ အလယ်ကွက်လပ်ဟာ အမှိုက်ပုံတဲ့ နေရာ ဖြစ်နေပါပြီ။ အောက်ထပ်ဝင်ပေါက်တွေမုခ်တွေက တြိဂံပုံ အချွန် တွေဖြစ်တဲ့အတွက် ထူးခြား နေတယ်။ ကျောင်းတိုက်အပေါ်ထပ်ကို တက်တဲ့ လှေကားနှစ်စင်း တွေ့တယ်။
အပေါ်ထပ်တစ်ခြမ်းကတော့ အကောင်းတိုင်းကျန်ပုံရတယ်။ အဝင်တံခါးကို သော့ခတ် ထားတယ်။ ကျောင်းတိုက်အရိပ်မှာ စာဖတ်နေတဲ့ ဦးပဉ္ဇတစ်ပါးကို မေးကြည့်တော့ အရင်ကတော့ သံဃာတွေ သီတင်းသုံးခဲ့ဖူးတယ်။ အခုတော့ မိုးမလုံတော့လို့ မသုံးတော့ဘူးလို့ပြောတယ်။
ပြုပြင်ထိန်းသိမ်းမှု ကင်းမဲ့သလို ဖြစ်နေတဲ့ ကျောင်းတိုက်ကြီးကို ကြည့်ရင်း ဒီလိုလက်ရာ ထူးခြားလှတဲ့ ရှေးဟောင်းကျောင်းတိုက်ကြီးကို လက်ရှိအခြေအနေအတိုင်း စနစ်တကျ ထိန်းသိမ်းထားပြီး ပန္နက်ပုံတွေ ၊ ဓာတ်ပုံမှတ်တမ်းတွေနဲ့ ပြသထားရင် ဘယ်လောက် ကောင်းမ လဲလို့ တွေးမိတယ်။
ထိုင်းနိုင်ငံလော့ပူရီမြို့ကို ရောက်ခဲ့ချိန်က ထိုင်းဘုရင် Narai လော့ပူရီမှာ နန်းစိုက်တဲ့အချိန် နိုင်ငံခြား သံအမတ်တွေကို နေရာချပေးတဲ့ အိမ်ရာဝင်း ( Official Residence for Ambassadors , Wichayen House) ကို လေ့လာခွင့်ရခဲ့တယ်။ အဲဒီ အိမ်ရာဝင်းကို တည်ဆောက် ခဲ့တာ ၁၆၈၅ ခုနှစ်ကဖြစ်ပြီး အခုအချိန်မှာ နံရံတစ်ချို့နဲ့ အုတ်ခုံ တွေပဲ ကျန်ပါတော့တယ်။ တစ်ချို့ နံရံတွေကတော့ ပြိုမကျအောင် သံတိုင်တွေနဲ့ ထောက်ပြီး ထိန်းသိမ်းထားတယ်။
အဲဒီအိမ်ရာဝင်းထဲကို ဝင်ကြည့်ရင် နိုင်ငံခြားသားဘတ်ငါးဆယ်ပေးရတယ်။ ထိုင်းနိုင်ငံသား တွေ ကလည်းပေးရတယ်။ ဘယ်လောက်လဲတော့မသိဘူး။ ကင်မရာခွန် လုံးဝမပေးရပါဘူး။ ကြိုက်တဲ့ ကင်မရာသယ်၊ ကြိုက်သလောက် ဓာတ်ပုံရိုက်လို့ရပါတယ်။ အိမ်ရာဝင်းထဲက အဆောက်အဦ တွေ မှာ ဘာအဆောက်အဦဆိုတာ စာရေးထားတယ်။ သမိုင်းကြောင်းကို QR Code နဲ့ ဖတ်လို့ ရအောင် လုပ်ထားတယ်။ အဆောက်အဦတွေထိန်းသိမ်းထားမှုကို အက္ကပတ်မြို့ဝန်ကျောင်းတိုက် လက်ရှိ အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်နိုင် အောင် တင်ပေးထားပါတယ်။
အက္ကပတ်မြို့ဝန်ကျောင်းတိုက်ကြီးကို မြင်တော့ လော့ပူရီ ခရီးစဉ်ကို သတိရပြီး ကျောင်းတိုက် ကြီး ထဲမှာ ဆက်နေချင်စိတ်မရှိတော့တဲ့အတွက် ပြန်ဖို့ပြင်တယ်။ ခရီးသွားဖော်သူငယ်ချင်းက ကျောင်းတိုက် သမိုင်းမေးဦးမလားလို့ ပြောတော့ “ စာအုပ်တွေထဲကပဲ ရှာဖွေလေ့လာတော့မယ် ကွာ၊ သမိုင်း ဆိုတာ တန်ဖိုးထားတဲ့သူတွေဆီမှာမေးတာပဲ ကောင်းပါတယ်” လို့ ဖြေပြီး ပြန်လာခဲ့တယ်။












Very interesting. It’s a shame to see these buildings have been neglected.
LikeLike