ထင်တလုံး

လွန်ခဲ့တဲ့ ခုနစ် နှစ် ပြန်ကြားရေးဝန်ကြီးတာဝန်ယူချိန်က ကိုယ့်ကိုယ် ကိုယ်ထင်တလုံးဖြစ်နေတဲ့ စိတ်ပျောက် သွားစေတဲ့ ဖြစ်ရပ်အကြောင်းကို “ ထင်တလုံး” ဆိုပြီး စာတစ်ပုဒ်ရေးခဲ့တယ်။ ဒီဖြစ်ရပ် လေးမှာ ပါဝင်ခဲ့တဲ့၊ အဲဒီအဖြစ်အပျက်အကြောင်း ကျွန်တော့်ကို ပြန်ပြောပြတဲ့ ဘုတ်အဖွဲ့ဝင်တွေ ထဲက တစ်ချို့ အငြိမ်းစားယူသွားပြီ၊ တစ်ချို့ တာဝန်ထမ်းဆောင်နေဆဲပဲ။

သူတို့နဲ့ စကားပြောပြီးတဲ့နောက် ပြန်တွေးကြည့်တော့ သူတို့ ဒီအဖြစ်အပျက်အကြောင်း ကျွန်တော့်ကို ပြန်ပြောပြတာ ဟာ “ ဦးရဲထွဋ် ၊ ခင်ဗျား ဘဝင်မြင့်မနေနဲ့၊ ထင်တလုံး ဖြစ်မနေနဲ့” လို့ သွယ်ဝိုက်သတိပေးတာလို့ ခံစားမိတဲ့အတွက် ဒီစာကို ရေးဖြစ်ခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် “ထင်တလုံး” ဖြစ်ပြီး ထင်ရာစိုင်းလို့ ကိုယ်တိုင်တင်မဟုတ်ဘူး၊ အရပ် ရှစ်မျက်နှာက လူတွေကိုပါ ဒုက္ခမျိုးစုံရောက်စေတဲ့ ဖြစ်ရပ်တွေကို မြင်တိုင်း “ထင်တလုံး” မဖြစ် အောင် သွယ်ဝိုက်သတိပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်များကို ကျေးဇူးတင်ပါတယ်။


ထင်တလုံး

ကျွန်တော်အနေဖြင့် သမ္မတ၏ပြောရေးဆိုခွင့်ရှိသူအဖြစ်နှင့် မီဒီယာတွေပေါ်မှာ မကြာ မကြာ ညွှန်းဆိုဖော်ပြခံရသူလည်းဖြစ်၊ ဖေ့ဘွတ်လူမှုမီဒီယာကို တက်တက်ကြွကြွ အသုံးပြု ပြီး လူတွေနဲ့ ထိတွေ့ဆက်ဆံနေသူလည်းဖြစ်ရာ လူသိအတော်များသည်ဟု ဆိုနိုင်ပါ သည်။

ထို့အတူ ဝန်ကြီးဌာနအတွင်းတွင်လည်း ဆယ်နှစ်ကျော်တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်၊ အောက်ခြေဝန်ထမ်းများနှင့် မကြာခဏထိတွေ့ဆက်ဆံပြောဆိုသူလည်းဖြစ်သည့် အတွက် ဝန်ထမ်းများအကြားတွင် လူသိများသည်ဟု ဆိုနိုင်ပါသည်။

ဒီလိုကြောင့်လည်း လူကြားသူကြားထဲ သွားရင်းလာရင်း ပြည်သူတွေက၊ အခြားဌာန မှ ဝန်ထမ်းများက ၊ကိုယ့်ဌာနက ဝန်ထမ်းများက ကိုယ့်ကိုနှုတ်ဆက်လ ျှင်“ဟယ် ငါ့ကို လူ သိ အတော်များပါလား”ဟုတွေးရင်းကျေနပ်မိသည်။ မကြာခဏ ဆိုသလို “ သွားရတာ မလွတ်လပ် တော့ဘူးဗျ၊ လူတွေက သိနေတာကိုး “ ဟု ခင်သူမင်သူများကို ပြောရင်း ကျေနပ်နေတတ်ပြန် သည်။

တနည်းပြောရရင်တော့ ကိုယ့်ကိုယ် ကိုယ် ထင်ပေါ်သူ၊လူသိများသူဟု ထင်တစ်လုံးဖြစ်နေခဲ့ သည်ဟု ဆိုရပါ မည်။ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့၏ ၁၉ ၇၉ ခုနှစ် မြန်မာ အဘိဓာန် အကျဉ်းချုပ် တွင်မူ “ထင်တလုံး”ကို ထင်မြင်ယူဆချက်၊ မိမိ ကိုယ် မိမိ အထင် ကြီးခြင်း ဟု ဖွင့်ဆိုထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က ဝန်ကြီးဌာနအတွင်းမှာ အရည်အချင်းစစ် စာမေးပွဲတစ်ခု လုပ်သည်။ သတင်းလုပ်ငန်းနှင့်ပတ်သက်ပြီး နိုင်ငံတကာအသံလွှင့်ဌာန တစ် ခုနှင့် ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းအတွက် လူရွေးချယ်သည့် စာမေးပွဲဖြစ်ပြီး ပထမ အဆင့်စစ်ဆေးမှုတွေ ထဲကအောင်မြင်လာသူတွေကိုနောက်ဆုံးလူတွေ့စစ်ဆေး ရွေးချယ် မှုလုပ်ခြင်းဖြစ်သည်။

ဘုတ်အဖွဲ့မှာ ဌာနက တာဝန်ရှိသူတွေပါသလို ပြင်ပမီဒီယာများက သတင်းလုပ်ငန်းအတွေ့ အကြုံ ရှိသူတွေလည်းပါသည်။ သူတို့မေးသည့် မေးခွန်းတွေထဲမှာ သတင်းတစ်ခုနဲ့ပတ်သက်ပြီး ဖြစ်စဉ် ဖွင့်ကာ အဲဒီ သတင်းနဲ့ပတ်သက်ပြီး ဘယ်လိုသတင်းတည်ဆောက်ပြီး ထုတ်ပြန်မလဲ ဆိုသည့် မေးခွန်း လည်းပါသည်။

ဒီလိုနဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးဖြေဆိုသည့် အလှည့်သို့ရောက်လာ သည်။ သူ့ကို ဖြစ်စဉ်ဖွင့်ပေးသည့် သတင်းက အစိုးရနှင့်လည်း ပတ်သက်သည်၊ ထို့အတူ အခြား နိုင်ငံရေးပါတီတစ်ခုနဲ့လည်းပတ်သက်သည်။ ဘုတ်အဖွဲ့က အဲဒီသတင်းကို ထုတ် ပြန်နိုင်ဖို့အတွက် ဘယ်သူတွေကိုမေးပြီးဖော်ပြသင့်သလဲ ဆိုတာကို သိချင်သည်။

ဖြေဆိုသူ အမျိုးသမီလေးက အထာမပေါက်၊ “ဟင် ဟို ဟာ” နဲ့ ရပ်နေသည်။ ဒီတော့ ဘုတ် အ ဖွဲ့ဝင်တစ်ဦးက ဝင်ထောက်ပေးသည်။ သတင်းနဲ့ပတ်သက်ပြီး တတ်နိုင်ရင် နှစ်ဘက် လုံးကို မေးရမယ်လေ ဟု စပေးလိုက်တော့ ဟုတ်ကဲ့ ဟုတ်ကဲ့ အစိုးရနဲ့ ပါတီကိုမေးပါ့ မယ်ဟု ဆိုလေ၏။

ဒီတော့ နောက်မေးခွန်းက အစိုးရဘက်က ဘယ်သူ့ကို မေးမလဲ ဟု ထပ်မေးသည်။ အဖြေမရ။ နောက်ဆုံး စိတ်မရှည်သည့် အဖွဲ့ဝင်တစ်ယောက်က အစိုးရရဲ့ သဘောဆိုရင် သမ္မတရဲ့ ပြောရေး ဆိုခွင့် ရှိသူကို မေးရမှာလေ။ သူ ဘယ်သူလည်း သိတယ် မဟုတ်လားဟု တရားထောက် ပေးရ ပြန်သည်။

ခက်ပြီ။ ပြန်ကြားရေးဝန်ကြီးဌာနမှ အမျိုးသမီးဝန်ထမ်းလေး အဖြေကို အကြိတ်အနယ် စဉ်းစား၏။ လက်ချင်းပွတ်၊ ခေါင်းငုံ့၊ ခေါင်းကုတ်ပြီး သကာလ နောက်ဆုံးတော့ ရဲရဲ့ ဝံ့ဝံ့ ဖြေရှာလိုက်သည်။ “ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆရာကြီးအောင်ထွန်းသက်ပါ။ သူ့ကို မေးပါ့ မယ် “ ဟူသတတ်။

ဆရာကြီးရွှေဥဒေါင်း၏ စုံထောက်ဦးစံရှား ထောက်လှမ်းသော “မသင်္ကာသော လင်မယား” ဝတ္ထုဇာတ်သိမ်းခန်းတွင် စုံထောက်ဦးစံရှားက အမှုနှင့်ပတ်သက်ပြီး သူကောက်ချက်လွဲခဲ့ ပုံ ကြောင့် ဦးသိန်းမောင်ကို

“ ကိုယ်ကိုယ်ကိုယ် အထင်ကြီးပြီး စိတ်ကြီးဝင်နေတယ်လို့ ခင်ဗျား ထင်လာတဲ့အခါကျတော့ နားနားကပ်ပြီး မပုတို့လင်မယားလို့တိုးတိုးလေး သတိပေးစမ်းပါဗျာ “ ဟုပြောခဲ့သည်။

မိတ်ဆွေများခင်ဗျား၊ကျွန်တော် ရဲထွဋ် တစ်ယောက် ကိုယ်ကိုယ်ကိုယ် ထင်တစ်လုံးဖြစ်နေပြီလို့ ထင်တဲ့အခါ ကျွန်တော့် အနားကပ်ပြီး ဖြစ်ဖြစ်၊ ကွန်မန့်လေးနဲ့ဖြစ်ဖြစ်

“ ဆရာကြီးအောင်ထွန်းသက် “ လို့ သတိပေးကြပါခင်ဗျား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: