မော်တင်စွန်း (၃)

ငရုတ်ကောင်းတောင် ထမင်းဆိုင်လေး ဘေးမှာ ထိုင်လိုက်၊ ထလိုက်နဲ့ ညကို ဖြတ်သန်းခဲ့ရပြီး မနက် သုံးနာရီခွဲတော့ ကားသမားတွေက ခရီးဆက်ဖို့ ပြင်တယ်။ ခရီးသည်တွေလည်း ခရီး ဆက်ဖို့ အတွက် ကျန်းမာရေးလုပ်ကြတယ်။ ကံထူးအောင်ကားဂိတ်က သန့်စင်ခန်း သန့်ရှင်းရေး ကောင်း သလောက် ကံထူးအောင်ကားနားတဲ့ ထမင်းဆိုင်က သန့်စင်ခန်းတွေကတော့ အဆင်မပြေလှဘူး။ ကျွန်တော်အသုံးပြုခဲ့ရတဲ့ သန့်စင်ခန်းသုံးခန်းတွဲကတော့ သစ်သားခင်း၊ သစ်သားကာ၊ တံခါးက အပြာရောင်မိုးကာစ။ အထဲဝင်ပြီးရင် ကြိုးလေးကို သံချောင်းမှာချိတ်ထားရတယ်။ အပြင်က ရုတ် တရက် ဆွဲဖွင့်တာကို ကာကွယ်နိုင်ဖို့အတွက် အထဲရောက်ရင် သီချင်းဆိုရင်ဆို၊ မဆိုရင် ချောင်း တဟွတ်ဟွတ်ဆိုးနေရတယ်။ အနံ့အသက်ကတော့ ဈေးအိမ်သာ အဆင့်ပဲ။

လေးနာရီအတိမှာ ကားပြန်ထွက်တယ်။ ရွာအထွက်မှာ စစ်ဆေးရေးဂိတ်ရှိပြီး ခရီးသည် စာရင်း ပေး ရတယ်။ ကျွန်တော်ကတော့ ကားပြန်ထွက်မှ အိပ်ရတာဆိုတော့ တစ်ချိုးတည်းအိပ်လိုက်တာ ကျောက်ချောင်းလမ်းခွဲ စစ်ဆေးရေးဂိတ်ရောက်မှ နိုးတော့တယ်။ အဲဒီလမ်းခွဲ ဂိတ်ကနေ ကျောက် ချောင်းအထိ သုံးမိုင် ငါးဖာလုံရှိတယ်။ ကျောက်ချောင်းရွာနားရောက်တော့ ကားဘီးပေါက်သွား တယ်။ နာရီကြည့်လိုက်တော့ မနက်ခြောက်နာရီခွဲ။

အဆင်မပြေမှုတွေနဲ့ အသားကျနေတဲ့ သူတွေဆိုတော့ ကားသမားတွေကိုလည်း ဘာဘာ ညာညာ ပြောမနေဘူး။ကားပေါ်ဆက်ထိုင်တဲ့သူကထိုင်တယ်၊ အောက်ဆင်းပြီး လမ်းလျှောက်သူ လျှောက် တယ်။ငရုတ်ကောင်းတောင်မှာကျန်းမာရေးမလုပ်ခဲ့ရသူကတောတိုးတယ်။ ကျောက်ချောင်း သွား မယ့်ခရီးသည်တချို့ကတော့ ဆိုင်ကယ်ကယ်ရီကို ဖုန်းဆက် ခေါ်ပြီး ထွက်သွားတယ်။ ကားပျက် နေတာကြားတဲ့အတွက် ဆိုင်ကယ်ကယ်ရီတချို့လည်း မခေါ်ပဲရောက်လာပြီး ခရီးသည်တွေကို သွားမလားလိုက်မေးကြတယ်။ ဟိုင်းကြီးမြို့အထိ သွားမယ့်ခရီးသည်အများစုက ဆိုင်ကယ်မစီးဘူး။ ကျွန်တော် တို့လို မော်တင်စွန်းဘုရားဖူးတွေကတော့ ရွေးချယ်စရာမရှိဘူးလေ၊ ထိုင် စောင့်ပေါ့။

ဘီးလဲတာက နာရီဝက်ကျော်ကျော်လောက်ကြာတယ်။ ကားပြန်ထွက်ပြီး ဆယ်မိနစ်လောက် မောင်း လိုက်တော့ ကျောက်ချောင်းကိုရောက်တယ်။ ကျောက်ချောင်းဆိုတာက ဟိုင်းကြီးကျွန်း တံတားထိပ်က ရွာ၊ ကျောက်ချောင်းကနေ ခမောက်မော်ကို သွားလို့လည်းရတယ်။

ကံထူးအောင် ကားက ဟိုင်းကြီးကျွန်းအထိ ဆက်မသွားဘူး။ ဟိုင်းကြီးကျွန်းမြို့ကို သွားမယ့် ခရီး သည်တွေကိုလိုက်ထရပ်နဲ့ ဆက်ပို့ပေးတယ်။ ကျွန်တော့်စကားပြောဖော်မိတ်ဆွေကြီးလည်း လိုက် ထရပ်နဲ့ပါသွားတယ်။ သူ့ကို နှုတ်ဆက်ရင်း သူလိုခံစားချက်ရှိတဲ့သူတွေ ဘယ်လောက် များ လဲ လို့တွေးမိတယ်။ မြန်မာနိုင်ငံ လူဦးရေ ၇၀% က ကျေးလက်ဒေသမှာနေထိုင်တယ်လို့ ကြက်တူရွေး စာအံသလိုပြောနေပေမယ့်အဲဒီလူထုဘ၀ နဲ့ခံစားချက်ကို နားမလည်သေးတဲ့ နိုင်ငံရေး သမားတွေ အများကြီး ရှိ နေ သေးတာပဲ။

၂၀၂၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီနိုင်တော့ တစ်ချို့ပုဂ္ဂိုလ်များက ကျွန်တော့်ကို ကိုဗစ် ထောက်ပံ့ကြေးတွေ၊လူမှုဖူလုံရေးထောက်ပံ့ကြေးတွေကြောင့်ကျေးလက်ဒေသကလူတွေ အင်န် အယ်လ်ဒီကို မဲထည့် လိုက်တာလို့ လာပြောကြတယ်။ ကျွန်တော်ကတော့ အဲဒီလို ထောက်ပံ့လို့ သာ ထောက်ခံရမယ်ဆိုရင် ပြည်ခိုင်ဖြိုးဟာ အသင်းဘ၀ ထဲက နှစ်ပေါင်းများစွာ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ လူမှုရေး၊ဘာသာရေး ခေါင်းစဉ် မျိုးစုံ နဲ့လုပ်ပေးခဲ့တာပဲ။ ဒါပေမယ့် ၂၀၁၅ ရွေးကောက် ပွဲမှာ ကျေးလက်ဒေသက လူအများစု ဘာ့ကြောင့် ပြည်ခိုင်ဖြိုးကို မဲမပေးတာလဲလို့ ပြန်မေးခွန်း ထုတ်ခဲ့ ဖူးတယ်။

ကျွန်တော်ရေးတဲ့ “ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသောအခွင့်အလမ်း များ ( ၂၀၁၀-၂၀၁၆) စာအုပ်မှာလည်း ပြည်ခိုင်ဖြိုးရဲ့ စည်းရုံးရေးလုပ်ငန်းအပေါ် အခုလို သုံးသပ် ရေးသား ခဲ့တယ်-

“ တာဝန်ခံဝန်ကြီးများနှင့် သက်ဆိုင်ရာတိုင်းမှူးများကလည်း သက်ဆိုင်ရာနယ်မြေများတွင် လူထု၏ ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းများလိုအပ်ချက်ကို သက်ဆိုင်ရာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှ တစ်ဆင့် ဖန်တီးပေးခြင်းဖြင့် လူထုယုံကြည်ကိုးစားထောက်ခံမှုကို ရရှိလာမည်ဟု လွဲမှားစွာ ထင်မြင်ယူဆခဲ့ သည်။ ထိုသို့ ထင်မြင်ယူဆမှုကြောင့် ဝန်ကြီးများသည် သူတို့၏ အာဏာနှင့် လုပ်ပိုင်ခွင့်များကို အသုံးပြုပြီး အစိုးရ၏ ရန်ပုံငွေများကို သက်ဆိုင်ရာဒေသများတွင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ လမ်းများအတွက် အသုံးပြုနိုင်ရန်ဆောင်ရွက်သကဲ့သို့ အစိုးရ ကန်ထရိုက် လုပ်ပိုင်ခွင့်များကို အောက်ခြေအသင်းအဆင့်ဆင့်သို့ ချပေးခဲ့ရာ အဖွဲ့ခွဲအဆင့်ဆင့်ကလည်း သူတို့ အဖွဲ့ရန်ပုံငွေ ရရှိရေးအတွက် အသေချာဆုံးနည်းလမ်းဖြစ်သည့် ဒေသခံလုပ်ငန်းရှင်များထံ အမြတ်ဖြင့် ပြန် လည်ရောင်းချခဲ့သည်။ xxxxx ပြည်သူများအကြား အစိုးရ နှင့် အသင်းတွင် အကျင့်ပျက်ခြစားမှု၊ ဆွေမျိုးကောင်းစားရေးဝါဒ အမြစ်တွယ်လာမှုများကို ဝေဖန်ပြောဆိုမှုများ ပိုမို မြင့်တက်လာစေခဲ့ သည်။ထိုအကျိုးဆက်များကြောင့် ပြည်ခိုင်ဖြိုးအသင်း နိုင်ငံရေးပါတီအသွင်ပြောင်းလိုက်သည့် အခါ မူလ ပြည်ခိုင်ဖြိုး အသင်းဝင်များထံမှခိုင်ခိုင်မာမာ ထောက်ခံအားပေးမှုများကိုပင် ဆုံးရှုံးလာခဲ့ တော့ သည်။ ”

ကျောက်ချောင်းမှာ လူနဲ့ ကုန်တွေချပြီးတော့ မော်တင်စွန်းဆက်သွားမယ့် ခရီးသည်က ကျွန်တော် အပါအဝင် ဆယ်နှစ်ယောက်ပဲရှိတော့တယ်။ ကျောက်ချောင်းကနေ လမ်းခွဲကိုပြန်သွား၊ လမ်းခွဲက ကနေ မော်တင်စွန်းကို လေးမိုင် သုံးဖာလုံ ဝေးတယ်။

မော်တင်စွန်းဆိုတာက ရွာမရှိပါဘူး။ ဘုရားပတ်ဝန်းကျင်မှာ တည်းခိုခန်းတွေပဲရှိပါတယ်။ ဈေး ဆိုင် အများစုကလည်း ဘုရားပွဲကာလရောက်မှ ဖွင့်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ကားက ကမ်းခြေ ကို ဆင်းတဲ့လမ်းနဲ့ ဘုရားကုန်းပေါ်တက်တဲ့လမ်းအဆုံမှာရပ်တယ်။ အဲဒီနေရာမှာ ကားဂိတ်ရယ်လို့ သီးခြားမရှိဘူး။ ကံထူးအောင် အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးဆိုတဲ့ ဗီနိုင်းဆိုင်းဘုတ်တစ်ခုပဲ လမ်းဘေးမှာထောင်ထားတယ်။

မော်တင်စွန်းမှာ ကျွန်တော်တို့တည်းမယ့် တည်းခိုခန်းက “ ပပဝတီဧည့်ရိပ်မွန်” ၊ ဒီတည်းခိုခန်းကို ဘယ်သူမှ ညွှန်တာမဟုတ်ဘူး။ မော်တင်စွန်းအကြောင်း စာတွေ ရှာဖတ်ရင်းနဲ့ ဒီတည်းခိုခန်းက ရေးတင်ထားတဲ့ မော်တင်စွန်းခရီးစဉ်ဆောင်းပါးတွေဖတ်မိတယ်။ ရေးထားတဲ့ပုံစံက တည်းခိုခန်း ကြော်ငြာပုံစံမဟုတ်ပဲ ခရီးသွားဆောင်းပါးပုံစံဖြစ်နေလို့ စိတ်ဝင်စားပြီး တည်းခိုခန်းကို ဆက်သွယ် တယ်၊ တည်းခိုးခန်းကလည်း အခန်း ကိုးခန်းပဲရှိတယ်၊ ဘုရားနဲ့ ငါးမိနစ်လောက်ပဲလမ်းလေ ျှာက် ရတယ် လို့ သိရတဲ့အတွက် ကိုယ်တည်းချင်တဲ့အနေအထားမျိုးပဲ ဆိုပြီး ရွေးချယ်လိုက်တာပါ။ အဲ ညဘက် မီးပျက်ရင် မီးစက်မောင်းပေးတဲ့ အချက်လည်းပါတာပေါ့လေ။ ဒါပေမဲ့ မော်တင်စွန်းမှာ ဘုရားပွဲကာလ မီးမှန်တယ်။ မီးပျက်ရင် အလွန်ဆုံး ဆယ့်ငါးမိနစ်ပဲ။

တည်းခိုခန်းက လုံးချင်းအိမ်လေးတွေနဲ့ ဖွဲ့စည်းထားတာပါ။ နှစ်ယောက်ခန်း၊ သုံးယောက်ခန်း၊ လေ အေးစက်ပါ၊ လေအေးစက်မပါ အမျိုးမျိုးရှိတယ်။ နှစ်ယောက်ခန်း၊ လေအေးစက်ပါ က သာမန် အချိန် သုံးသောင်းခွဲ၊ ဘုရားပွဲနီးလို့ ကျွန်တော်တို့ အော်ဒါတင်တဲ့အချိန် ငါးသောင်းခွဲ၊ ဘုရားဖူး ရက်ရောက်တော့ ခြောက်သောင်း။

ဒါပေမယ့် မော်တင်စွန်းမှာ တည်းခိုခန်းမျိုးစုံရှိပါတယ်။ လေးငါးယောက်တည်းလို့ရတဲ့အခန်းကို တစ်သောင်းခွဲ၊ နှစ်သောင်းနဲ့ ရတာလည်း ရှိပါတယ်။ အဲဒီထက် သက်သာတာလည်း ရှိသေး တယ်လို့ပြောတယ်။ အဲဒီလို အခန်းတွေကတော့ ပန်ကာ မပါဘူး။ အိမ်သာ ရေချိုးခန်းကလည်း ဘုံ ရေချိုးခန်း၊ ဘုံအိမ်သာပေါ့။ ဘုရားရင်ပြင်မှာပဲ အိပ်လို့လည်း ရတယ်။

ကားဂိတ်ကနေ တည်းခိုခန်းကို တောင်ကုန်းအတက် ကိုက်တစ်ရာကျော်ကျော်လောက်ပဲ လေ ျှာက် ရတယ်။ ဒါ့ကြောင့် ကိုယ့် အထုပ်ကိုယ်ဆွဲပြီး တည်းခိုခန်းကို သွားတယ်။ တည်းခိုခန်းအဝင် ညာဘက် မှာ သစ်သားအိမ်လေးတစ်လုံးရှိတယ်။ အဲဒါက ဧည့်ကြိုခန်းလည်း ဖြစ်တယ်၊ တည်းခို ခန်းပိုင်ရှင်၊ မန်နေ ဂျာ၊ သန့်ရှင်းရေး ဆူပါဗိုက်ဆာ နဲ့ ဧည့်ကြိုစာရေး ရာထူးလေးခုကို ယူထားတဲ့ ပုဂ္ဂိုလ်ရဲ့ အိပ်ခန်း လည်းဖြစ်တယ်။

အဲဒီအိမ်ရှေ့နေ အသံပြုလိုက်တော့ ဂျာကြီးထွက်လာတယ်၊ လူပိန်ပိန်၊ ခါးကိုင်းကိုင်း၊ မျက်မှန် ထူထူနဲ့။ ကျွန်တော်တို့ အော်ဒါတင်ချိန်က သူငယ်ချင်းနာမည်နဲ့ တင်ထားတဲ့အတွက် သူ့နာမည် ကို ပြောလိုက်တော့ အခန်းပြင်ထားပြီးပြီလို့ ပြောတယ်။ နောက်တော့ ကျွန်တော့်ကို လက်ညှိုးထိုး ပြီး “ ဟာ ဦးရဲထွဋ်ပဲ” လို့ပြောတယ်။ အဲဒီမှာ ကျွန်တော်ရဲ့ တိတ်တိတ်ဆိတ်ဆိတ် ခရီးသွားမယ့် အစီအစဉ်ပျက်တော့တာပဲ။

ဒါပေမဲ့ ဒါမျိုးက မကြာခဏ ကြုံတွေ့နေရတော့ အရေးမကြီးပါဘူး။ ကျွန်တော်တို့ တည်းရမယ့် အဆောင်ကို လိုက်ပြရင် သူပြောလိုက်တဲ့စကားကြားလိုက်ရတော့ ကျွန်တော်တို့ အမှားတစ်ခု ကျူးလွန်မိတယ်ဆိုတာကို သိလိုက်ရတယ်။

ဆက်လက်ဖော်ပြပါ့မယ်။

One thought on “မော်တင်စွန်း (၃)

  1. I enjoyed reading your Myanmar ‘s political transition and lost opportunities book. The reality is majority of the people are hard working and decent people. They only want a party led by decent, fair and hard working government. Not by courrupt selfish and arrogant people. That’s why USPD attracts only the same kind of opportunistic people. There is no comparison between the two parties. Chalk and Cheese.

    Like

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: