ကလော – အင်းလေး ဒုတိယနေ့ခရီးစဉ်မှာ ပထမဆုံးတွေ့တဲ့ရွာက ပင်နွေးရွာဖြစ်ပါတယ်။ ပင်နွေး ရွာ က ပအိုဝ်းတိုင်းရင်းသားရွာဖြစ်ပြီး အဲဒီရွာရဲ့ ထူးခြားချက်က ရိုးရာဂျပ်ခုတ်ထည် ရက်လုပ်တာ ကို လေ့လာနိုင်တာဖြစ်ပါတယ်။
ဒီရွာမှာ ရိုးရာဂျပ်ခုတ်ထည် ရက်တာက အသက် ၈၀ ကျော် အဖွားနှစ်ယောက်ပါ။ အဖွားနှစ် ယောက် အိမ်တွေကလည်း ကပ်လျက်၊ အသက်လည်း နှစ်လကြီး နှစ်လ ငယ်။ အသက်ပိုကြီးတဲ့ အဖွား နာမည်က မပေါင် တဲ့ ။နောက်အဖွားနာမည်က မကျန်းတဲ့။
အဖွားနှစ်ယောက်က သား၊ သမီးတွေနဲ့ အတူမနေဘူး။ ကိုယ့်အိမ်နဲ့ ကိုယ်ပဲ။သူတို့ အိမ်တွေ နောက်ဘက်မှာ မြေစိုက်တဲလေးနဲ့ ရက်ကန်းယက်တဲ့နေရာရှိတယ်။ခြေလျင်ခရီးကြမ်းသွားတဲ့ နိုင်ငံခြားသား ဧည့် သည်တွေက ပင်နွေးရွာရောက်ရင် အဖွားတွေ ရက်ကန်းရက်တာကို လေ့လာ တယ်၊ အဖွားတွေ ရဲ့ လက်မှုပစ္စည်းလေးတွေ ဝယ်တယ်။ ပစ္စည်းမဝယ်ဖြစ်ရင်တောင်အဖွားတွေ လိုရာ သုံးဖို့ လှူသွားတယ်။
အခုတော့ အဖွားတွေရဲ့ ရက်ကန်းခတ်သံတိတ်နေတာ သုံးနှစ်လောက်ရှိပြီပေါ့။ အဖွားမပေါင်က တော့ ဒီနှစ်ထဲမှာ ခါးနာလာတဲ့အတွက် ရက်ကန်းမရက်နိုင်တော့ဘူး။ ဂျပ်ခုတ်ထည်က ခြေဆင်း ထိုင်ပြီး ရက်ရတာဆိုတော့ နှစ်ပေါင်းများစွာ အဲဒီပုံစံအတိုင်းထိုင်ခဲ့တဲ့အတွက် ခါးနာတာ ဖြစ် မယ်။ အဖွား မကျန်းကတော့ ကျန်းမာရေးကောင်းသေးတယ်။ ဒါပေမဲ့ ဧည့်သည်မလာလို့ ရက်ကန်း မရက်ဖြစ်တာကြာပြီတဲ့။
အဖွားမကျန်းက မြန်မာစကားနည်းနည်းပြောနိုင်တယ်။ အဖွားမပေါင်ကတော့ မပြောတတ်ဘူး။ အဖွား မကျန်းက သူတို့လုပ်ငန်းအခြေအနေနဲ့ ပတ်သက်ပြီး “ ဧည့်သည် မလာတော့ နား တယ်လေ၊ ဧည့်သည်လာတော့ ပိုက်ဆံတော့ နည်းနည်းပေါတယ်။ ဧည့်သည် လာတာနဲ့ မလာ တာ အများကွာတယ်လေ” လို့ ရှင်းပြတယ်။
ဒီလမ်းကြောင်းမှာတော့ ဧည့်သည်ဆိုတာ နိုင်ငံ ခြားသားခရီးသွားတွေကို ဆိုလိုတာပါ။ ပြည်တွင်းခရီးသည်တွေက ခြေလျင်ခရီးသွားတာ အတော် နည်းတော့ ခရီးသွားလုပ်ငန်းက နိုင်ငံခြားသားခရီးသည်တွေကိုပဲ မှီခိုနေရတယ်။
ဂျပ်ခုတ်ထည်တွေက လွယ်အိတ်တစ်လုံး၊ တဘက်တစ်ထည်ဖြစ်ဖို့ ငါးရက်ကနေ ခုနစ်ရက် အထိ ကြာတဲ့အတွက် နောက်မျိုးဆက်တွေက မရက်တော့ဘူး၊ လွယ်တဲ့ စက်ရက်ကန်းထည်တွေပဲ သုံး တော့တယ်။ အဖွားနှစ်ယောက်သာ နိုင်ငံခြားသားခရီးသွားတွေရှိနေလို့ ရက်ကန်းလုပ်ငန်း ကို လုပ်နေတာ။ သူတို့ နောက်ပိုင်းမှာ ရက်ကန်းအမွေ ဆက်ခံတဲ့သူရှိတော့မယ်မထင်ဘူး။
ရက်ကန်းလုပ်ငန်းနားထားတာ ကြာပြီ ဆိုတော့ အဖွားနှစ်ယောက်မှာ ရောင်းစရာ ပစ္စည်းနည်းနည်း ပဲရှိတော့တယ်။ အဲဒီအထဲက လွယ်အိတ်နဲ့ တဘက်တွေဝယ်လိုက်တယ်။ နောက်ပြီး အဖွားနှစ် ယောက်အတွက် ဆေးဖိုးလည်း ကန်တော့ခဲ့တယ်။
အဖွားမကျန်းက အသံဝဲ၀ဲ နဲ့ မြန်မာလို “ အမောင် အရှေ့သွားရင် အမေ အဖေ လို လူကောင်းကောင်းနဲ့တွေ့ပါစေ၊ သူများချစ်ပါစေ ၊ လမ်းလည်းကျယ်ပါစေ။” လို့ ဆုပေး တယ်။ အဖွားမကျန်းရဲ့ ဆုပေးစကားက တိုပေမယ့် ရင်ထဲကို စူးနစ်ဝင်သွားတယ်။




Selfishness and greed, individual or national cause most of our troubles. We all know who is guilty.
LikeLike