ငယ်ငယ်က အားရင် အဘိုးရဲ့ စာအုပ်စင်ကို မွှေတယ်။ အဘိုးစာအုပ်စင်က စာအုပ်တွေထဲမှာ အကြိုက် တွေ့တာက မှော်ဘီဆရာသိန်း( ၁၈၆၂ -၁၉ ၄၂) ရဲ့ စာအုပ်တွေ၊ ဆရာကြီးက မြန်မာ ဘုရင်တွေခေတ်က အဖြစ် အပျက်တွေအကြောင်းရေးလေ့ရှိသလို သူရှာဖွေမှတ်သားထားတဲ့ ထွေထွေရာရာ မှတ်စရာတွေ ကိုလည်း “ အရူးလွယ်အိတ်စာတမ်း” ဆိုပြီး ရေးခဲ့တယ်။
ငယ်ငယ်ကဖတ်ခဲ့ပြီးအခုအချိန်ထိ အကြိမ်ကြိမ်ပြန်ဖတ်ဖြစ်တဲ့ဆရာကြီးရဲ့ စာအုပ်ကတော့ “ ရှေးဖြစ် စာတမ်း” ဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ အဲဒီစာအုပ်မှာ ဆရာကြီးမှတ်သားထားတဲ့ သမိုင်းမှတ်တမ်းတွေ၊ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာတွေ ပါသလို ဇာတ်ပြက်လုံးတွေ အကြောင်း လည်းပါ တယ်။ အဲဒီအထဲက “ ဆရာထုံးကြီး ဇာတ်ပြက်လုံး“ ဆိုတဲ့ ပြက်လုံးတစ်ခုက ဒီလို-
လူပြက် ဦးထုံးက ဘုရင်လုပ်ပြီး ကျန်တဲ့ လူပြက်တွေက မှူးကြီးမတ်ကြီးလုပ်ရတယ်။ အဲဒီမှာ ဘုရင်က သူ့မှူးမတ်တွေကို ဟေ့ မင်းကြီးများလို့ ခေါ်ရင်လည်း မင်းတို့ ဘုရားထူးမှာပဲ၊ တိုင်းပြည် အကြောင်းမေးရင် တိုင်းပြည်က ဆင်းရဲဒုက္ခ ရောက်နေပေမယ့် မင်းတို့က တိုင်းပြည် အေးချမ်း သာယာဝပြောကြောင်း လေ ျှာက်တင်မှာပဲ၊ ဆင် တွေ မြင်း တွေ ငတ်နေလည်း ဆင်ဝန်၊ မြင်းဝန်က ဆင်တော်၊မြင်းတော်များကျန်းကျန်းမာမာ ၀၀ဖြိုးဖြိုး ရှိနေကြောင်းတင်မှာပဲ၊ လှေတော် ဖောင် တော် တွေ ဘယ်လိုပျက်ပျက်ဖောင်ဝန်က ကောင်းမွန် စွာရှိကြောင်းတင်မှာပဲ စသည်ဖြင့် ပြော သတဲ့။
အဲဒီလို ပြောပြီးတော့ မင်းတို့ ဘာပြောမယ်ဆိုတာ သိလို့ အဲဒါတွေမမေးဘူး၊ ငါသိချင်တဲ့ အကြောင်းပဲမေးမယ် ၊ အမှန်အတိုင်းတင်ကြလို့ မိန့်ကြားပြီး ငါ့အဖေလက်ထက်နဲ့ ငါ့လက်ထက် စပါးဈေးဘယ်လိုပေါက်နေလဲ အမှန်အတိုင်းသံတော်ဦးတင်စေ လို့ ဆိုသတဲ့။
ဒီတော့ မှူးမတ်တွေကလည်း အရှင့်ခမည်းတော်လက်ထက်က စပါးဈေး ၁၀၀ လ ျှင် ၅၀၊ ၆၀ ပါ။ အရှင့်လက်ထက် စပါးဈေးမှာ ၁၀၀ လ ျှင် ၁၅၀၊ ၂၀၀ ဖြစ်ကြောင်းပါလို့ အမှန်အတိုင်းလေ ျှာက်တင် လိုက်တယ်။ အဲဒီမှာ ဘုရင်လုပ်တဲ့သူက ဘာကြောင့် ဒီလောက်ခြားနားရသလဲ တင်စမ်းလို့ အမိန့် ပေးလိုက်တယ်။
အဲဒီလို မေးတော့ မှူးမတ်တွေကလည်း ခမည်းတော်လက်ထက်မှာ စပါးတွေ မပျက်မစီးတဲ့အတွက် ဈေးချိုတယ်၊ အရှင်မင်းတရားလက်ထက်မှာ ရေကြီးမိုးခေါင်၊ ပိုးကိုက် ကြွက်ကိုက်လို့ စပါးတွေ ပျက်စီးပြီး စပါးဈေးတက်တယ်။ ဆင်းရဲသားတွေ ဝယ်မစားနိုင်လို့ ငတ်တော့မယ်လို့ လေ ျှာက် တင် တယ်။
ဒီလိုလေ ျှာက်တင်တာ ကြားတဲ့အခါ ဘုရင်လုပ်တဲ့ လူပြက် ဦးထုံးက မင်းကြီးတို့တင်ပြတာ ကြားရ တော့ ဘဝင်မှာငွေ့ သဘောတော်တွေ့ပြီး အေးမြလိုက်ပါဘိတော့ ဝန်မင်းတို့ လို့ ဆိုလိုက်တယ်။
ဒီနေရာရောက်တော့ မြို့ဝန်လုပ်တဲ့ လူပြက်က ဘုရင်ကို “ ဆင်းရဲသားတွေ ကျပ်တည်းနေရတာကို ဝမ်းသာပြီးအေးမြနေရသလား လို့ အပြစ် တင်ရင်း ဝါးလက်ခုပ်နဲ့ ရိုက်ဟန်ပြုတယ်။
အဲဒီအခါမှာ ဘုရင်လုပ်တဲ့ လူပြက် ဦးထုံးက “ ဝန်မင်းရဲ့ ဒေါသမကြီးပါနဲ့၊ ငါရှင်ဘုရင်ကိုလည်း ကြည့်ဦး၊ မင်းကျင့်တရားရှစ်ပါး၊ ဆယ်ပါး တစ်ပါးမှ မရှိ၊ အပရိဟာနိယတရား ခုနစ်ပါး၊သင်္ဂဟတရား လေးပါး၊ ဗြဟ္မစိုရ်တရား လေးပါး၊ နာယကဂုဏ်ခြောက်ပါး ဆိုတာ ဝေလာဝေး၊ ဒါတောင် တိုင်းပြည် မပျက်သေးဘဲ စပါးဈေးလောက်တက်တာ တော်သေးတာပေါ့ လို့ ဟန့်သတဲ့။
ဦးထုံးကြီး ပြက်လုံးက ဆရာကြီး ဦးဘဂျမ်း ကာတွန်းတွေလိုပဲ။