၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတကာအသိုင်းအဝန်းက အလေးထားစောင့်ကြည့်နေတဲ့ ရွေးကောက်ပွဲ တွေ ထဲမှာ ဘရာဇီးနိုင်ငံ သမ္မတ ရွေးကောက်ပွဲလည်းပါတယ်။ ဘရာဇီးနိုင်ငံဟာ လူဦးရေ၂၁၇ သန်း ရှိပြီးတောင်အမေရိက တိုက်မှာ အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ စီးပွားရေးအရဆိုရင်လည်း BRIC ( ဘရာဇီး၊ ရုရှး၊ အိန္ဒိယ နဲ့ တရုတ် ) လို့ခေါ်တဲ့ စီးပွားရေးအင်အားသစ် နိုင်ငံအုပ်စု မှာပါတယ်။
ဘရားဇီးနိုင်ငံရွေးကောက်ပွဲကို အလေးထားစောင့်ကြည့်ရတဲ့အကြောင်းအရင်းတွေထဲမှာ သမ္မတ လောင်းနှစ်ဦးရဲ့ ကွဲပြားခြားနားတဲ့ နိုင်ငံရေးရပ်တည်ချက်က အဓိက ကျတယ်။
လက်ရှိသမ္မတ ဘော်လ်ဆိုနာရို ( Jair Messias Bolsonaro) က လက်ယာစွန်းအယူအဆပြင်း ထန် တဲ့ နိုင်ငံရေးသမား၊ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ နီးစပ်တယ်။ သူက ၁၉ ၈၈ ခုနှစ်မှာ တပ် မတော်က ဗိုလ်ကြီးအဆင့်နဲ့ အငြိမ်းစားယူပြီး နိုင်ငံရေးလောကထဲဝင်ခဲ့တဲ့ အတွက် တပ်မတော် နဲ့လည်း နီးစပ်မှုရှိတယ်။ ၂၀၁၈ သမ္မတရွေးကောက်ပွဲဝင်တော့ အငြိမ်းစားဗိုလ်ချုပ် Hamilton Mourão ကို သူ့ရဲ့ ဒုသမ္မတ လောင်း အဖြစ်လက်တွဲရွေးကောက်ပွဲဝင်ခဲ့သလို သမ္မတ ဖြစ် လာ ချိန်မှာလည်း စစ်ဘက်အရာရှိဟောင်းတွေကို အရေးပါတဲ့ ရာထူးနေရာတွေမှာ တာဝန် ပေး ခဲ့တယ်။
ဘော်လ်ဆိုနာရို က သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး၊ လူနည်းစု အခွင့်အရေးဆိုတာ အပို သက်သက်လို့ မြင်တဲ့သူ၊ သူ့ပထမ သက်တမ်း ကာ လ အတွင်းမှာ အမေဇုံ သစ်တောပြုန်းတီးမှု က အဆများစွာမြင့်တက်လာပြီး ဒေသခံတိုင်းရင်းသား များရဲ့ အခွင့်အရေးတွေကိုလည်း မျက်ကွယ်ပြုခံခဲ့ရတယ်။ ကိုဗစ် ၁၉ ရောဂါကာကွယ်ကုသရေးမှာလည်း သူရဲ့ မူဝါဒ အမှားတွေ ကြောင့် ဘရာဇီးပြည်သူ ၃၉ သန်းနီးပါး ရောဂါကူးစက်ပြီး ခြောက်သိန်းရှစ်သောင်းကျော် သေဆုံးခဲ့ ရတယ်။ အဲဒီသေဆုံးမှုက ကမ္ဘာပေါ်မှာ ဒုတိယအများဆုံးသေဆုံးမှုပဲ။ သူ့ရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ လုပ်ကိုင်ပုံကို မြင်သာအောင်ပြောရရင် ဘော်လ်ဆိုနာရို ဟာ ဘရာဇီး နိုင်ငံရဲ့ “ဒေါ်နယ် ထရမ့်” ပဲ။
