ဘားအံကို သွားမယ်လို့ ပြောတော့ ကြားတဲ့သူတိုင်းကစိတ်ချရလို့လားလို့ မေးတယ်။ ဒါနဲ့ အခု အချိန်မှာ ရာနှုန်းပြည့်စိတ်ချရမှ သွားမယ်ဆိုရင် ရန်ကုန်မြို့ထဲတောင် သွားလို့ မရဘူး ၊ ၇၀% တော့ စိတ်ချရပါတယ်။ကျန်တာကတော့မတတ်နိုင်ဘူးလို့ပြောရင်း ပျားအုံကို ခဲနဲ့ပစ်ပြီး ခြင်ထောင်ထဲ ဝင်ပုန်း နေတဲ့ဖိုးရှုပ်နဲ့ မဆီမဆိုင် ပျားတုတ်ခံရတဲ့သူတွေအကြောင်း ပုံပြင်ကို ပြန်ပြောပြရတယ်။
ဒီလိုနဲ့ ခရီးသွားဖို့ စီစဉ် တယ်။ တစ်ည သုံးသောင်း နဲ့ လေးသောင်းကြား ပေးရပြီး မြို့ထဲနဲ့ နီးတဲ့ ဟိုတယ်ရှာတယ်။ သင့်တော်မယ်ထင်တဲ့ ဟိုတယ်တွေ့တဲ့အခါ အရေးကြီးဆုံး ကိစ္စဖြစ်တဲ့ ညဘက် မီးပျက်ရင် မီးစက်နှိုးမနှိုးမေးရပြန်တယ်။ ကားလက်မှတ်ဝယ်ဖို့ အတွက် နာမည်ကြီး ကားလိုင်းတွေ က ဘားအံခရီးစဉ် မဆွဲတော့ အဆင်ပြေမယ့် ကားလိုင်း ကို ရှာရတယ်။ ကားလက်မှတ်ဝယ်တဲ့ အခါ MMBus Ticket ဆိုတဲ့ အပလီကေးရှင်းလေးက အတော်ကောင်းတယ်။ မြို့ပေါင်းစုံ၊ ခရီးစဉ် ပေါင်း စုံရဲ့လက်မှတ်ဝယ်လို့ရတယ်။ KBZ Pay, CB Pay, AYA Pay ,One Pay , MAB Payment , Citizens Pay, M ပိုက်ဆံ, Uab Pay တို့လို အွန်လိုင်း ငွေ ပေးစနစ်တွေနဲ့လည်း ပေး လို့ရတယ်။ Wave Money လည်းရတယ်။ မိုဘိုင်း ဘဏ်အပလီကေးရှင်းနဲ့လည်း ချေလို့ရ တယ်။ ကျွန်တော် က မြဝတီသွားမယ့် 2 Plus 1 ကားမှာ ဘားအံအထိ လက်မှတ်ဖြတ်စီးတယ်။ တစ်ယောက်ကို တစ် သောင်းရှစ်ထောင်ပေးရတယ်။
ကျွန်တော်တို့ စီးမယ့်ကားက မနက် ၈ နာရီ အောင်မင်္ဂလာကားဂိတ်က ထွက်မယ်။ ဒီတော့ အိမ် ကနေ ၆ နာရီထွက်ပြီး လမ်းမှာ မိတ်ဆွေကို ဝင်ခေါ်တယ်။ သွားတာကတော့ ထုံးစံအတိုင်း Kilo Taxi Service နဲ့ သွားတယ်။ Kilo Taxi က တစ်ည ကြိုပြီး အော်ဒါတင်ထားလို့ရတယ်။ အော်ဒါ တင်ခ ၅၀၀ ကျပ်ပေးရတယ်။ လာကြိုမယ့် ကားဆရာကို ဖုန်းဆက်ပြီး နှိုးပေးပါလို့ မေတ္တာရပ်ခံလို့ လည်း ရတယ်။
ကျွန်တော်တို့ သွားမယ့် ကားဂိတ်ရှိတဲ့လမ်းထဲ ချိုးဝင်လိုက်တာနဲ့ ရွှေကြိုတွေက ကားနားကို ကပ် ပြီး လက်မှတ်ဝယ်မှာလား၊ ဘယ်သွားမှာလဲ မေးတာနဲ့ လက်မှတ်ဝယ်ထား ပြီးသားဆိုပြီး ခါထုတ် တယ်။ ဘယ်ခရီး၊ဘယ်ကားစီးမလဲဆိုတာဆုံးဖြတ် ပြီးမှတော့ ရွှေကြိုတွေစကားနားထောင် ဖို့မလို တော့ ဘူးလေ၊ မကောင်းလည်းကိုယ်၊ ကောင်းလည်းကိုယ်ပဲ။
ကားဂိတ်ရှေ့ရောက်တော့ ပစ္စည်းချ၊ ကားကြီးတွေ၊ ကုန်ပစ္စည်းတွေ ကြားက ဆီကွက်တွေ၊ ကွမ်းတံထွေးကွက်တွေ၊ ပလတ်စတစ်အမှိုက်စတွေနဲ့ ညစ်ထေးပေလူး နေတဲ့ အင်္ဂတေ ကြမ်းခင်း တွေကို နင်းဖြတ်ရင်း လက်မှတ်ရုံကို သွားရတယ်။ အွန်လိုင်းက ပို့ထားတဲ့ လက်ခံနဲ့ မှတ်ပုံတင် ပြလိုက်တော့ စာရေးမလေးက ကွန်ပျူတာကို ချောက်ချက် ချောက်ချက် နှိပ်လိုက်ပြီး စက်ထဲ က ထွက်လာတဲ့ လက်မှတ်ဖြတ်ပိုင်းလေးကို ပေးတယ်။ ပုဂ္ဂလိက ကားလိုင်း တွေက လက်မှတ်ဝယ်ရ တိုင်း ဘာ့ကြောင့်မှန်းမသိ၊ မြန်မာ့မီးရထားကိုပဲ သတိရမိတယ်။
ပြီးတော့ ထုံးစံအတိုင်း ကားဂိတ်အခန်းကျဉ်းကျဉ်းလေးထဲက ထိုင်ခုံလေးမှာထိုင်စောင့်တယ်။ အထဲ မှာ နေရာ မရတဲ့သူတွေအတွက် ကားကြီးနှစ်စင်းကြားမှာ ပလစ်စတစ်ထိုင်ခုံတွေချပေးထားတယ်။ ၇ နာရီခွဲတော့ မြဝတီကားပေါ်ခရီးသည်တွေတက်လို့ရပြီလို့ခေါ်တယ်။ ကားက ရှစ်နာရီ ထွက် မယ်လို့ ကြေညာထားပေမယ့် ဟိုဟာတင်၊ ဟိုလူစောင့်နဲ့ ရှစ်နာရီ ဆယ်မိနစ်မှ ထွက်နိုင်တယ်။ မတတ်နိုင်ဘူး။ ဒါ လောက်နောက်ကျတာ တော်သေးတာပေါ့ လို့ ဖြေရတာပဲ။
ကျွန်တော်စီးတဲ့ကားလိုင်းက လိုင်းဆွဲတဲ့မြို့တွေအတော်များပေမယ့် ဝန်ဆောင်မှုနဲ့ပတ်သက်ရင် ထိပ်ပိုင်းရောက်တဲ့ကားလိုင်းတွေထဲမှာမပါဘူး။ ကားအတွင်းပိုင်းအခြေအနေကလည်း သန့်ရှင်းမှု ၊ ပြုပြင်ထိန်းသိမ်းမှု အားနည်းတဲ့ပုံစံပဲ။ ယာဉ်မောင်းနဲ့ ယာဉ်ပေါ်လိုက်အကူအမျိုးသား ကတော့ တူညီဝတ်စုံတွေဝတ်ထားပါတယ်။ ဒါပေမယ့် ကားထွက်ချိန်မှာ နှုတ်ခွန်းဆက်စကား၊လိုက်နာ ရမယ့် အချက်စတာတွေပြောမနေဘူး။ ကားထွက်တာနဲ့ ရေသန့်ဘူးဝေတယ်။ စစ်ဆေးရေးဂိတ် တွေ နားရောက်ရင် ဖုန်းပိတ်ထားဖို့ သတိပေးမယ်၊ ဆင်းလေ ျှာက်ဖို့လိုရင် ပြောမယ်။ ဒါပဲ။
ကားပေါ်မှာ ကျွန်တော်ထိုင်တဲ့ခုံနဲ့ နောက်ဘက်ဓားလွယ်ခုတ် နှစ်ခုံတွဲမှာ ဇနီးမောင်နှံ စုံတွဲတစ်တွဲ ပါတယ်။ ငါးဆယ်ကျော်လောက်ရှိမယ်ထင်တယ်။ အမျိုးသားက ပိန်ပိန်ပါးပါး ၊ နဖူးပြောင်ပြောင်၊ မျက်မှန်နဲ့၊ လက်ထဲမှာ ကွမ်းရွက်၊ ထုံးဘူးနဲ့ ကွမ်းသီး၊ဖာလာ စတာတွေထည့်ထား တဲ့ အိတ် တစ်လုံးကိုင်ထားတယ်။ အမျိုးသမီးကလည်း မျက်မှန်နဲ့၊ ကိုယ်လုံးဖိုင့်ဖိုင့်၊ မျက်နှာမှာ သနပ်ခါး ဖွေးနေအောင် လိမ်းထားတယ်။ ကားစထွက်တာနဲ့ အမျိုးသားက ကွမ်းယာပြီး ဝါးတယ်။ ရေသန့် ဘူးလေးထဲကို ကွမ်းတံထွေးထွေးတယ်။ စကားမပြောဘူး၊ အေးအေးပဲ။
အဲ အမျိုးသမီးကတော့ ကားထွက်တာနဲ့ ဖုန်းဆက်တော့တာပဲ။ နားထောင်ရတာတော့ သား ၊ သမီးတွေဆီ လှည့်ပတ်ဆက်နေပုံရတယ်။ “ဟဲ့ ခုနကဆက်တာ ဘာလို့မကိုင်တာလဲ” လို့ ဟောက် တယ်။ “ မီတာခဆောင်ဦးနော်” ဆိုပြီး သတိပေးတယ်။ “ ကြက်သွန်နီတွေ ခွဲပေးလိုက် တော့၊ အိမ် အတွက် တစ်ပိဿာချန်ထား” လို့ ညွှန်ကြားချက် ထုတ်တယ်။ “ မြဝတီ အခြေအနေ ကောင်း လား” “ လာကြိုနော်၊ဖုန်းခေါ်မရရင် ဘယ်လိုလုပ်ရမလဲ” “ငါကတော့ ကားဝင်းထဲမှာ ပဲထိုင် နေမှာ” စသည်ဖြင့် စစ်ဆေးမေးမြန်းတယ်။
ဒီအမကြီးလည်း “လိုအပ်သည်များ ညွှန်ကြား”ဆိုတဲ့ အမျိုး အစားပဲ။ အမှန်ကတော့ ကလေးတွေက လုပ်ထားပြီးသားဖြစ်မှာပါ။ သူကိုယ်က အဲဒီလိုပြောလိုက်ရမှ နေသာထိုင်သာ ရှိပုံပဲ။ ကျွန်တော် လှည့်ကြည့်ပြီးနားထောင်နေမှန်းသိတော့ အမျိုးသား က ပြုံးပြတယ်။ သူ့အပြုံးက “ ကျွန်တော် နား ထောင်လာရတာနှစ်သုံးဆယ်ရှိပြီ”ဆိုတဲ့အပြုံး။အဲဒီအမကြီးစကားကောင်းချက်ကတော့ ယာဉ်ပေါ် အကူဝန်ထမ်းက ရှေ့မှာ စစ်ဆေးရေး ဂိတ် ရှိတယ်။ ဖုန်းမသုံးပါနဲ့ လို့ သတိပေးလိုက်မှ ဖုန်းပိတ် တော့တယ်။ စကားမပြောပဲနေရတော့ အိပ်ငိုက်နေပြန်ရော။
