လွန်ခဲ့တဲ့ နှစ်နှစ် ၁၄-၁၁-၂၀၂၀ ရက်နေ့မှာ ၂၀၂၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လုပ်ဆောင်ပေးသင့်တဲ့အချက်များကို “ ဒိုင်လူကြီးရဲ့ တာဝန်” ဆိုပြီး ဆောင်းပါး ရေး ခဲ့ပါတယ်။
အဲဒီဆောင်းပါးရေးပြီးနောက်ဆုံးအခြေအနေကို ပြောရရင် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက် ပွဲ ဥပဒေနဲ့ အညီ ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကို လက်ခံခဲ့တယ်။ ၃၁-၁-၂၀၂၁ အထိ အင်န်အယ်လ်ဒီပါတီရွေးချယ်ခံကိုယ်စားလှယ်များကို ကန့်ကွက်လွှာတင်သွင်း မှု ၂၆၅ မှု ရှိခဲ့တယ်။ ရွေးကောက်ပွဲခုံအဖွဲ့တွေကိုဘယ်လိုဖွဲ့စည်းမလဲဆိုတာနဲ့ပတ်သက်လို့တော့အဲဒီအချိန်ထိပြောဆို တာ မရှိသေးဘူး။၂၀၁၀၊၂၀၁၅ရွေးကောက်ပွဲများရဲ့ အစဉ်အလာအရဆိုရင်လည်း ရွေးကောက်ပွဲ ကော်မရှင် အသစ်ဖွဲ့စည်းပြီးမှ စစ်ဆေးကြားနာမှုတွေလုပ်တာဖြစ်တဲ့အတွက် မပြော သေးတာ လည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ၁ – ၂ – ၂၀၂၁ ရက်နေ့မှာ တပ်မတော်က သမ္မတကို ထိန်းသိမ်းပြီး ဒုတိယ သမ္မတ ဦးမြင့် ဆွေက ခေတ္တသမ္မတ အနေနဲ့ အရေးပေါ်အခြေအနေ ကြေညာခဲ့တဲ့အတွက် ဦးလှသိန်း ဦး ဆောင်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်လည်းဖျက်သိမ်းခံလိုက်ရတယ်။
နောက်ထပ်မံ ဖွဲ့စည်းတဲ့ ဦးသိန်းစိုး ဦးဆောင်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အသစ် ကတော့ အဲဒီ ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေနဲ့ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်တာ မရှိတော့ဘဲ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ကြောင်းကြေညာခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်း ချက်များနဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ဥပဒေများအရ အဲဒီလို လုပ် ပိုင်ခွင့် ရှိမရှိ ဆွေးနွေးဖို့ အကြောင်းတွေ ရှိပေမယ့် ဘယ်ပါတီကမှ ဆွေးနွေးတာမတွေ့မိ၊ မဖတ် မိ သေး ဘူး။
==================================================
ဒိုင်လူကြီးရဲ့ တာဝန်
၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလမှာ နိုင်ငံရေးပါတီများ၊ ပါတီထောက်ခံသူများ အကြား ပြိုင် ဆိုင်မှုတွေပြင်းထန်ခဲ့တဲ့အတွက် ပြည်သူလူထုက ရွေးကောက်ပွဲကို အေးအေးချမ်းချမ်း ကျင်းပ နိုင်ပါ့မလားဆိုပြီး စိုးရိမ်စိတ်တွေများခဲ့ကြတယ်။
ရွေးကောက်ပွဲအလွန်ကာလမှာလည်း ရွေးကောက်ပွဲရလဒ်ကို လက်မခံဘူး၊ ရွေးကောက်ပွဲ အသစ် ပြန်လည်ကျင်းပပေးရမယ်ဆိုတဲ့တောင်းဆိုချက်တွေကြောင့် ပြည်သူလူထုကြားမှာ စိုးရိမ်စိတ် ရော၊ ဒေါသတွေပါ မြင့်တက်ခဲ့တယ်။
ဒီအခြေအနေကို ကုစားနိုင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံရေးပါတီတွေမှာတာဝန်ရှိသလို ဦးလှသိန်း ကော်မရှင်မှာလည်းတာဝန်ရှိတယ်။
ကန့်ကွက်ခြင်း
လက်ရှိအချိန်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီ ၁၆ ခုရဲ့ ရွေးကောက်ပွဲရလဒ်တွေ တရားမဝင်ဘူးလို့ ကန့်ကွက်မှုကို လက်မခံဘဲ ရွေးကောက်ပွဲ ရလဒ်အတိုင်းဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ပြောထားတယ်။
ရွေးကောက်ပွဲရလဒ်တစ်ခုလုံးကို လက်မခံ ဘူးလို့ပြောနေတာကို ပယ်ချတာ သဘာဝကျပါတယ်။ ထောက်ခံပါတယ်။ ရွေးကောက်ပွဲရလဒ်ကို လုံးဝပယ်ဖျက်လိုက်ရင် ရွေးကောက်ပွဲရလဒ်ကို လက်ခံ ထားတဲ့ပါတီတွေရဲ့ အနိုင်ရလဒ်တွေကိုရော၊ ကန့်ကွက်နေတဲ့ပါတီတွေရဲ့ အနိုင်ရလဒ် ကို ပါ တစ်ဖက်သတ် ပယ်ဖျက်ရာရောက်တဲ့အတွက် တရားနည်းလမ်းကျမှမဟုတ်ဘူး။
ဒါ့အပြင်ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက် ပြီး ရွေးကောက်ပွဲအသစ်ပြန်လည်ကျင်းပပေးဖို့ဆိုတာ ရွေးကောက်ပွဲဝင်ပါတီအများစု ၊ စောင့်ကြည့်လေ့လာတဲ့အဖွဲ့အများစု ရဲ့ထောက်ခံမှုလိုအပ်သလို မဲဆန္ဒရှင်အများစုကလည်း လွတ်လပ်မှုမရှိဘူး၊ တရားမ ျှတမှုမရှိဘူးလို့ တောင်းဆို တာမျိုး ဖြစ်ဖို့လိုတယ်။ အခုအခြေအနေက အဲဒီလိုမဟုတ်ဘူး။
ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းဟာ သူ့မဲဆန္ဒနယ်ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနဲ့ အညီ ကန့်ကွက်လွှာတင်သွင်းခွင့်ရှိတယ်၊ ရဲတပ်ဖွဲ့ကို တိုင်ကြားခွင့်ရှိတယ်ဆိုတာကိုတော့လက်ခံရမယ်။ ပါတီရဲ့ လုပ်ရပ်အပေါ် သဘောမတူနိုင်တာကြောင့် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းရဲ့ ကန့်ကွက် လွှာတင်သွင်းမှုတွေကို လျစ်လျူရှုထားသလို မဖြစ်ဖို့လိုတယ်။
ဒါ့ကြောင့်ဥပဒေ၊ နည်းဥပဒေများနဲ့ အညီ ကန့်ကွက်လွှာတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်းက ကြည့် ရှုခွင့်၊ ကူးယူခွင့်ရှိတဲ့ စာရွက်စာတမ်းအထောက်အထားများကိုလည်း သက်ဆိုင်ရာ ကော်မရှင် အဆင့်ဆင့်က အမြန်ဆုံးလေ့လာကြည့်ရှုခွင့်ပြုသင့်တယ်။ ဒီလုပ်ငန်းကို အချိန်ဆွဲထား ရင် ကော်မရှင်အပေါ်မှာ အထင်မှားမှုတွေ ပေါ်ထွက်လာနိုင်တယ်။
ရွေးကောက်ပွဲ ခုံအဖွဲ့
နိုင်ငံရေးပါတီ ၁၆ ပါတီအုပ်စုက ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ လွတ်လပ် တဲ့ စုံစမ်းရေးကော်မရှင်တစ်ခု ဖွဲ့ပေးဖို့တောင်းဆိုထားတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းတွေနဲ့ ပတ်သက်ရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာပဲ တာဝန်ရှိတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်က အပြီးအပြတ်အတည်ဖြစ်တယ်။ ဒါ့ကြောင့် အငြင်းပွားမှုတွေ အတွက် လွတ်လပ်သောစုံစမ်းရေးကော်မရှင်တစ်ခုဖွဲ့စည်းဖို့ ဆိုတာ မဖြစ်နိုင်တဲ့ တောင်းဆိုချက်ပဲ။
ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကော်မရှင်ဆောင်ရွက်ချက်များအပေါ် သံသယတွေ နည်းပါးသွားအောင် အောက်ပါအတိုင်းလုပ်ဆောင်သင့်တယ်-
ပထမလုပ်ငန်းက ကန့်ကွက်လွှာများကို စစ်ဆေးမယ့် ရွေးကောက်ပွဲခုံအဖွဲ့တွေနဲ့ဆိုင်တယ်။ ကော်မရှင်က ရွေးကောက်ပွဲ ခုံ အဖွဲ့ တွေကို ဖွဲ့စည်းရာမှာ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၆၉ (က) အရ ကော်မရှင် အဖွဲ့ဝင်သုံးဦး နဲ့ဖွဲ့ လို့ရသလို ၆၉ (ခ) အရ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ဥပဒေကျွမ်းကျင်ပြီး သင့်လျော်တဲ့ နိုင်ငံရေးပါတီဝင်မဟုတ်တဲ့ နိုင်ငံသားနှစ်ဦးက အဖွဲ့ဝင်အဖြစ်နဲ့ လည်းဖွဲ့စည်းလို့ရတယ်။
ဒါ့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲခုံအဖွဲ့တွေကို ဖွဲ့စည်းတဲ့အခါ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ၊ အခြား ဥပဒေဆိုင်ရာ အဖွဲ့ အစည်းများနဲ့ ညှိနှိုင်းပြီး သင့်တော်တဲ့ နိုင်ငံသားတွေကို ရွေးချယ်တာဝန်ပေးနိုင်ရင် ကော်မရှင်ရဲ့ တရားမ ျှတမှုကို ပိုသက်သေပြနိုင်မယ်လို့ယူဆပါတယ်။
ဒုတိယအချက်က စုံစမ်းရေးကော်မရှင်ကိစ္စ။ ရွေးကောက်ပွဲရလဒ်တွေကို လွတ်လပ်တဲ့ စုံစမ်း ရေးကော်မရှင်ဖွဲ့ စစ်ဆေးဖို့တောင်းဆိုတာက မဖြစ်နိုင်ဘူး။ ဒါပေမယ့် လက်ရှိရွေးကောက်ပွဲ အပေါ် ပြန်လည်သုံးသပ်ပြီး အနာဂတ်ရွေးကောက်ပွဲတွေမှာ ဘာတွေ ပြင်ဆင်ဆောင်ရွက် သင့်သလဲ ဆိုတဲ့ အချက်တွေကို ပြည်တွင်း၊ ပြည်ပ ကျွမ်းကျင်သူများပါဝင်တဲ့ ကော်မရှင်တစ်ခု က လေ့လာဆန်းစစ် တာမျိုးတော့လုပ်သင့်တယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံတော် သမ္မတ ကို ဒီလို ကော်မရှင်မျိုးဖွဲ့စည်းပေးနိုင်ဖို့တင်ပြမယ်ဆိုရင် အားလုံးက ကြိုဆို မယ်လို့ ယုံကြည်ပါတယ်။
ပွင့်လင်းမြင်သာမှု
အခု လို ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်ရတဲ့အကြောင်းအရင်းတွေထဲမှာ ရွေးကောက် ပွဲကော်မရှင်ရဲ့ ပွင့်လင်းမြင်သာမှု အားနည်းခြင်း ဟာ လည်း အဓိက အချက်တစ်ခု ဖြစ်တယ်။ ဒါကို တော့ ကော်မရှင်အနေနဲ့ ငြင်းလို့မရဘူး။ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့် သူတွေကို မဲလက်မှတ်များပုံနှိပ်မှုကို လေ့လာစောင့်ကြည့်ခွင့်မပေးတာဟာ အလွန်ကြီးမားတဲ့ အား နည်းချက်ပဲ။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ခွင့်ပြုခဲ့တဲ့လုပ်ငန်းတစ်ခုကို ခိုင်လုံတဲ့ အကြောင်းပြ ချက်မရှိဘဲ ဖျက်သိမ်းခဲ့တဲ့အတွက် သံသယတွေပိုများစေတယ်။
ဒီလိုပဲ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ စစ်ဆေးခြင်းနှင့် ဆုံးဖြတ်ခြင်း လုပ်ငန်းတွေကို စောင့်ကြည့်ခွင့်မပြုဘူးလို့ သတ်မှတ်ထား တာဟာ အခုလို အငြင်းပွားမှုတွေ ပြင်းထန်နေချိန်မှာ မဖြစ်သင့်တဲ့ကိစ္စပဲ။ ဒီကန့်သတ်ချက်ကို ပြန်ပယ်ဖျက် သင့်ပါပြီ။
ဒါ့ကြောင့် လက်ရှိ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာ ပွင့်လင်းမြင်သာမှု ရှိရှိဖြေရှင်းဖို့ အကြံပြု ချင် ပါတယ်။ မဲလက်မှတ်ပုံနှိပ်လုပ်ငန်းနဲ့ပတ်သက်တဲ့ ကော်မရှင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မှတ်တမ်း များ၊ စာရင်းဇယားများကို နိုင်ငံရေးပါတီများနဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ တွေကို ကြည့်ရှု ခွင့် ပေးရမယ်။ အများပြည်သူသိအောင်ထုတ်ပြန်ပေးရမယ်။ ဒီလိုပဲ ရွေးကောက်ပွဲ အငြင်းပွားမှု ဖြေရှင်း ခြင်းလုပ်ငန်းစဉ်အဆင့်တိုင်းကို နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် သူများကို လေ့လာခွင့်ပေးရပါမယ်။
ပွဲဆူတာနဲ့ပတ်သက်ပြီး ကစားသမားတွေနဲ့ ပရိသတ်မှာတာဝန်ရှိသလို ဒိုင်လူကြီးမှာလည်း တာဝန် မကင်းဘူးဆိုတာကိုတော့ လက်ခံစေချင်ပါတယ်။

Do you really believe that there is going to be a fair election?
LikeLike