“မွှားဆေးလုရီ မရှိုးနဲ့”
“လေဖော်တို ရှိုးမှာလား”
“ဆေးပ”
“ဆေးဘွန်း”
မင်းကွန်း ပုထိုးတော်ကြီး ရောက်တဲ့အခါ ဆယ့်လေးငါးနှစ်အရွယ် ကလေးမလေးတွေ ပြောနေတဲ့ အဲဒီ စကားသံတွေကို ကြားရလိမ့်မယ်။ ဒီစကားတွေက ပြင်သစ် ၊ မြန်မာနဲ့ အင်္ဂလိပ်စကားတွေကို ရောပြီး သုံးထားတဲ့ ၊ သူတို့ အချင်းချင်းပဲ နားလည်တဲ့ အထာ စကားတွေပါ။
ပထမ စကား “မွှားဆေးလုရီ၊ မရှိုးနဲ့” ဆိုတာက ဒါ သူဦးထားတဲ့သူ၊ လာမလုနဲ့ လို့ သတိပေး တာပါ။ “လေဖော်တို ရှိုးမှာလား” ဆိုတာက ဓာတ်ပုံရိုက်မယ့်လူလား လို့ အချင်းချင်းမေးတာ။ “ဆေးပ” နဲ့ “ ဆေးဘွန်း” ဆိုတာက ပုထိုးတော်ကြီးကို ဓာတ်ပုံရိုက်ပြီး လို့ ပြန်ထွက်လာချိန် မှာ လိုက်ပြတဲ့ ကလေးမလေးက အမှတ်တရပစ္စည်းရောင်းဖို့ စောင့်နေတဲ့ ကောင်လေး၊ ကောင်မ လေးတွေကို လှမ်းပြောတာ။ “ဆေးပ” ဆိုရင် အခြေအနေမကောင်းဘူး၊ သဘောမကောင်းဘူး ပေါ့။ “ဆေးဘွန်း” ဆိုရင်တော့ အခြေအနေကောင်းတယ်၊ သဘောကောင်းတယ်ပေါ့။ ( အသံ ထွက်ကတော့ သူတို့ပြောတာကို ကြားတဲ့အတိုင်း ရေးထားတာပါ။ မူရင်း ဘာသာ အသံထွက် နဲ့ ကွဲလွဲနိုင်ပါတယ်။ )
ဒီကလေးမလေးတွေက မင်းကွန်းပုထိုးတော်ကြီးနဲ့ မြသိန်းတန်စေတီမှာ ပြည်တွင်းခရီးသွား ဧည့် သည်တွေကို ဓာတ်ပုံလိုက်ရိုက်ပေးတဲ့သူတွေပါ။ အမရပူရ မဟာ စန္ဒာမုနိ စေတီ မှာလည်း ဒီလို ကလေးမလေးတွေနဲ့တွေ့ခဲ့တယ်။ ဒီကလေးမလေးတွေရဲ့ အဓိက ဖောက်သည် ကတော့ ခရီးသွားဧည့်သည် အမျိုးသမီးတွေပေါ့။
သူတို့က ဘုရားပတ်ဝန်းကျင်က ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာ တွေကို သိတယ်။ ဘယ်လိုရှုထောင့်ကရိုက်ရင် နောက်ခံရှုခင်းလှတယ်ဆိုတာကို နားလည်တယ်။ သာမန် ခရီးသည်တွေ မစဉ်းစားမိတဲ့ ဘုရားမုခ်ပေါက်ထဲကရိုက်တာ၊ ပန်းခက်တွေကြားက ရိုက် တာမျိုးတွေမှာ ကျွမ်းကျင်တယ်။ ဖုန်းကင်မရာတွေကိုလည်း ကောင်းကောင်း အသုံးချ တတ်တယ်။
အမရပူရ က ကလေးမလေးတွေနဲ့ မင်းကွန်းက ကလေးမလေးတွေ ဘဝက နည်းနည်းကွာခြား တယ်။ မဟာစန္ဒာမုနိဘုရား ကလေးမလေးတွေက အစထဲက ဓာတ်ပုံရိုက်ပေးတဲ့အလုပ်ပဲ လုပ် တာ။ လူလည်းနည်းတယ်။ ဘုရားဝင်းထဲမှာ လေးငါးခြောက်ယောက်ပဲရှိတယ ် သူတို့ မိဘ ဆွေမျိုးတွေက ဘုရားဝင်းထဲမှာ ပုသိမ်ထီးတွေ ငှားတယ်။ အမှတ်တရ ပစ္စည်း လေးတွေ ရောင်းတယ်။ သူတို့ဆိုင်တွေကို ဓာတ်ပုံရိုက်လို့ကောင်းအောင် ခင်းကျင်းထားတယ်။
မင်းကွန်းက ကလေးမ အများစုဟာ အရင်က နိုင်ငံခြားသားခရီးသွားတွေကို ဧည့်ကြိုတဲ့အလုပ်၊ လမ်းညွှန်ပေးတဲ့အလုပ်၊ အမှတ်တရ ပစ္စည်းရောင်းတဲ့အလုပ်ကို လုပ်တဲ့သူတွေ၊ ကိုဗစ် နဲ့ ကိုစစ် နောက်ပိုင်း နိုင်ငံခြားခရီးသွားတွေ မလာတော့တဲ့အတွက် ပြည်တွင်း ဧည့်သည်တွေကို ဓာတ်ပုံ လမ်းညွှန်လုပ်တဲ့ဘက်ကူးလာတာ။ လူလည်းများတယ်။ ပုထိုးတော်ကြီးမှာဆိုရင် များလွန်းလို့ နှစ်ဆယ်ကျော် သုံးဆယ်ပါတဲ့ အဖွဲ့နှစ်ဖွဲ့ ဖွဲ့ထားပြီး တစ်ဖွဲ့တစ်ရက် အလှည့်ကျ ဆင်းရတယ်။
မင်းကွန်းကလေးမလေးတွေက အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန် စကားတွေကို တော် တော်ပြောတတ်တယ်။ ထိုင်း လိုပြောနိုင်သူလည်း ရှိတယ်။ တရုတ် စကားကိုတော့ စာရင်းသွင်း ထားပုံမရဘူး။ တရုတ်ဧည့်သည်တွေလာရင်လည်း ပိုက်ဆံမသုံးဘူးတဲ့။ Zero Budget အဖွဲ့ တွေ နဲ့ ကြုံခဲ့ပုံရတယ်။
ဒီကလေးမလေးအများစုကတော့ မူလတန်း၊ အလယ်တန်းလောက်နဲ့ ကျောင်းပြီးသွားတဲ့သူများ တယ်။ ကျောင်းပိတ်ရက်မှာ လာအလုပ်လုပ်တဲ့သူလည်းရှိတယ်။ ကိုးတန်းအောင်ပြီး ဆယ်တန်း ဆက် မတက်ဘူးဆိုတဲ့ ကလေးမလေးတစ်ယောက်လည်း စန္ဒာမုနိဘုရားမှာတွေ့ခဲ့ရတယ်။
ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ အချိန်တွေက သူတို့လေးတွေ ရွှေခေတ်ပေါ့။ ၂၀၂၀၊ ၂၀၂၁ ကတော့ ဘာမှလုပ်လို့မရဘူး။ ၂၀၂၁ သင်္ကြန်ကစပြီး ပြည်တွင်းခရီးသွားတွေ နည်း နည်း ရှိလာလို့ အခုလို ဓာတ်ပုံလမ်းညွှန်ပေးတဲ့အလုပ်လုပ်နိုင်တယ်။ အမှတ်တရ ပစ္စည်းလေးတွေ ရောင်းရတယ်။ ဒါပေမယ့် အခါကြီး ရက်ကြီး ရုံးပိတ် ရက် တွေပဲလူများတာ၊ ကျန်တဲ့ အချိန် ကတော့ ဖြိုးဖြိုးဖြောက်ဖြောက်ပဲ။
သူတို့အလုပ်က နှုန်းထားသတ်မှတ်ထားတာမရှိဘူး။ စေတနာရှိသလောက်ပေးပေါ့။ တစ်ချို့ ဧည့်သည်တွေကတော့ ဓာတ်ပုံလေးတွေ ပုံထွက်လှလို့ဆိုပြီး တစ်သောင်း၊ နှစ်သောင်း ပေး တာလည်း ရှိတယ်။ တစ်ချို့ကတော့လည်း အသေအလဲရိုက်ပြီး တစ်ထောင့်ငါးရာ၊ နှစ်ထောင် နဲ့ ပြီးသွားတာလည်းရှိတယ်။
ကျွန်တော်ကတော့ သူတို့ကို ဓာတ်ပုံရိုက်လို့ ရှုခင်း ကောင်းတဲ့နေရာတွေလိုက်ပြခိုင်းတယ်၊ သူတို့ဘဝအကြောင်းမေးတယ်။ ခရီးသွားသင့်/မသင့် အငြင်းအခုန်များနေချိန်မှာ သူတို့လေး တွေကတော့ ဧည့်သည်တွေ ဖြစ်နိုင်ရင် နိုင်ငံခြားသား တွေ များများလာစေချင်တာပဲ။
ကျွန်တော်က မင်းတို့ မေ ျှာ်လင့်တာတွေဖြစ်ဖို့ ဝေးဦးမှာ လို့ပြောတော့ သူတို့ မျက်လုံးတွေ မှာ ဝမ်းနည်းရိပ်တွေပေါ်လာတယ်။ ကျွန်တော်အတွက်လည်း ကိုယ်ရောက်ခဲ့ဖူးတဲ့ ထိုင်း၊ လာအို နဲ့ သီရိ လင်္ကာက ရှေးဟောင်းအမွေအနှစ်နေရာတွေမှာ ကျောင်းနေအရွယ်ကလေးတွေ ဒီလို လုပ် နေရတာမျိုး မမြင်ခဲ့ရတာကို သတိရပြီး ငါတို့အားလုံးညံ့ခဲ့တာလို့တွေးပြီး ဝမ်းနည်းမိတယ်။ ဒီလိုနဲ့ အပြန်အလှန်ဝမ်းနည်းရင်း မင်းကွန်းကနေ ပြန်ခဲ့ရပေါ့။