ကျွန်တော်တို့ကားက အမြန်လမ်းပေါ်မတက်ဘူး။ ရန်ကုန် မန္တလေး လမ်းဟောင်းအတိုင်း ပဲခူးကို သွားတယ်။ ပဲခူးအဝေးပြေးစခန်းကို ဝင်တယ်၊ ပြီးမှ ဘုရားကြီးလမ်းဆုံက တဆင့် ဘားအံကို ခရီး ဆက်တယ်။ ပဲခူးမြို့ထဲရောက်တော့ အရင်လို လမ်းမကြီးအတိုင်းသွားလို့မရဘူး။ တိုင်းဒေသကြီး အစိုးရရုံးရှေ့လမ်းမကြီးကို ပိတ်ထားတဲ့အတွက် နောက်ဘက် လမ်းကြားတွေထဲက ဖြတ်ပြီး ကွေ့ ပတ်သွားရတယ်။
ဘုရားကြီးရောက်တော့ ၁၀ နာရီ ၁၀ မိနစ်ရှိပြီ။ ဘုရားကြီးလမ်းဆုံအကျော် စစ်ဆေးရေးဂိတ်ရောက် တော့ ယာဉ်ပေါ်အကူဝန်ထမ်းက မှတ်ပုံတင်တွေ ထုတ်ထားပါဆိုပြီး သတိပေးတယ်။ အဲဒီတော့ မှ အိပ်ငိုက်နေတဲ့အမျိုးသမီးကြီးက လန့်နိုးလာပြီး “ ဘာဂိတ်လဲ၊ စစ်တောင်းဂိတ်လား” ဆိုပြီးမေး တဲ့အခါ ခင်ပွန်းလုပ်သူက “ ဘာတွေလေ ျှာက်မေးနေတာလဲ၊ သေတော့မှာပဲ၊ ဘုရားကြီးပဲရှိသေး တယ်။” လို့ ဟောက် တယ်။
ယာဉ်ပေါ်လိုက် အကူဝန်ထမ်းအလုပ်က မလွယ်ဘူး။ စစ်ဆေးရေးဂိတ်တစ်ခုရောက်တိုင်း ပြေးဆင်း ပြီး ခရီးသည်စာရင်းစာရွက်ပေးရတယ်။ တစ်ခါ တစ်လေ နှစ်ရွက်ပေးရတဲ့ ဂိတ်လည်းရှိတယ်။ ဘားအံလမ်းကြောင်းက မန္တလေး၊ ကလောလမ်းကြောင်းတွေထက် စစ်ဆေးရေးဂိတ်ပိုများတော့ စာရွက်အတော်ကုန်မယ့်သဘောပဲ။ အောင်မင်္ဂလာဂိတ်အထွက်မှာ တစ်ခါတည်းစာရင်းယူပြီး အွန်လိုင်းကနေလမ်းမှာရှိတဲ့စစ်ဆေးရေးဂိတ်အားလုံးကိုဖြန့်ပေးနိုင်ရင်အားလုံးအတွက် အဆင်ပြေ မယ် ထင်တယ်။
ကျွန်တော်တို့ကားရဲ့ ဝန်ထမ်းလေးက ဝန်ဆောင်မှု အားနည်းပေမယ့် စိတ်ရင်းကောင်းပြီး ဖော်ရွေ ပါတယ်။ အောင်မင်္ဂလာဂိတ်ကထွက်၊ ခရေပင်လမ်းခွဲမီးပွိုင့်အကျော်မှ တွေ့တဲ့ ယာဉ်ထိန်း ရဲ နဲ့ဆို လက်ဆွဲနှုတ်ဆက်ပြီးစကားပြောနေတာများသူငယ်ချင်းအရင်းလိုပဲ။စစ်ဆေးရေးဂိတ်တွေမှာ လည်း ဒီလိုပါပဲ။ ပြီးတော့ ရေအကျိုးဆယ်ပါးကိုလည်း ယုံကြည်ပုံရတယ်၊ လမ်းတလျှောက် ကြုံတဲ့ နေရာ တိုင်း ရေသန့်ဘူးလေးတွေ ဝေနေတာ မြင်ရ တယ်။ အခုနောက်ပိုင်း ကလော၊ မန္တလေးခရီးတွေ သွားတဲ့အခါမှာလည်း ကားသမားတွေက ရေသန့်ဘူးလေးတွေ လှူ ကြတာ သတိထားမိတယ်။ အရင်ရန်ကုန်-နေပြည်တော်ခရီးသည်တင်ကားစီးခဲ့ချိန်က ဒါမျိုး မမြင်ဖူးဘူး။ ကြည့်ရတာ ရေအကျိုး ဆယ်ပါးထဲက လျင်မြန်ခြင်း ဆိုတဲ့ အကျိုးကျေးဇူးကြောင့် လိုရာ ခရီးကို လျင်လျင်မြန်မြန် ချောချော မောမော ရောက်အောင် ရည်ရွယ်ပုံရတယ်။ ကောင်းပါတယ် လေ။
ဝေါက ထွက်တော့ နာမည်ကျော် ညောင်ခါးရှည် ကို ရောက်တယ်။ ရန်ကုန်ဘက်က လာတဲ့ ကား တွေ ရပ်စောင့်ရတာမရှိပေမယ့် ဘားအံ၊ မော်လမြိုင်ဘက်ကလာတဲ့ကားတွေတန်းစီနေတာကို ကြည့်ပြီး အပြန်ခရီးအတွက် စိတ်ပူသွားတယ်။ ဒီလမ်းမှာ သွားနေကြ ဖြစ်ပုံရတဲ့ ခရီးသည် တစ် ယောက်ကတော့ ကုန်ကားတွေပဲ ကြာတာပါ၊ ကျန်တဲ့ကားတွေက တစ်နာရီ၊ နှစ်နာရီ ပဲစောင့်ရ တယ်လို့ အားပေးတယ်။ ညောင်ခါးရှည်ပြီးတော့ စစ်တောင်းတံတားကို ဖြတ်၊ မွန်ပြည်နယ်ထဲကို ရောက်ပြီပေါ့။
ကျွန်တော်က ၁၉၈၁ ခုနှစ်ကနေ ၁၉ ၈၆ ခုနှစ်အထိ ဘီးလင်းမြို့၊ ၁၉ ၈၈ ကနေ ၁၉ ၉ ၂ ခုနှစ် အထိ ဘားအံမြို့တွေ မှာတာဝန်ထမ်းဆောင်ခဲ့ရတော့ ရန်ကုန်- ဘားအံကားလမ်း ကို အကြိမ်ကြိမ် သွားခဲ့ ဖူးတယ်။အဲဒီအချိန်က တိုက်ပွဲတွေပြင်းထန်ချိန်ဆိုတော့ ည ၆ နာရီကျော်ရင် ကားအသွား အလာ ပိတ်လိုက်ပြီ။ လမ်းတလေ ျှာက်က တံတားတွေမှာလည်း လုံခြုံရေး စခန်းတွေရှိတယ်။ စစ် ဆေး ရေး ဂိတ်ကတော့ စစ်တောင်းတံတားမှာပဲရှိတယ်။ ၂၀၀၉ ၊ ၂၀၁၀ အဲဒီဘက် ခရီးသွားဖြစ်တော့ လမ်း အခြေအနေက အတော်တိုးတက်နေပြီ၊ လုံခြုံရေးလည်းကောင်းနေပြီ။ ၂၀၁၂ ကေအင်န်ယူ နဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်လက်မှတ်ထိုးလိုက်တော့ အခြေအနေက လုံးဝပြောင်းလဲ သွားတယ်။
၂၀၂၀ ဇန်နဝါရီလ အတွင်း ရန်ကုန်ကနေ – မြဝတီအထိ ကားမောင်းပြီး သွားတဲ့အချိန်မှာ စစ်ဆေး ရေးဂိတ်ကလည်း တရားမဝင်ပစ္စည်းနဲ့ကားတွေကို စစ် တဲ့ မရမ်းချောင် ဂိတ်တစ်ခု ပဲရှိ တော့ တယ်။လမ်းတွေပိုကောင်း လာသလို လမ်းတွေပေါ်မှာ ခရီးသည်တင်ကားတွေ၊ ကိုယ်ပိုင် ကား တွေ အပြည့်၊ စားသောက်ဆိုင် သစ်တွေလည်း အများကြီးပေါ်လာတယ်။ ကျွန်တော်တို့ ဘီးလင်းမှာ နေစဉ် က တိုက်ပွဲ အလွန် ဖြစ်တဲ့ ဘီးလင်းအထွက် ရွှေရောင်ပြ လမ်းခွဲမှာတောင် စားသောက် ဆိုင်တွေ၊ ဆောက်လက်စ အိမ် တွေနဲ့ မြို့သစ်လိုဖြစ်နေပြီ။ အရင်က “ကျိုက္ကော် သိမ်ဆိပ် ည မအိပ်နဲ့” လို့ စာချိုးခံရတဲ့ ကျိုက္ကော်၊ သိမ်ဆိပ်ဆိုရင် သူမဟုတ်သလိုပဲ။
အခုတစ်ခေါက်ပြန်လာတော့မြင်ကွင်းကပြောင်းပြန်ဖြစ်သွားပြီ။တံတားစခန်းတွေကလည်း ကားတာ ယာ အဟောင်းတွေ၊ သဲအိတ်တွေ၊ သံဆူးကြိုးတွေ နဲ့၊ ဟိုတစ်ချိန်က ရှိခဲ့တဲ့ စခန်းတွေ ထက် တောင် ပိုကြီးနေသလိုပဲ။ စစ်ဆေးရေးဂိတ်တွေများလာပြီး ကားပေါ်တက် မှတ်ပုံတင်စစ်ခံရသလို အောက် ဆင်းလမ်းလေ ျှာက်ပြီး မှတ်ပုံတင်ပြရ တာလည်း ရှိတယ်။ ပိတ်ထားတဲ့ စားသောက် ဆိုင် တွေ မြင် ရတယ်။ ရွှေရောင်ပြလမ်းခွဲဆိုရင် ဆီဆိုင်က အစ အကုန်ပိတ်ပဲ။ လမ်းကြောင်း အခြေ အနေ မလုံခြုံသလို လူတွေလည်း စိတ်လုံခြုံမှုလည်း ရှိပုံမရဘူး။ ပေါက်ပင် ဘာကြောင့်ကိုင်းရတယ် ပဲ။
သထုံရောက်တော့ ဘားအံလမ်းအတိုင်းဆက်သွားတယ်။ ဒူးရင်းဆိပ် ဒုံသမိတံတားအဝင်စစ်ဆေး ရေးဂိတ်မှာ အစစ်ခံတယ်။ ဒီနေရာက မွန်ပြည်နယ်အဆုံးပဲ။ တံတားကို ဖြတ်ပြီးတော့ ကရင် ပြည် နယ် အဝင် ဂိတ်မှာ တစ်ခါ အစစ်ဆေးခံရတယ်။ လူတွေဆင်းဖို့မလိုဘူး၊ ခရီးသည် စာရင်းပဲ ဆင်း ပေးရ တယ်။ ဒါပေမဲ့ ယာဉ်ပေါ်လိုက်ဝန်ထမ်းက တော်တော်နဲ့ ပြန်တက်မလာဘူး။ ခဏနေမှ ကားပေါ်တက်လာပြီး “၈ မျဉ်းစောင်း အကို ၊ အောက်ကို ခဏဆင်းပေးပါဦး”လို့ ပြောတယ်။
ဒီတော့ ကားနောက်ဘက်ထဲက လူတစ်ယောက် ဆင်းသွားတယ်။ သူ့အဖော်လို့ထင်ရတဲ့သူ တစ် ယောက်လည်း လိုက်သွားတယ်။ ကျွန်တော့်ကို ညောင်ခါးရှည် ဂိတ်အကြောင်းရှင်းပြတဲ့ခရီးသည် ကပဲ “၈ မျဉ်းစောင်း ဆိုတာက မကွေးတိုင်း မှတ်ပုံတင်ကိုပြောတာ၊ ၅ မျဉ်းစောင်းဆိုရင် စစ်ကိုင်း တိုင်း၊ကရင်ပြည်နယ်ထဲကဂိတ်တွေမှာ အဲဒီနံပါတ်တွေပါရင် ခေါ်မေးခံရတယ်၊ ဖုန်းစစ်တယ်၊ အဖြေ မတတ်ရင်၊ အထောက် အထားမပါ ရင် ခေါ်ထားခံရမယ်၊ တောင်ပေါ်က ဆင်းလာတဲ့ ကားတွေဆို ရင် ပိုဆိုးတယ်” လို့ ပြော တယ်။
ကျွန်တော်တို့ စကားပြောနေတုန်း ၈ မျဉ်းစောင်း လူရဲ့ အဖော်ပြန်တက်လာတယ်။အိတ်ထဲက စာ ရွက်စာတမ်းတွေယူပြီး ပြန်ဆင်းသွားတယ်။ နည်းနည်းကြာတော့ နှစ်ယောက်လုံးပြန်တက်လာ တယ်။ ကားထဲက ခရီးသည်တွေ ပြိုင်တူသက်ပြင်းချသံကြားလိုက်ရသလိုပဲ။ ကားဆက်ထွက်တယ်၊ သံလွင်တံတားထိပ်ရောက်တော့ ခရီးသည်အားလုံးဆင်း၊ မှတ်ပုံတင်ကိုင်ပြီး အစစ်ဆေးခံရတယ်။ လဝက ဝတ်စုံနဲ့ တစ်ယောက်က တန်းစီနေတဲ့လူတွေကို လိုက်ကြည့်ပြီး အသက်ကြီးတဲ့ သူတွေ ကို ကားပေါ်ပြန်တက်ခိုင်းတယ်။ ကျွန်တော့်ကိုလည်း ဦးလေး ကားပေါ်တက်လို့ရပြီလို့ ပြောတယ်။ တန်းစီရတဲ့ ဒုက္ခကင်းဝေးသွားလို့ ကျေးဇူးတင်ပေမယ့် အဖိုးကြီး စာရင်းဝင်သွားတဲ့အတွက် ကြေကွဲ ရတယ်။
တံတားဖြတ်ပြီးတော့ ဘားအံမြို့ထဲဝင်ပြီ၊ ဘားအံမှာဆင်းမယ့် ခရီးသည်တွေအတွက်ကတော့ စိတ် ပူဖို့မလိုတော့ဘူး။ မြဝတီဆက်သွားမယ့် ခရီးသည်တွေကတော့ စိတ်မအေးနိုင်သေးဘူး။ စကား အလွန်ပြောသော အမျိုးသမီးကြီးက ယာဉ်ပေါ်လိုက်ဝန်ထမ်းကို မြဝတီ ဘယ်အချိန်လောက်ရောက် မလဲလို့ လှမ်းမေးတယ်။ ဝန်ထမ်းက ပြောလို့မရဘူး၊ လမ်းအခြေအနေအပေါ်မူတည်တယ်၊ ဂိတ် တွေကလည်း မြန်ချင်မြန်တယ်၊ နှေးချင်နှေးမယ်၊ သူတို့သဘောပဲ လို့ပြန်ဖြေတယ်။ အဝေးတစ်နေ ရာက “ဘာမှ မသေချာဘူး၊ အားလုံးဟာ မှားယွင်းနေ” သီချင်းသံလေးကြားနေရတယ်။