တကယ်တော့ စာအုပ်လိုချင်တယ်ဆိုရင် ပန်းဆိုးတန်းက စာအုပ်ဆိုင်တွေဆီကို လူကိုယ်တိုင်သွား၊ လိုချင်တဲ့စာအုပ်ရှာနေကြပါ။ တစ်ခါတစ်လေ လိုချင်တဲ့စာအုပ်က တစ်အုပ်၊ စာအုပ်စင်တွေကို မွှေ နှောက်ရင်း ဖတ်ချင်လို့ဆိုပြီး ဝယ်လာဖြစ်တာက လေးငါးဆယ်အုပ်။ စာအုပ်နဲ့ ဥစ္စာက ကက်ကင်းမိတယ်။ စာအုပ်တွေဝယ်လိုက်ရင် အိပ်ကပ်ထဲက ဥစ္စာက ခုန်ပျံထွက်သွားရော။
တစ်နေ့ကတော့ ပန်းဆိုးတန်းသွားဖို့ အခြေအနေမပေး၊ စာအုပ်ကလည်းချက်ခြင်း ဖတ်ချင်ဖြစ်နေ တော့ ဝယ်နေကျ စာအုပ်ဆိုင်ကို ဖုန်း ဆက်ပြီး စာအုပ်ပို့ပေးလို့ရသလား၊ ဒဲလ်လီ ( Delivery) ရှိလားလို့မေးလိုက်တော့ ရှိတယ် ၊ ဒီနေ့ အရောက်ပို့ပေးမယ်လို့ အကြောင်းပြန်တယ်။
မွန်းလွဲနှစ်နာရီခွဲလောက်မှာ ကျွန်တော်မသိတဲ့ ဖုန်းနံပါတ်တစ်ခုက ခေါ်လာတယ်။ ဖုန်းဖြေလိုက် တော့ စာအုပ်လာပို့တဲ့သူ၊ ကျွန်တော်တို့ လမ်းသွယ်လေးကို ရှာမတွေ့လို့ မေးတာ။ သူ့အသံ က လုံးလုံး၊ ကိုယ်ပြောတာ သူနားမလည်၊ သူပြောတာ ကိုယ်နားမလည်နဲ့ အတော်ကြာကြာ ပြောယူ ရတယ်။ စိတ်ထဲကတော့ ဒဲလ်လီသမားချာတိတ်တွေက အတော်သွက်တာပါ၊ ဒီချာတိတ်က တော့ အတော်အူတာပဲလို့တွေးမိတယ်။
ခဏနေတော့ တိုက်အောက်ရောက်ပြီလို့လှမ်းဖုန်းဆက်တယ်။ ဆင်းသွားတော့ ဒဲလ်လီသမားတွေ စောင့်လေ့ရှိတဲ့နေရာမှာ အသက်ကြီးကြီး လူတစ်ယောက်ပဲရှိတယ်။ ဘေးမှာ စက်ဘီးတစ်စီး၊ စက်ဘီးနောက်မှာ ပလတ်စတစ်အုပ်ထားတဲ့တောင်းတစ်လုံးနဲ့ မုန့်ဖက်ထုပ်သည် ပုံစံမျိုး။ စာ အုပ်လာပို့တာလားလို့မေးလိုက်တော့ ဟုတ်တယ်ဆိုပီး သူ့တောင်းထဲက စာအုပ်ကို ထုတ်ပေး တယ်။ ဆိုင်ကပေးလိုက်တဲ့ပြေစာပေးတယ်။ တောင်းထဲမှာလည်း နောက်ထပ် စာအုပ်အထုပ်တွေ ရှိတယ်။
အွန်လိုင်းပစ္စည်းလာပို့တဲ့သူတွေဆိုရင် လူငယ်၊ လူလတ်ပိုင်းပဲတွေ့နေကြ၊ ပြီးတော့ ဆိုင်ကလာပို့ မယ်ဆိုတော့သူ့ဆိုင်က အလုပ်သမားချာတိတ်တွေပဲဖြစ်မယ်လို့ထင်နေတာ။ ဒီလူကြီးကို တွေ့ တော့ အံ့သြသွားတယ်။ ဒါနဲ့အသက်မေးကြည့်တော့ ခြောက်ဆယ်ကျော်ပြီတဲ့။ ကိုယ်နဲ့ သက် တူရွယ်တူပဲ၊ သူ့ကိုလာပို့ခိုင်းမိတာ အတော်အားနာသွားတယ်။
သူက သင်္ဃန်းကျွန်း ရန်ကုန်သစ်ထဲမှာနေတာတဲ့။ အရင်ကတော့ ပန်းဆိုးတန်း စာ အုပ်ဆိုင်တွေက စာအုပ်တွေယူပြီး လမ်းဘေးမှာ ခင်းရောင်းတယ်။ နောက်ပိုင်း စာအုပ် အရောင်း မကောင်းတော့ စာအုပ်ဆိုင်တွေက ပို့ခိုင်းတဲ့စာအုပ်တွေကို လိုက်ပို့ပေးတယ်။ အွန်လိုင်း အရောင်း တွေ ခေတ်မစားချိန်ထဲက စာအုပ်ပို့တဲ့အလုပ်ကို လုပ်နေတာ၊ ဆယ် နှစ်ကျော်ပြီတဲ့။
မနက်ရှစ်နာရီလောက်ဆိုရင်စက်ဘီးနဲ့အိမ်ကထွက်တယ်၊မြို့ထဲကသူ့မိတ်ဆွေ စာအုပ်ဆိုင်တွေမှာ စာအုပ်ပို့ဖို့ရှိ/မရှိလိုက်မေးတယ်။ပို့ရမယ့်လိပ်စာတွေကိုကြည့်ပြီးခရီးစဉ်ဆွဲလိုက်ပို့တယ်။အင်းစိန်၊တောင် ဒဂုံ၊မြောက်ဒဂုံအထိ သွားတယ်။ လှိုင်သာယာအထိတောင် သွားခဲ့ဖူးတယ်တဲ့။
အခုတစ်လော အစားအသောက်ပို့တဲ့ ၊ ပစ္စည်းပို့တဲ့ ဒဲလ်လီသမားတွေ၊ အထူးသဖြင့် Foodpanda , Grab တို့လို တူညီဝတ်စုံနဲ့ကလေးတွေ အလုခံရတဲ့သတင်းတွေ ကြားနေရတဲ့အတွက် သူ့ကို လုံခြုံရေး ဂရုစိုက်ဖို့သတိပေးတော့ သူ့ပုံစံက ဒဲလ်လီသမားပုံမပေါက်တဲ့အတွက် ကလေးတွေ ထက် စာရင်အန္တရာယ်ကင်းပါတယ်၊ ဒါပေမယ့် စက်ဘီးလုတာမျိုးလည်း ဖြစ်နိုင်တော့ တစ်ချို့ နေရာတွေ ဆို မှောင်ရင်မသွားတော့ဘူးလို့ပြောတယ်။
သူကပဲ စာအုပ်အရောင်းအေးတော့ အရင်လို အလုပ်အကိုင်မကောင်းဘူးလို့ ဆက်ပြောတယ်။ သူ့ စကားကြားတော့ ကဗျာဆရာအောင်ချိမ့်ရဲ့ တောလားကဗျာထဲက “ လူညစ်တစ်ယောက် ပေါ်လာ တိုင်း၊ ပေါ်လာတိုင်း ကမ္ဘာကြီး အလုပ်ရှုပ်ရပါတယ်” စာသားကို သတိရပြီး ပူတင် ကြောင့် စစ်တွေ ဖြစ်၊ လူတွေသေ၊ ရေနံဈေးတက်၊ ဒေါ်လာဈေးတက်၊ ကျန်တာအားလုံးတက် ကမ္ဘာရော၊ မြန်မာပါ အလုပ်ရှုပ်နေ ရသလားလို့ ဆက်တွေးမိတယ်။
သူပြောတာနားထောင်ရင်း သူ့အသက်အရွယ်နဲ့ စက်ဘီးစီးပြီး စာအုပ်ပို့နေရတာကို စိတ် မကောင်း ဖြစ်မိတော့ “အေးဗျာ၊ ခင် ဗျားလာရတာပင်ပန်းလှတယ်။ ဒီလိုမှန်းသိရင် ဆိုင်ကို မပို့ခိုင်း ပါဘူးလို့ ပြောလိုက်တယ်။ သူက ချက်ခြင်းပဲ “ မဟုတ်ဘူးလေ၊ စာအုပ်ပို့ခိုင်းတဲ့သူရှိမှ ကျွန်တော် အဆင်ပြေတာလေ၊ များများသာ မှာပါ” လို့ ပြန်ပြောတယ်။
ကျွန်တော်ဘာပြန်ပြောရမှန်းမသိတော့ဘူး။ စက်ဘီးတွန်းပြီးထွက်သွားတဲ့သူ့ကိုပဲ ငေးကြည့်နေမိ တယ်။