သူ့ပြိုင်ဘက် လူလာဒါဆေးဗား ( Luiz Inácio Lula da Silva) က လက်ဝဲယိမ်းဝါဒီ။ သူကိုယ်တိုင် သတ္တုစက်ရုံအလုပ်သမားအဖြစ် အလုပ်လုပ်ခဲ့ရပြီး အလုပ်သမားသမဂ္ဂလှုပ်ရှားမှုတွေမှာ တက် တက် ကြွကြွပါဝင်ခဲ့တယ်။ ၁၉ ၆၄ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး အာဏာသိမ်း စစ်ကောင်စီ က အုပ်ချုပ်နေချိန် ၁၉၈၀ ပြည့်နှစ် အလုပ်သမားပါတီကို စတင်တည်ထောင်တဲ့အခါ လူလာဒါ ဆေးဗားလည်းပါဝင်ခဲ့တယ်။၁၉၈၅ခုနှစ် စစ်အုပ်ချုပ်ရေးအဆုံးသတ်ပြီးနောက် ၁၉ ၈၆ ရွေးကောက် ပွဲမှာ လွှတ်တော်အမတ်အဖြစ် အရွေးခံရတယ်။ အဲဒီကနေ အဆင့်ဆင့် ကြိုးစားလာပြီး တဲ့နောက် ၂၀၀၃ မှာ အလုပ်သမားပါတီ ကိုယ်စားပြု သမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခံရ တယ်။ ၂၀၁၀ အထိ သမ္မတ သက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့တယ်။
သူ့သမ္မတ သက်တမ်းအတွင်းမှာ အရေးပါတဲ့ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တယ်။ ကြွေးမြီနဲ့ ငွေကြေးဖောင်းပွမှုကို သိသိသာသာလျှော့ချနိုင်ခဲ့တယ်။ ကုလသမဂ္ဂ စာရင်းတွေအရ ဘရာဇီးပြည်သူ သန်းနှစ်ဆယ်ကို ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာ ရေးအခွင့်အလမ်းတွေ ဖော်ဆောင်ပေးခဲ့တယ်။
ဒါပေမယ့် လူလာ ဒါဆေးဗားရဲ့ သမ္မတ သက်တမ်းက ခြောက်ပြစ်ကင်းသဲလဲစင်တော့ မဟုတ်ဘူး။ အလုပ်သမားပါတီဝင် ဝန်ကြီးတွေ၊အမတ်တွေရဲ့ အဂတိလိုက်စားမှုတွေရှိခဲ့တယ်။ သမ္မတ ကိုယ် တိုင် ပါဝင်နေတယ်လို့ စွပ်စွဲမှုတွေရှိခဲ့တယ်။ လူလာ ဒါဆေးဗား သမ္မတ တာဝန်က အနားယူပြီး တဲ့ နောက် ၂၀၁၆ ခုနှစ်မှာ သူ့ကို အဂတိလိုက်စားမှုနဲ့ တရားစွဲခံရတယ်။ သမ္မတ ဟောင်း လူလာ ကတော့ ဒီတရားစွဲမှုဟာ နိုင်ငံရေးလက်စားချေမှု သက်သက်ပဲ လို့ ပြောခဲ့တယ်။ ၂၀၁၈ ခုနှစ်မှာ အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် ကိုးနှစ်ခွဲ ချမှတ်ခံရတယ်။ ၂၀၁၉ ခုနှစ် မှာတော့ ဘရာဇီး တရားရုံးချုပ်က သမ္မတ ဟောင်း လူလာဒါဆေးဗား အပေါ် တရားစွဲမှု နဲ့ ပြစ်ဒဏ်ချမှတ်မှုတွေ ဟာ ဥပဒေနဲ့ မညီဘူးလို့ ဆုံးဖြတ်ပြီး ပယ်ဖျက်လိုက်တဲ့အတွက် ထောင်ကနေ ပြန်လွတ်လာပြီး ၂၀၂၂ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တယ်။
ဘရာဇီးနိုင်ငံသမ္မတ ရွေးကောက်ပွဲမှာ သမ္မတလောင်း ၁၁ ယောက်ဝင်ပြိုင်ပေမယ့် ထိပ်ဆုံးမှာ ရှိ နေတာက လက်ရှိသမ္မတ ဘော်လ်ဆိုနာရို နဲ့ အလုပ်သမားပါတီ သမ္မတလောင်း လူလာဒါဆေး ဗားပဲ။ ရွေးကောက်ပွဲ အကြို လူထုစစ်တမ်းကောက်ယူမှုတွေမှာ လူလာ ဒါဆေးဗား ရှေ့က ပြေးနေ တော့ လက်ရှိသမ္မတ ဘော်လ်ဆိုနာရိုက လူလာဒါဆေးဗား နဲ့ အလုပ်သမားပါတီထောက်ခံသူတွေ က မဲခိုးဖို့ ကြိုးစားနေတယ်။ သူသာ ရှုံးခဲ့ရင် ဒါဟာ မဲခိုးခံရလို့ဖြစ်မှာပဲ ဆိုပြီး စွပ်စွဲပြောဆိုမှုတွေ လုပ်ခဲ့တယ်။
အဲဒီလိုပြောကြားမှုတွေကြောင့် လက်ရှိသမ္မတ ဘော်လ်ဆိုနာရို ရွေးကောက်ပွဲရှုံးရင် ရွေးကောက် ပွဲ ရလဒ်ကို လက်မခံဘဲ အာဏာဆက်ယူထားဖို့ ကြိုးစားမှာလား၊ ဒေါ်နယ်ထရမ့်လုပ်သလို အခြေခံ ဥပဒေ ပြင်ပက နည်းလမ်းတွေကို သုံးမလားဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်လာခဲ့တယ်။ ဒါ့ကြောင့်လဲ ဘရာဇီး သမ္မတ ရွေးကောက်ပွဲကို ပြည်တွင်း ၊ ပြည်ပက စိတ်ဝင်တစားစောင့်ကြည့်ခဲ့တာဖြစ်တယ်။
သမ္မတ ရွေးကောက်ပွဲ ၂၀၂၂ အောက်တိုဘာ ၂ ရက်နေ့မှာလုပ်တော့ လူလာဒါဆေးဗားက လူထု ထောက်ခံမဲ ၄၈.၄၃% ရတယ်။ လက်ရှိသမ္မတ ဘော်လ်ဆိုနာရို က ၄၃. ၂၀% ရတယ်။ မဲ အများ ဆုံးရတဲ့သမ္မတလောင်းနှစ်ယောက်ဟာထောက်ခံမဲ ၅၀% မကျော်တဲ့အတွက် ဘရာဇီး ရွေးကောက် ပွဲ ဥပဒေအရ အောက်တိုဘာ ၃၀ ရက်နေ့မှာ မဲအများဆုံးရတဲ့ နှစ်ယောက် ထပ်ပြိုင် ရတယ်။ အဲဒီ အခါမှာ လူလာဒါဆေးဗားက ၅၀.၉ % ၊ ဘော်လ်ဆိုနာရိုက ၄၉ .၁ % ရတယ်။ ရွေး ကောက်ပွဲ ကော်မရှင်က လူလာဒါဆေးဗား သမ္မတအဖြစ်ရွေးချယ်ခံရကြောင်း ကြေငြာခဲ့တယ်။
ဒါပေမယ့် သမ္မတ ဘော်လ်ဆိုနာရိုက ထုံးတမ်းစဉ်လာအတိုင်း ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း အသိ အမှတ်ပြုပြောကြားတာ၊ အနိုင်ရသူကို ဂုဏ်ပြုစကားပြောတာ၊ အာဏာလွှဲပြောင်းရေးအတွက် ဆက်သွယ်ဆောင်ရွက်တာမျိုးမလုပ်ဘူး။ ဒီအတိုင်း ရေငုံနှုတ်ပိတ်နေတယ်။ ဘော်လ်ဆိုနာရို ကို ထောက်ခံသူတွေကတော့ လမ်းပေါ်ထွက်ပြီး ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုပြီး ကန့် ကွက်တယ်။ ဘရာဇီး ကာကွယ်ရေးဝန်ကြီးဌာနရှေ့မှာ ဘရာဇီးစစ်တပ်က ကြားဝင်ပေးဖို့ ဆန္ဒပြ တောင်းဆိုတယ်။ သမ္မတ ဘော်လဆိုနာရိုက ကာကွယ်ရေးဝန်ကြီးဌာနကို ရွေးကောက်ပွဲ မှာ မဲခိုးမှု၊မဲလိမ်မှုတွေ ရှိမရှိ စစ်ဆေးဖို့တာဝန်ပေးခဲ့တယ်။
နိုဝင်ဘာ ၁၀ ရက်နေ့ နိုင်ငံတကာသတင်းတွေမှာ ဘရာဇီး ကာကွယ်ရေးဝန်ကြီးဌာနက ရွေး ကောက် ပွဲနဲ့ ပတ်သက်ပြီး “ သူတို့အနေနဲ့ မဲခိုးမှု၊ မဲမသမာမှုတွေရှိတယ်ဆိုတာ မတွေ့ရဘူး။ ဒါပေမယ့် အီလက်ထရောနစ်စနစ်သုံး မဲဆန္ဒပေးတဲ့ စက်တွေရဲ့ စနစ်တွေကို အပြည့်အ၀ စစ်ဆေး ခွင့်မရတဲ့အတွက် မဲခိုးမှု၊မဲမသမာမှု တွေ လုံးဝမရှိဘူးလို့တော့ ယတိပြတ်မပြောနိုင်ဘူး” လို့ ထုတ် ပြန်ခဲ့တဲ့အကြောင်း ဖော်ပြခဲ့တယ်။
အဲဒီသတင်းထုတ်ပြန်ချက်က အဖွင့်၊အပိတ်နဲ့ ပြောထားတဲ့အတွက် ၁၉ ၆၄ ခုနှစ်ကနေ ၁၉ ၈၅ အထိ အာဏာ သိမ်းစစ်ကောင်စီက အုပ်ချုပ်ခဲ့တဲ့ အဖြစ်မျိုး တစ်ကျော့ပြန်လာတော့မလားဆိုတဲ့ စိုး ရိမ်မှုတွေပေါ်ပေါက်လာခဲ့တယ်။
ဒီသတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး သမ္မတ ဘော်လ်ဆိုနာရို ဘက်က ( နိုဝင်ဘာ ၁၀ ရက်နေ့) အထိ ဘာမှတ်ချက်မှမပေးသေးဘူး။
သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံထားရတဲ့ လူလာဒါဆေးဗားကတော့
“ရွေးကောက်ပွဲဆိုတာ လွှတ်တော်၊ နိုင်ငံရေးပါတီများနဲ့ ပြည်သူလူထုတွေနဲ့သာ သက်ဆိုင်တဲ့ ကိစ္စ ဖြစ်တယ်။စစ်တပ်ရဲ့ အလုပ်မဟုတ်ဘူး။သမ္မတဘော်လ်ဆိုနာရိုက စစ်တပ်ကို အဲဒီလို ( ရွေးကောက် ပွဲ ကိစ္စစုံစမ်းမှု ) လုပ်ခိုင်းတာဟာ ဘရာဇီးစစ်တပ်ကို သိက္ခာကျ ၊ အရှက်ရစေတယ်” လို့ ပြင်းပြင်း ထန်ထန်ဝေဖန်ခဲ့တယ်။
ဘရာဇီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသစ် လူလာဒါဆေးဗားက ၂၀၂၃ ဇန်နဝါရီလ ၁ ရက် နေ့မှာ စတင်တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ အခုအချိန်ထိတော့ လက်ရှိသမ္မတ က တာဝန် လွှဲပြောင်းရေးနဲ့ပတ်သက်ပြီး ဘာမှမပြောသေးဘူး။ လူလာဒါဆေးဗားကတော့ တာဝန်လွှဲပြောင်း မှု အတွက် သူ့ရဲ့ ဒုသမ္မတကို တာဝန်ပေးထားတယ်လို့ပြောတယ်။
အကဲခတ်တွေက ဘရာဇီး ကာကွယ် ရေး ဝန်ကြီးဌာနနဲ့ တပ်မတော်ရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေကြတယ်။ဒါပေမယ့် ဘရာဇီး ဗိုလ်ချုပ်တွေကတော့ ၂၀၂၂ ခုနှစ် ဘရာဇီး ပြည်သူတွေ သဘောထား နဲ့ နိုင်ငံတကာအခြေအနေဟာ ၁၉ ၆၄ ခုနှစ်နဲ့ မတူတော့ဘူးဆိုတာ သိကြ မှာပါ။
ကိုးကား
နိုဝင်ဘာ ၁၀ ရက်နေ့ CNN Nwes, The Guardian , France 24 သတင်းများ
