ကျားမြူးတောင်

နေပြည်တော်ကနေရန်ကုန်ကိုသွားတိုင်းလမ်း ညာဘက်မှာ “ကျားမြူးတောင် ပီယသိဒ္ဓိစေတီတော်” ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကို တွေ့နေခဲ့တာ ကြာပါပြီ။ ထူးဆန်းတဲ့ နာမည်ကြောင့် ဒီတောင်ပေါ်ကို တက်ကြည့်မယ်လို့ စိတ်ကူးပေမယ့် အကောင်အထည်မဖော်ဖြစ်ဘူး။ ဒါ့ကြောင့် ဒီတစ်ခေါက် နေပြည်တော် – ရန်ကုန်ခရီးစဉ်မှာ ဝင် ဖြစ်အောင်ဝင်ခဲ့တယ်။

ကျားမြူးတောင်ရှိတဲ့နေရာက အမြန်လမ်း မိုင်တိုင် ၁၂၂ / ၅ မှာဖြစ်ပါတယ်။ နေပြည်တော်ဘက်က လာရင်ညာဘက်အခြမ်းမှာရှိပါတယ်။ ကားလမ်းပေါ်က လှမ်းကြည့်ရင် မုခ်ဦးနဲ့ စောင်းတန်းအမိုးကို လှမ်းမြင်ရတယ်၊သစ်တောဖုံးနေတဲ့အတွက်စေတီကိုမမြင်ရဘူး။တောင်ပေါ်မှာ ဘယ်လို အဆောက် အအုံတွေရှိတယ်ဆိုတာလည်း မသိနိုင်ဘူး။

အဝင်လမ်းက ကားတစ်စီးစာ ကွန်ကရစ်လမ်းဖြစ်ပါတယ်။ တောင်ခြေနားရောက်တော့ နောက် ထပ် မုခ်ဦးတစ်ခုတွေ့တယ်။ မုခ်ဦးအကျော်မှာ တောင်ပေါ်တက်တဲ့စောင်းတန်းရှိတယ်။ တောင်ခြေမှာ ကားရပ်ထားပြီး တောင်ပေါ်ကို စောင်းတန်းအတိုင်းတက်ရမယ်လို့ထင်ထား ပေမယ့် မဟုတ်ဘူး။ စောင်းတန်းဘယ်ဘက်မှာ တောင်ပေါ်တက်တဲ့ ကွန်ကရစ်ကားလမ်းတစ်ခု တွေ့တယ်။ လမ်းက တော့ ကားတစ်စီးစာပဲရှိတယ်။ ကားလမ်းနဲ့ စောင်းတန်းကြားမှာ ထရန်စဖော် မာတစ်ခုတွေ့တယ်။ ကားလမ်းနဲ့ထရန်ဖော်မာကို မြင်လိုက်တော့ ဒီတောင်ပေါ်မှာ သာသနိက အဆောက်အအုံတွေ အတော်များမယ်ဆိုတာ သဘောပေါက်သွားတယ်။

ကျားမြူးတောင်က မမြင့်ပါဘူး။ တောင်တက်လမ်းကလည်း ပြေပါတယ်။ တောင်ပေါ်ရောက်တော့ လျောင်းတော်မူ ဘုရားတစ်ဆူ၊ နှစ်ထပ်ကျောင်းဆောင် သုံးဆောင်တွေ့တယ်။ နှစ်ထပ် ကျောင်း တစ်ဆောင်ကတော့ မြေပြန့်မှာ ဆောက်ထားတာ၊ နောက်နှစ်ဆောင်ကတော့ တောင်ကမ်းပါးမှာ မေးတင်ဆောက်ထားတော့ ရှေ့က ကြည့်ရင် တစ်ထပ်ဆောင်၊ နောက်ဘက်ကကြည့်ရင် နှစ်ထပ်။ အဲဒီကျောင်းဆောင်သုံးဆောင်အနက် အသေးဆုံးတစ်ဆောင်မှာ ကျားမြူးတောင်ဆရာတော် သီတင်း သုံးတယ်။ ကျန်တဲ့ ကျောင်းဆောင်နှစ်ဆောင်က တရားစခန်းဖွင့်တဲ့အချိန် ယောဂီတွေ နေဖို့ ဆောက်ထားတာ။

ဆရာတော်ကျောင်းရဲ့ ရှေ့ဘက်မှာ ဆွမ်းစားဆောင်နဲ့ ဆွမ်းချက်ရုံရှိတယ်။ ဆွမ်းစားဆောင် ကျော် လိုက်ရင် တောင်စွယ်လေးရဲ့ထိပ်မှာ ကျားမြူးတောင်စေတီရှိတယ်။ တောင်ခြေမှာတွေ့ခဲ့တဲ့ စောင်း တန်းအတိုင်းတက်ရင် စေတီကို ဦးတိုက်ရောက်တယ်။

ဒီစေတီက လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်က အရင်ရှိနေတဲ့ ဘုရားငုတ်တိုကို ငုံပြီး ပြန်တည် ထားတာ၊ ပြန်လည်ပြုပြင်တဲ့အချိန်မှာ မူလစေတီကို ဘယ်အချိန်ကတည်ခဲ့တယ်ဆိုတဲ့ အထောက် အထားမတွေ့ဘူး။ ဘုရားအုတ်တွေကတော့ ရှေးအုတ်တွေ လို့ ပြောတယ်။ ဒါပေမဲ့ ဒီစေတီက တပင်ရွှေထီး တောင်ငူကနေ ဟံသာဝတီကို ချီတဲ့အချိန် ရှေ့ပြေးတပ် တွေ က နောက်က လိုက်လာ မယ့် တပ်တွေအတွက် လမ်းညွှန်အမှတ်အသားအဖြစ် တည်ခဲ့ တာ ၊ ပဲခူး ရိုးမတောင်စွယ်တွေမှာ ဒီလို စေတီဟောင်းတွေရှိတယ်လို့ ရှေးအစဉ်အဆက် ပြောခဲ့တယ်လို့ လည်း ဆိုတယ်။

လွန်ခဲ့တဲ့နှစ်ခုနစ်ဆယ်၊ ရှစ်ဆယ်၊ အမြန်လမ်းမကြီး လည်း မရှိသေး၊ ပဲခူးရိုးမပေါ်မှာ ဗကပ တွေရှိတဲ့ အတွက် သစ်ထုတ်၊ သစ်ခိုးတွေလည်း မလုပ်ရဲ တဲ့ အချိန်ဆိုတော့ ဒီနေရာတဝိုက်မှာ သစ်ကြီး ဝါးကြီး တွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်။ အဲဒီအချိန်က လသာညတွေဆိုရင် ဘုရားကုန်းဘက်ကနေ ကျား ဟိန်းသံတွေကြားရတယ်။ ဒေသခံတွေ သစ်ခုတ်၊ ဝါးခုတ်နဲ့ ဘုရားကုန်းဘက်ရောက်တဲ့အခါ ကုန်း တော်ပေါ်မှာ ကျားခြေရာတွေ တွေ့တယ်။ ဒါ့ကြောင့် ဒီတောင်ကုန်းဟာ ကျားတွေ ပျော်ပါးမြူးတူး တဲ့နေရာဆိုပြီး ကျားမြူးတောင်လို့ ခေါ်ခဲ့ကြတယ်။ တစ်ချိန်ကပေါ့။ အခုတော့ ကျားခြေရာ ဝေး လို့ တောကြောင် ခြေရာတောင် မမြင်ရတော့ဘူးတဲ့။

ကျားမြူးတောင်ဆရာတော်ရဲ့ ဘွဲ့က ဦး ဇနိန္ဒပါ။ ဆရာတော်ဒီတောင်ပေါ်ကို ရောက်တာ ၁၇ နှစ် ကျော်ပြီ၊အဲဒီအချိန်က အမြန်လမ်းမကြီး မရှိသေးဘူး။ ဆရာတော်က ပျဉ်းမနားဇာတိ ၊ ဒါပေမဲ့ စာသင်တော့ တောင်ငူမှာ သင်တယ်။ မြို့နယ် သံဃနာယကအဖွဲ့ရဲ့ တာဝန်ပေးချက်အရ ကျားမြူး တောင်မှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ စေတီကို စောင့်ရှောက်ဖို့ တစ်ပါးတည်းကြွလာခဲ့ရတာ။ ဆရာတော်ရောက်တော့ တောင်ပေါ်မှာ စေတီ တစ်ဆူ ရယ်၊ အမိုးအကာမဲ့နေတဲ့ လျောင်းတော်မူ ဘုရားရယ်၊ သစ်သားကျောင်းဟောင်းလေး နဲ့ အုတ်နံ ကပ် ဓမ္မာရုံပဲရှိတယ်။ တောင်ပေါ်မှာ ကိုယ့် အစီအစဉ်နဲ့ ကိုယ်တစ်ပါးကျောင်းလေးတွေ ဆောက် ပြီး သီတင်းသုံးနေတဲ့ တောထွက် ကိုယ်တော် ရှစ်ပါး၊ ကိုးပါးလောက်ရှိတယ်။ အမူ အကျင့် ကလည်း အမျိုးမျိုးပေါ့။

ဆရာတော်က တောင်ပေါ်မှာ ရှိတဲ့ သံဃာအားလုံး စုစည်းပြီး ဝိနည်းနဲ့ အညီ နေထိုင် သီတင်း သုံးနိုင်ဖို့ ဆောင်ရွက်ခဲ့တယ်။ တစ်ချို့လည်းနေနိုင်၊ တစ်ချို့လည်း မနေနိုင်တော့ ပြောင်းသွားကြ တယ်။ ဆရာတော်ရောက်စ နှစ်နှစ်လောက်ကတော့ ဆွမ်းကွမ်းကိစ္စက အတော်ခက်ခဲဆင်းရဲခဲ့ တယ်။နောက်ပိုင်းမှာတော့အမြန်လမ်းပေါ်ပေါက်လာတဲ့အတွက် သွားလာရလွယ်ကူပြီး အလှူရှင် တွေ လည်းပေါ်လာတယ်။ အနားမှာ ရှိတဲ့ ညောင်ခြေထောက်မြို့ခံတွေကလည်း ဝေယျာဝစ္စ ကူညီ ဆောင်ရွက်ပေးကြတယ်။ ဒီလိုနဲ့ ၁၇ နှစ်ကြာတဲ့အချိန်မှာ အခုအခြေအနေကို ရောက်လာတာ ပါပဲ။ တောင်ပေါ်ကို မီးရောက်၊လမ်းပေါက်တာတော့ နှစ်နှစ်ကျော်ပဲရှိသေးတယ်တဲ့။ ကုန်းတော်ပေါ် မှာ တွေ့ခဲ့ရတဲ့ အလှူရှင်စာရင်း တွေ မှာတော့ ပျဉ်းမနားနဲ့ ညောင်ခြေထောက်က အလှူရှင်တွေများ တယ်။

ကျားမြူးတောင်ပေါ် နဲ့ တောင်ပတ်ဝန်းကျင်ကတော့ သစ်ရိပ်ဝါးရိပ်နဲ့ အတော်အေးချမ်းတယ်။ ဒီ တောင်ပေါ်မှာ ဟိုးအရင်ထဲက တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေတည်ဆောက်ခဲ့တဲ့ တစ်ပါးထိုင် အုတ် လှိုဏ်ဂူတွေရှိပြီး လက်ရှိလျောင်းတော်မူဘုရားနားမှာ တစ်ခုတွေ့ခဲ့ရတယ်။ ဘုရားကုန်း ပတ်ဝန်း ကျင် လျိုတွေထဲမှာလည်း ဒီလို ဂူတွေ ရှိတယ်လို့ သိရတယ်။

အခုလည်း ဆရာတော်က တစ်နှစ်မှာ သင်္ကြန်တွင်းတစ်ကြိမ်နဲ့ ဝါခေါင်လတစ်ကြိမ် ခုနှစ်ရက် မိုးကုတ်ဝိပဿနာတရားစခန်းဖွင့်တယ်။ ကြားကာလတွေမှာ ပဉ္စင်းခံတဲ့သူတွေလည်း ရှိတယ်။ ကျွန်တော်ရောက်တော့ အခြားဒေသက ပဉ္စင်းလာ ခံတဲ့ ကိုယ်တော်လေးငါးပါး ရှိနေတယ်။

ရန်ကုန် ဘက်က လာရင်တော့ တောင်တော်အဝင်လမ်းအကျော် ရွှေနန်းတော် ချစ်တီးဆိုင်နဲ့ တည့်တည့်လောက်မှာ လမ်းဖြတ်ရှိတယ်။ အဲဒီနေရာကနေ ဖြတ်ပြီး ကျားမြူးတောင်ကို သွားလို့ ရပါတယ်။

One thought on “ကျားမြူးတောင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: