ခြေလျင်ခရီးသည် (၂)

ကလောကိုရောက်တော့ တစ်ရက်နားပြီး ခရီးစဉ်အတွက်လိုအပ်တာတွေ ပြင်ဆင်တယ်။ မီးလာ တဲ့အချိန်မှာ ကင်မရာဘက်ထရီ နဲ့ Power Bank တွေ အားအပြည့်သွင်းရတယ်။ ပထမ ည အိပ် မယ့် လမိုင်းရွာက လ ျှပ်စစ်မီးရပေမယ့်လက်ရှိအခြေအနေမှာ ဘာမှ မသေချာတဲ့အတွက် ကင်မရာ ဘက် ထရီ အပို နှစ်လုံးယူသွားရတယ်။ Power Bank နှစ်ခု ယူသွားတယ်။

ခရီးစဉ်အတွက် လိုအပ်တဲ့ အဝတ်အထည်တွေ၊ တစ်ကိုယ်ရေသုံးပစ္စည်းတွေက အနည်းဆုံးယူသွား တာကောင်းတယ်။ ကိုယ်တိုင်မသယ်နိုင်ဘူးဆိုရင် ခရီးစဉ် စီစဉ်ပေးတဲ့သူနဲ့ညှိနှိုင်းပြီး ညအိပ်မယ့် နေရာတွေကို ကြိုပို့ထားဖို့လိုမယ်။ အဲဒါဆိုရင်တော့ ဆိုင်ကယ်သီးခြားစီစဉ်ရတာမျိုး ရှိနိုင်ပြီး ကုန်ကျစရိတ်ပိုကုန်မယ်။ ကျွန်တော်ကတော့ ပုဆိုးတစ်ထည်နဲ့ အနွေးထည်တစ် ထည်၊ ညှပ်ဖိနပ် တစ်ရံ နဲ့ သန့်ရှင်းရေးပစ္စည်းတွေကို ညအိပ်မယ့်ရွာအတွက် သား၊ငါး၊ သီးနှံတွေ ပို့တဲ့ ဆိုင်ကယ်နဲ့ အကြုံထည့်ပေးလိုက်တယ်။အထုတ်သေးတော့ သီးခြားစီစဉ်ဖို့မလိုဘူး။ အဝတ်အစား ကတော့ သုံးရက်လုံး တစ်စုံတည်း၊ ဒါဝတ်၊ ဒါချွတ် ပဲ။

ကျွန်တော်တို့ ခရီးစဉ်က ကလော နှီးဘုရားကြီးနောက်ဘက် တောင်စောင်းကနေ စတယ်။ ကလော – ရေအေးကန်၊ ဟင်းခါးကုန်း၊ စေတီတောင်၊ ကမ်းပါးနီ ရွာတွေကို ဖြတ်ပြီး မြင်းဒိုက် ဘူ တာမှာ နေ့လယ်စာ စားတယ်။ ပြီးတော့ ရွာပု နဲ့ လွတ်ပြင်ရွာကို ဖြတ်ပြီး အောင်ပန်း – ပင်လောင်း ကားလမ်းဘေးက လမိုင်းရွာမှာ ညအိပ်တယ်။ စုစုပေါင်း ၁၄. ၁၅ မိုင်ရှိတယ်။

ကလော – ရေအေးကန် လမ်းကြောင်းက ၂၀၂၁ ဒီဇင်ဘာလ ဆန်းမှာ ကျွန်တော်သွားခဲ့ပြီး “ ထင်ရှုးမြိုင် ခရီးသွားတောလား” အမည်နဲ့ ဆောင်းပါးရေးခဲ့ဖူးတယ်။ ဒီလမ်းကြောင်းမှာ ထူးထူး ခြား ခြား ပြောင်းလဲလာတာကတော့ ထင်းရှုးတောတွေကြားမှာ ခြံနယ်နမိတ်သတ်မှတ်ထားတဲ့ ကွန်က ရစ်တိုင် အဖြူလေးတွေ ပိုများလာတာပဲ။ ကလောက မြေဘုတ်ဘီလူးတွေဟာ ဆရာမနိုင် နှစ် ဆောင်ပြိုင် ဖြစ်ကုန်ပြီ။

ရေအေးကန်တောင်ကြောပေါ်တက်လိုက်တော့ ဟင်းခါးကုန်းသွားတဲ့ လမ်းကို ရောက်တယ်။ ၂၀၂၁ ကျွန်တော်ရောက်တဲ့အချိန်က သာမန်မြေလမ်းလေးပေမယ့် အခုတော့ မြေထိုးစက်နဲ့ လမ်းတွေ ချဲ့ထားတယ်။ ကျောက်ခင်းလမ်းအဆင့်မြှင့်မယ်လို့ သိရတယ်။ လမ်းဘေး ညာဘက် အခြမ်း မှာတော့ လက်ဖက်ခင်းတွေ ရှိပြီး ဟင်းခါးကုန်းက လက်ဖက်လာခူးတဲ့ ပလောင်အမျိုးသမီးလေး တွေ တွေ့တယ်။ တစ်ယောက်ကို တစ်နေ့ ပိဿာ နှစ်ဆယ်လောက်ရတယ်၊ အထွက်ကောင်းတဲ့ လ ဆိုရင် တစ်နေ့ နှစ်ဆယ့်ငါးပိဿာ၊ ပိဿာ သုံးဆယ်အထိ ရတယ်လို့ပြောတယ်။ ဒီဒေသတွေ ဟာ တစ်ချိန်က သနပ်ဖက်စိုက်တဲ့ရွာတွေ ၊ အခုနောက်ပိုင်းမှာ လက်ဖက်ကို ပြောင်းစိုက်လာကြ တ။

လမ်းအခြေအနေကတော့ ရေအေးကန်ကစပြီး ဟင်းခါးကုန်း၊ စေတီတောင်အထိ အတက်ပဲ။ ရေအေးကန်ကျော်ပြီးတဲ့နောက်ပိုင်း ရွာ ချင်းဆက်လမ်းတွေ၊ ယာခင်းတွေကြားကဖြတ်သွားရတဲ့အတွက် အရိပ်မရှိသလောက်ပဲ။ စေတီ တောင်ကနေ တောင်ကြောအတိုင်းသွားတော့ ကမ်းပါးနီရွာရောက်တယ်။ ကမ်းပါးနီကနေ မြင်းဒိုက် ကို သွားတဲ့လမ်းကြောင်း နှစ်ခုရှိတယ်။ ပထမတစ်ခုက ဆင်တောင်ကနေ မြင်းဒိုက်သွားတဲ့ ကျောက် ခင်းလမ်းအတိုင်းသွားတာ၊ နောက်တစ်ခုက ရထားလမ်းဘက်ကို ထိုးဆင်း၊ ပထမလှိုဏ်ဂူကို ဖြတ် ပြီး ရထားလမ်းအတိုင်းမြင်းဒိုက်ကို သွားတဲ့လမ်း။ ကျွန်တော်တို့က ဆင်တောင်-မြင်းဒိုက်လမ်းကို ရွေးလိုက်တယ်။ ကမ်းပါးနီကနေ မြင်းဒိုက်အထိက အဆင်းလမ်းပါပဲ။

မြင်းဒိုက်မှာနေ့လယ်စာစားမယ်ဆိုတော့ အရင် မြင်းဒိုက်- ခွေးရုပ်ဘူတာ လမ်းလေ ျှာက်ခရီးစဉ်မှာ စားခဲ့တဲ့ ဘူတာလက်ဖက်ရည်ဆိုင်လေးမှာပဲ စားဖို့စီစဉ်ခိုင်းခဲ့တယ်။ ဒီဘူတာဆိုင်လေးက အဖွား လက်ထက်ထဲက ဖွင့်ခဲ့တာ အခု မြေးဖြစ်သူဦးစီးတဲ့ ဆိုင်ဖြစ်နေပြီ။ ဒီဆိုင်လေးရဲ့ အကောင်းဆုံး အစားအစာကတော့ ချာပါတီ၊ အာလူးဟင်းနဲ့ နွားနို့ပါပဲ။ ချာပါတီနဲ့ အာလူးဟင်း တစ်ပွဲ ၈၀၀၊ နွား နို့တစ်ခွက် ၆၀၀ ဆိုတော့ “လာထား၊ နှစ်ပွဲ” ဆွဲခဲ့တယ်။

မြင်းဒိုက်က ဘူတာအရင်ဆောက်ပြီးမှ ရွာဖြစ်လာတာပါ။ ဒီတော့ ရွာမှာ စိုက်ပျိုးရေးနဲ့ အသက်မွေး တဲ့သူ နဲ့ ဘူတာကို အမှီပြုပြီး အသက်မွေးတဲ့သူ နှစ်ပိုင်းရှိတယ်။ အရင်က တစ်နေ့ကို အစုန် ရထား နှစ်စီး၊အဆန်ရထားနှစ်စီးရှိတဲ့အတွက် ဘူတာကို မှီပြီး လုပ်ကိုင်စားသောက်သူတွေလည်း အဆင် ပြေတယ်။ အခုတော့ တစ်ပတ်လုံးမှ အဆန်တစ်စီး၊အစုန်တစီးပဲရှိတော့ ဈေးဆိုင်တွေလည်း ပိတ် ပြီး ရွှေတောဆင်းနေကြတယ်တဲ့။ လက်ဖက်ရည်ဆိုင်လေးကတော့ ရထားစီးခရီးသည်တွေ ထက် ရွာက ဖောက်သည်တွေကိုပဲ မှီခိုနေရတယ်။

မြင်းဒိုက်ကထွက်တော့ ရွာပုရွာလမ်းခွဲထိ ကားလမ်းအတိုင်းသွားရတယ်။ ဒီလမ်းက ၂၀၂၀ မှာ ကတ္တ ရာလမ်းအဖြစ် အဆင့်မြှင့်တင်ထားတာ။ လမ်းအဆင့်မြှင့်တင်ခြင်း မှတ်တမ်းကျောက်တိုင် မှာ လုပ်ငန်းစရက် ၂၇ – ၁၀ – ၂၀၂၀ ၊ လုပ်ငန်းပြီးစီးရက် ၁၅ – ၂ – ၂၀၂၁ လို့ရေးထားတယ်။ သမိုင်း တစ်ကွေ့မှတ်တမ်းပေါ့။

ရွာပု ရွာက အိမ်ခြေ သုံးဆယ်ကျော်လောက်ပဲရှိမယ်။ ဒါပေမယ့် ဒီရွာလေးက ကလော-အင်းလေး ခြေလျင်ခရီးသွားတဲ့ နိုင်ငံခြားသားခရီးသည်တွေ ညအိပ်လေ့ရှိတဲ့ရွာ။ ကိုဗစ် မဖြစ်ခင်က ခရီးသွား ရာသီ ဆိုရင် အိမ် တိုင်းလိုလို ဧည့်သည်ရှိတယ်။ ရွာက လူငယ်တွေကလည်း ခရီးသွားအဖွဲ့တွေ အတွက် အုပ်ချုပ်မှု အထောက်အကူပေးရတဲ့အလုပ်တွေ ဝင်လုပ်တယ်။ ရွာရဲ့ အဓိက လုပ်ငန်း က စိုက်ပျိုးရေးဆိုပေမယ့် စိုက်ပျိုးရေးက သုံးလေး လ နေမှ ငွေပေါ်ပြီး ခရီးသွားလုပ်ငန်းကတော့ နေ့ စဉ် လိုလို ဝင်ငွေရှိတဲ့အတွက် ရွာသူရွာသားတွေ စိတ်ချမ်းသာခဲ့ရတာပေါ့။

ရွာထဲရောက်တော့ လမ်းညွှန် ကိုမျိုးဇော်တို့ တည်းနေကြ အိမ်မှာ ခဏ ဝင်နားတယ်။ အခု အချိန်က သီးနှံ ရိပ်သိမ်းချိန်ဆိုတော့ အိမ်မှာ အမျိုးသမီးနဲ့ ကလေးတွေပဲရှိတယ်။ အိမ်ရှင် ဓနုအမျိုးသမီးကြီး က ရေနွေးကြမ်းနဲ့ ဧည့်ခံရင်း ဂေါ်ဖီထုပ်က ဈေးကျ၊ မြေဆီဈေးက နှစ်ဆ သုံးဆတက်လို့ မကိုက် တဲ့ အကြောင်း ပြောပြနေတယ်။

ဓနုတိုင်းရင်းသူူကြီးက မဲပေးတဲ့ နှစ်က တစ်အိတ် ငါးသောင်း ပေးရတဲ့ အာမို က အခု တစ်သိန်း ငါးသောင်းကျော်၊ တစ်အိတ် သုံးသောင်းကျော်ပေးရတဲ့ ပုလဲက တစ်သိန်းသုံးသောင်း ဖြစ် နေပြီ ဆိုပြီး အသံဝဲ၀ဲနဲ့ ရှင်းပြတယ်။ ဂေါ်ဖီထုပ်ဈေးက နှစ်တိုင်း အတက်အကျ ရှိပေမယ့် အခု အချိန် မှာ ဓာတ်မြေသြဇာဈေးက အဆမတန်တက်သွားတော့ ကျွဲတောင်ရောင်းရတော့မလားမသိဘူး လို့ ညည်းရှာတယ်။ နောက်ပြီး အရင်လို ဧည့်သည်မလာတော့ ပိုဆိုးတယ်လို့ ပြော တယ်။

အိမ်ရှင်အမျိုးသမီးကြီးက သီးနှံအခြေအနေ၊ ခရီးသွားလုပ်ငန်းအခြေအနေတွေကို ရှင်းပြတဲ့ အခါ ရောဂါဖြစ်တဲ့နှစ်၊ မဲပေးတဲ့ နှစ် ဆိုပြီး ရည်ညွှန်းပြောတာ သတိထားမိတယ်။ အင်တာနက်မသုံး၊ ရုပ် သံ သတင်းတွေ နားမထောင်ပေမယ့် ဒီကာလ နှစ်ခုဟာ သူတို့ ဘဝအတွက် အလှည့်အပြောင်း တစ်ခု ဆိုတာ ကောင်းကောင်းနားလည်ပုံရတယ်။ ဘယ်ပါတီကို မဲထည့်လဲလို့ မေးတော့ ချက်ခြင်း မဖြေဘူး။ ကိုမျိုးဇော်ကို လှမ်းကြည့်တယ်။ ကိုမျိုးဇော်က ပြောလို့ရပါတယ်လို့ ဆိုလိုက်မှ “ အမေ စုပါတီ” လို့ ဖြေတယ်။ ဘာလို့ ပေးတာလဲလို့ မေးတော့ “နေလို့ကောင်းတယ်လေ” တဲ့။ အေး ရော။

ဒီအဖြေက ကျေးလက်ပြည်သူတွေ၊ အခြေခံလူတန်းစားတွေဟာ ဂျီဒီပီတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု အညွှန်းကိန်းတွေ၊ နိုင်ငံရေးသဘောတရားတွေထက် လက်တွေ့ဘ၀ အညွှန်းကိန်းတွေ နဲ့ ပဲ အစိုးရတွေကို အကဲဖြတ်တယ်ဆိုတဲ့ သာဓက တစ်ခုပဲ။ ပုဂ္ဂိုလ်ခင်လို့တရားမင်တာလည်း ပါ တာ ပေါ့လေ။

တစ်ချို့ နိုင်ငံရေးသမားတွေကတော့ ဒီလို ဖြစ်တာကို မဲဆန္ဒရှင်တွေ နိုင်ငံရေးအသိမရှိလို့ ဖြစ်တာ ဆိုပြီး အပြစ်တင်တယ်။ ဒါပေမဲ့ သူတို့ကို မဲဆန္ဒရှင်အများစုက ဘာ့ကြောင့် ယုံကြည်မှု မရှိတာ လဲ ဆိုတာကို အဖြေရှာဖို့တော့ မကြိုးစားကြဘူး။ နောက်ဆုံးတော့ အဲဒီလို လူစားတွေဟာ မဲဆန္ဒရှင် တွေကို အပြစ်တင်ရင်း နဲ့ ပဲ နိုင်ငံရေးဘ၀ အဆုံးသတ်သွားကြတယ်။

အိမ်ရှင်အမျိုးသမီးကြီးရဲ့ စီးပွားရေး၊နိုင်ငံရေး အမြင်ကို နားထောင်ပြီးတဲ့နောက်ခရီးဆက်တယ်။ လမ်းက ရွာပုကနေ လွတ်ပြင်၊ ရှားပြင် ရွာအထိ အတက်ပဲ ၊ လွတ်ပြင်ရွာလမ်းဆုံနေရာက ၄၈၉ ၁ ပေ ရှိပြီး ဒီလမ်းမှာ အမြင့်ဆုံးနေရာပဲ။ အဲဒီလမ်းဆုံနေရာမှာ “ Myo Thu Restaurant & Home Stay” လို့ ဆိုင်း ဘုတ်တင်ထားတဲ့ သွပ်မိုးအိမ်တစ်လုံးရှိတယ်။ အရင်က တစ်ကိုယ်တော် နိုင်ငံခြား သားခရီးသွားတွေ က ရွာပုမှာ မတည်းဘဲ ဒီဆိုင်မှာ အိပ်တယ်။ ဒါမှမဟုတ် အနားက ထင်ရှုး တောအုပ်ထဲမှာ တဲထိုး ပြီး အိပ်တယ်။ အခုတော့ ဆိုင်ပိတ်ထားရပြီ။ လမ်းဆုံညောင်ပင်အောက် မှာလည်း နောက်ထပ်ဆိုင်တစ်ဆိုင်ရှိတယ်။အဲဒီဆိုင်ကတော့ ပြိုကျနေပြီ။

လွတ်ပြင်တောင်ကြောကနေ ညအိပ်မယ့် လမိုင်းရွာအထိက အဆင်းပဲ။ လမိုင်းရွာက အောင်ပန်း – ပင်လောင်းကားလမ်းဘေးမှာ ရှိပြီး နိုင်ငံခြားသား ခရီးသွားတွေ ညအိပ်လေ့ရှိတဲ့ ရွာပါ။ လမိုင်း ရွာနားရောက် တော့ ရွာပြင်စိုက်ခင်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်က ကိုမျိုးဇော်ကို “ ဧည့် သည်တွေ လာပြီလား” လို့ လှမ်းမေးတယ်။ ကိုမျိုးဇော်က “ လိုကယ်( Local) ပါလို့ ဖြေ လိုက်တော့ စိတ်ပျက်သွားတဲ့ပုံနဲ့ ဆက်မပြောတော့ဘူး။

ကားလမ်းကို မဖြတ်ခင် ဂေါ်ဖီထုပ်စိုက်ခင်းတစ်ခုတွေ့တယ်။ စိမ်းညို့နေတဲ့ ထွားထွားကြိုင်းကြိုင်း ဂေါ်ဖီထုပ်ကြီးတွေ မြင်ရတာ အားရစရာပဲ။ အခင်းရှင်လည်း ရှိတယ်။ အပင်တွေ သန်လိုက်တာလို့ ချီးမွမ်းစကားဆိုလိုက်တော့ ကောင်းပေမယ့် ရှုံးတယ်လို့ ပြန်ပြောတယ်။ သူစိုက်ထားတာ အပင် ခုနစ်ထောင်ရှိတယ်။ တစ်ပင်ကို အရင်း နှစ်ရာ နီးပါးရှိတယ်။ အခု ဂေါ်ဖီပေါက်ဈေးက တစ်ရာ့ငါး ဆယ် အများဆုံးမှ နှစ်ရာ ဆိုတော့ မကိုက်တော့ဘူးပေါ့။

တောင်သူတွေ ဈေးမကိုက်တဲ့အကြောင်း ပြောရင် ဘယ်အစိုးရလက်ထက်ဖြစ်ဖြစ် သီးနှံဈေး ဆိုတာ အတက်အကျရှိတာပဲလို့ ပြောတဲ့သူရှိမှာပဲ။ ဒါပေမယ့် ကိုယ်ချစ်ခင်နှစ်သက်တဲ့ သူ ချက် တဲ့ ဟင်း ဆိုရင် ဆားငံနေရင်တောင် အပြစ်မတင်ဘူးဆိုတဲ့ လူ့သဘောကို နားလည်ရင် ဈေး အတက် အကျ နောက်က နိုင်ငံရေး သက်ရောက်မှုကို သိနိုင်တာပေါ့။

လမိုင်းရွာမှာ ကျွန်တော်တို့တည်းမယ့် အိမ်က တောင်ရိုးတိုင်းရင်းသား အဖိုးကြီး အဖွားကြီး နှစ် ယောက်ပဲရှိတယ်။ အိမ်ရှင် အဘ ကြီးက ကျွန်တော်တို့ကို “ Welcome , Make yourself at home” လို့ အသံဝဲ၀ဲ နဲ့ ကြို တယ်။ ပြီးတော့မှ ဧည့်သည်မလာတာကြာလို့ မေ့တောင်မေ့နေပြီ လို့ ဆိုတယ်။

One thought on “ခြေလျင်ခရီးသည် (၂)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: