အိန္ဒိယကြည်းတပ်မတော်က ဗိုလ်ချုပ် Mrinal Suman က ၂၃ ဧပြီ ၂၀၁၆ ရက်နေ့ Indian Defence Review စာစောင်မှာ “When a Soldier Cries” “စစ်သားတစ်ယောက် ဝမ်းနည်း ငိုကြွေးရချိန်” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့တယ်။ သူပြောတဲ့ စစ်သား ( Soldier ) ဆိုတာက တပ်မတော်သား အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် အဆင့်အားလုံးကို ဆို လိုတာဖြစ်ပါတယ်။
ဗိုလ်ချုပ် ဆူမန်က စစ်တိုက်တယ်ဆိုတာက ရက်စက်မှု၊ ဖျက်ဆီးမှု နဲ့သေခြင်းတရားတွေကို ရင်ဆိုင်ရတဲ့ အလုပ်ပဲ၊ အန္တရာယ်ကိုရင်ဆိုင်ရဲတဲ့ သတ္တိ ရှိဖို့လိုသလို ကိုယ့်ရန်သူကို သတ်ဖြတ်ရဲ ဖို့လည်းလိုတယ်၊ စစ်သားဆိုတာ ဒီလိုအလုပ်မျိုးကို လုပ်ဆောင်နိုင်ဖို့အတွက် လေ့ကျင့်ပေး ခံ ထားရ တဲ့သူတွေ ဆိုတော့ လူတွေက စစ်သားဆိုတာ သွေးအေးအေးနဲ့ ရက်စက်နိုင်တဲ့သူ၊ ခံစား ချက်မဲ့တဲ့သူ လို့ထင်ကြ တယ်၊ မဟုတ်ဘူး၊ စစ်သားဆိုတာ လည်း လူသားပဲ၊ ဝမ်းနည်းတတ်တယ်၊ ကြေကွဲတတ်တယ်၊ စစ်သားတစ်ယောက် ဝမ်းနည်းပူဆွေး ငိုကြွေးရတဲ့ အကြောင်း အရင်း ငါးချက် ရှိတယ်လို့ ပြောတယ်။ အဲဒီငါးချက်ထဲမှာ တစ်ချက်ကတော့ အိန္ဒိယ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်ကို ပြောထားတဲ့အတွက် အခြားနိုင်ငံများက စစ်သားတွေနဲ့ သက်ဆိုင်မှု မရှိ သလောက်ပဲ။ ကျန်တဲ့လေးချက်ကတော့ ဘယ်နိုင်ငံက ဖြစ်ဖြစ် စစ်သား မှန်သမ ျှ နဲ့သက်ဆိုင် တယ်။
အဲဒီလေးချက်ထဲမှာ ပထမဆုံးအချက်ကတော့ “ အရှုံးနဲ့ ရင်ဆိုင်ရတဲ့အချိန်” ဖြစ်ပါတယ်။ စစ်သားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ တိုက်ပွဲကို နိုင်အောင်တိုက်နိုင်ခြင်းပဲ၊ စစ်သား တိုင်းက တိုက်တိုင်းအောင်ဖြစ်ချင်တယ်။ ဒါ့ကြောင့်တိုက်ပွဲတစ်ပွဲ ရှုံးပြီဆိုတာနဲ့ သိက္ခာကျတယ်၊ သူ့ တာဝန် ကို ကျေပွန်အောင်မထမ်းဆောင်နိုင်ဘူးဆိုပြီး ကြေကွဲမဆုံးဖြစ်ရတယ်။
ဒုတိယအချက်ကတော့“ ရဲဘော်ရဲဘက်တစ်ယောက်ကျဆုံးတဲ့အချိန်” ဖြစ်ပါတယ်။ စစ်သား ဘ၀ ဆိုတာ အသင်းအဖွဲ့နဲ့လုပ်ရတဲ့အလုပ်၊ ရဲဘော်ရဲဘက်စိတ်နဲ့ အပြန်အလှန်ကူညီစောင့်ရှောက် ရတဲ့ အလုပ်ဖြစ်တယ်။ အဲဒီလို ဖြစ်အောင်လည်း လေ့ကျင့်ပေးထားတယ်။ စစ်သားတွေက သေခြင်း တရားနဲ့ အချိန်မရွေးကြုံနိုင်တယ်ဆိုတာ သိထားပေမယ့် ကာလရှည်ကြာ လက်တွဲတိုက်ပွဲ ဝင် လာတဲ့ ရဲဘော်ရဲဘက်တစ်ယောက် ကျဆုံးသွားရင် ကြေကွဲရတာပဲ။ ကိုယ်က အကာအကွယ် မပေး နိုင်လို့ ကျဆုံးသွားရတယ်လို့ ခံစားရရင် ပိုပြီးကြေကွဲရတာပေါ့။
တတိယအချက်ကတော့“ အရည်အချင်းမရှိတဲ့ခေါင်းဆောင်နဲ့ တွေ့ကြုံရတဲ့အချိန်” ဖြစ် ပါတယ်။ တပ်မတော်ဆိုတာ အထက်အောက် ယုံကြည်မှု၊ အပြန်အလှန်သစ္စာရှိမှု နဲ့ တည်ဆောက်ထား တဲ့အဖွဲ့အစည်းဖြစ်တယ်။ လက်အောက်တပ်ဖွဲ့ဝင် စစ်သည်တွေရဲ့ ယုံကြည်အားကိုးမှု ရတယ် ဆိုတာ ခေါင်းဆောင်တစ်ယောက်အတွက် အမြင့်မားဆုံး ဆုလဒ်ပဲ။ ဒီလိုယုံကြည်မှုဆိုတာကလည်း ခေါင်းဆောင်လုပ်သူရဲ့ ဂုဏ်သိက္ခာ၊ ကိုယ်ကျင့်တရားနဲ့ စစ်ဆင်မှုဆိုင်ရာအရည်အချင်း ပြည့်၀ မှု တွေ အပေါ်မှာ မူတည်ပြီး ပေါ်ပေါက်လာတာဖြစ်တယ်။ စစ်ခေါင်းဆောင်တစ်ယောက်ဟာ အကျင့် ပျက်၊ လာဘ်စား၊ လောဘကြီးတဲ့အပြင် စစ်ကိုလည်းနိုင်အောင်မတိုက်နိုင်ဘူးဆိုရင် စစ်သားတွေက ခေါင်းဆောင်အပေါ်မှာ ယုံကြည်မှုမရှိတော့ရုံသာမကဘူး၊ သူ့ရဲ့ စစ်မှုထမ်းဘဝကိုပါ သံသယဝင်ပြီး စိတ်ပျက် ဝမ်းနည်းသွားတတ်တယ်။
စတုတ္ထအချက်ကတော့ “ လူထုထောက်ခံမှုမရတဲ့အချိန်” ဖြစ်ပါတယ်။ စစ်သားဆိုတာ နိုင်ငံတော် အတွက် အသက်နဲ့ ခန္တာကိုယ် ကို စွန့်လွှတ်ပါ့မယ်လို့ သစ္စာဆိုထားသူတွေဖြစ်တယ်။ တစ်ဖက် မှာ လည်းသူတို့ဟာလူသားတွေ ဖြစ်တဲ့အပြင်လူထုထဲက ပေါက်ဖွားလာသူတွေ ဖြစ်တဲ့အတွက် သူတို့ လုပ်ဆောင်ချက်ကို လူထုက အသိအမှတ်ပြု တာ ခံချင်တယ်။ ဒီလိုအသိအမှတ်ပြုမှု၊ ထောက်ခံမှု ဟာ ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေ၊ ငွေကြေးတွေ ထက် တန်ဖိုးကြီးတယ်။ ဒီလို အသိအမှတ်ပြုမှုကြောင့် ပဲ အသက်ပင်သေသေ ဆိုတဲ့ စိတ်နဲ့ နိုင်ငံ အတွက် တိုက်ပွဲဝင်ကြတယ်။ ဒါပေမယ့် အကြောင်း ကြောင်းကြောင့် လူထုက စစ်သားတွေကို မနှစ် သက် တော့ဘူး၊ သူတို့လုပ်ရပ်တွေကို မထောက်ခံ တော့ဘူး၊သူ့ကိုယ်သူစစ်သားအဖြစ် လက်မထောင်ဂုဏ်မယူနိုင်တော့ဘူးဆိုရင် ဝမ်းနည်း ကြေကွဲ တာပဲ။
ကျွန်တော့်တစ်ဦးတည်းအမြင်ကတော့ ဗိုလ်ချုပ်ဆူမန် ပြောတဲ့အချက်လေးချက်မှာ နောက်ဆုံး နှစ် ချက်က အရေးကြီးဆုံးလို့ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ တိုက်ပွဲတစ်ပွဲရှုံးရင် နောက်တိုက်ပွဲ တစ်ပွဲ မှာ နိုင်အောင်ပြန်တိုက်လို့ရတယ်။ ကမ္ဘာ့စစ်သမိုင်းမှာ ရှုံးရာကနေ ပြန်အနိုင်ယူ အောင်ပွဲ ခံ ခဲ့တဲ့ သာဓက အများကြီးရှိတယ်။
ဒီလိုပါပဲ၊ ရဲဘော်ရဲဘက်တစ်ဦး ကျဆုံးသွားလို့ ခံစားရတဲ့ဝမ်းနည်းမှုဟာ အချိန်ကာလရဲ့ ကုစားမှု၊ သက်ဆိုင်ရာဘာသာတရားရဲ့ ဆိုဆုံးမမှုတွေကြောင့် တဖြေးဖြေးချင်းလျော့ကျသွားနိုင်တယ်၊ ဖြေ သာနိုင်တယ်။ ဒါမှမဟုတ် နောက်တစ်ပွဲကို အနိုင်တိုက်ပြီး သူငယ်ချင်းအတွက် လက်စားချေခဲ့ပြီလို့ တွေးနိုင်တယ်။
အရည်အချင်းမရှိတဲ့ခေါင်းဆောင်နဲ့ ကြုံရတာကတော့ ရေတိုကိစ္စမဟုတ်တော့ဘူး။ ညံ့ဖျင်းတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ မှားယွင်းတဲ့မူဝါဒတွေ အကျိုးသက်ရောက်မှုက လေးငါးဆယ်နှစ် ဖြစ် နိုင်သလို မျိုးဆက်တစ်ခုလောက်အထိလည်း ဖြစ်သွားနိုင်တယ်။ ပြန်ကုစားနိုင်ဖို့အတွက် အချိန် ယူ ရမယ်။ ငွေကုန်လူပန်းဖြစ်မယ်။
လူထု ထောက်ခံမှု မရတဲ့ ကိစ္စကတော့ အဆိုးဆုံးပေါ့။ စစ်သားတစ်ဦးချင်းအနေနဲ့နေ့တိုင်း၊ နေ့တိုင်း၊ အချိန်တိုင်း၊ အချိန်တိုင်း ခံစားနေရတဲ့ကိစ္စ၊ စစ်သားတစ်ဦးချင်းသာမဟုတ် တပ်မတော် ဆိုတဲ့ အဖွဲ့အစည်းတစ်ခုလုံးရဲ့ ရပ်တည်မှုကိုပါ ထိခိုက်စေတဲ့ကိစ္စဖြစ်တယ်။ ဗီယက်နမ် စစ်ပွဲကာလ အမေရိကန်နိုင်ငံအတွင်း စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြင်းထန်နေတဲ့အချိန်မှာ အမေရိကန် စစ် သားတွေဟာ လူထုထဲကို စစ်ဝတ်စုံဝတ်ပြီးသွားလာဖို့အတွက် အလွန်ဝန်လေးခဲ့ကြတယ်။ လူတွေ မကြိုက်တဲ့အလုပ်ကို လုပ်နေရတယ်ဆိုတော့ အမေရိကန်စစ်သားတွေကလည်း သူတို့ အလုပ်ကို တန်ဖိုးမထားတော့ပဲ အရည်အချင်းကျဆင်း၊ စည်းကမ်းမဲ့ ဖြစ်လာခဲ့တယ်။
အဲဒီ အခြေအနေကို ကုစားနိုင်ဖို့အတွက် အမေရိကန်တပ်မတော်ဟာ ဆယ့်ငါးနှစ်လောက် အချိန် ယူခဲ့ ရတယ်။ ဒါတောင်မှ အမေရိကန်တပ်မတော်က ဒီမိုကရေစီနိုင်ငံရေးစနစ်ထဲမှာ ကာကွယ်ရေး တာဝန်သက်သက်ကိုပဲ ထမ်းဆောင်နေတဲ့ အဖွဲ့အစည်းအဖြစ်ရပ်တည်နေတဲ့အတွက် လူထု ထောက်ခံမှုနဲ့ တပ်မတော်အရည်အချင်းကို ပြန်တည်ဆောက်ဖို့လွယ်ကူခဲ့ တာပါ။
နောက်ပြီး ဗိုလ်ချုပ်ဆူမန်ပြောတဲ့အချက်လေးချက်မှာ အရှုံးနဲ့ သေခြင်းတရားဆိုတာ စစ်သားတိုင်း တစ်နေ့မဟုတ် တစ်နေ့ ကြုံရမယ်လို့ခံယူထားပြီးသားဖြစ်တဲ့အတွက် ကြုံလာခဲ့ရင်လည်း ရင်ဆိုင် နိုင်စွမ်းရှိပါတယ်။ အရည်အချင်းမရှိတဲ့ခေါင်းဆောင်နဲ့ လူထုထောက်ခံမှု မရခြင်း ဆိုတဲ့ အချက်တွေ ကတော့ ဘယ်စစ်သားမှ မေ ျှာ်လင့်မထားဘူး၊ ကြုံလည်း မကြုံချင်ဘူး။ ဒါပေမဲ့ မလွှဲမရှောင်သာ ကြုံ လာခဲ့ရင်လည်း ဒီအခြေအနေကို ပြန်လည်ကုစားဖို့ဆိုတာ စစ်သားတွေပဲ စွမ်းဆောင်နိုင်တာပါ။
