ပပဝတီ တည်းခိုခန်း ရာထူးလေးခုပိုင်ရှင် ကိုအောင်သူက ကျွန်တော်တို့နေရမယ့် အခန်းတံခါးကို ဖွင့်ရင်း “ မနေ့ထဲက ရောက်မယ်ဆိုလို့ အခန်း ပြင် ထားတာ” လို့ ပြောလိုက်တယ်။ သူ့စကား ကို ကြားလိုက်တော့ ကျွန်တော် တို့ အတွက်မှားပြီ ဆိုတာ ချက်ခြင်းသိလိုက်တယ်။
ကျွန်တော်တို့က အမြဲတမ်း မနက် ထွက်တဲ့ကားနဲ့သွားတာဆိုတော့ တည်းခိုမယ့် ရက်တွက် တဲ့ အခါ ကားစစီးတဲ့ ရက်ကို ပါထည့်တွက်ပြီး သုံးညအတွက် အခန်းကြိုမှာထားတာကိုး။ တကယ် တော့ ကားက နောက်နေ့ မနက်မှ မော်တင်စွန်းကိုရောက်တဲ့အတွက် နှစ်ညပဲ အိပ်ရမှာပါ။ အခု တော့ အခန်းခ တစ်ရက်စာ ငါးသောင်းငါးထောင် ပိုပေးရတော့မှာပေါ့။ ကိုယ့်ကို သိတဲ့အတွက် အား နာပြီး နှစ်ည စာပဲယူမလားဆိုတဲ့အတွေးနဲ့ ကိုအောင်သူမျက်နှာကို လှမ်းကြည့်လိုက်တော့လည်း “ ခင် လည်း ခင်တယ်၊ အားလည်းနာတယ် ၊ ဒါပေမဲ့” ဆိုတဲ့ မျက်နှာနဲ့။ သူ့ဘက်က ကြည့်တော့ လည်း ဒီလောက် ဘုရားဖူးတွေလာနေတဲ့အချိန်မှာ အခန်းတစ်ခန်း ကို တစ်ရက် အလကားလွှတ် ထားသလိုဖြစ်ရင် နစ်နာတာပေါ့။ ဒီလိုနဲ့ သုံးညအတွက် ပေးလိုက်ရတယ်။
မှားသွားတာလည်း အမှားကောင်းပါပဲ၊ တစ်ညစာကြိုယူထားတော့မနက်စောစော ရောက်တာနဲ့ အခန်းထဲ ဝင်အိပ်လို့ရတာပေါ့။ ကျွန်တော်တို့ တည်းခိုခန်း ရောက်တော့ မနက် ခုနစ်နာရီ လေးဆယ့်ငါးပဲရှိသေးတယ်။ ဒါတောင် ကားဘီးပေါက်နေလို့ မဟုတ် ရင် ဒီထက်စောမှာ။ တစ်ည ကြိုယူမထားရင်တော့ ရှေ့က ဧည့်သည်တွေ ထွက်တဲ့အထိ စောင့်၊ မစောင့်နိုင်ရင် ပစ္စည်းတွေ ထားပြီး ဘုရားသွားဖူးနေရမှာ။ အဲဒါဆိုရင်လည်း ခရီးပန်းလာတာနဲ့ အဆင်မပြေလှဘူး။ အခုတော့ အခန်းထဲ ဝင်၊ ပစ္စည်းချပြီးတာနဲ့ နားလို့ ၊ အိပ်လို့၊ ရေ ချိုးလို့ရတာပေါ့
ပပဝတီတည်းခိုခန်းက လုံးချင်းတိုက်လေးတွေဆိုတော့ တည်းရတာအဆင်ပြေတယ်။ အုတ်တိုက် က နှစ်ခန်းတွဲ လုံးချင်းဖြစ်ပြီး အဆောင်သုံးဆောင် ရှိတယ်။ ၊ အဲဒီအခန်းတွေက လေအေး စက်ပါတယ်။ သစ်သား ဆောင်လေးတွေက တစ်ခန်းချင်းလုံးချင်း၊ အဆောင်သုံးဆောင် ရှိတယ်။ အဲဒီအခန်းတွေက ပန်ကာ ပဲပါတယ်။ အခန်း ကိုးခန်း အဆောင်အနေနဲ့ ဆိုရင် ခြောက်ဆောင် ပဲ ရှိတဲ့အတွက် တိတ်ဆိတ်တာပေါ့။ နောက်ပြီး မြေပိုတွေများတဲ့အတွက် ကားရပ်ရ၊ လမ်းလေ ျှာက် ရတာလည်း အဆင်ပြေပါတယ်။ ရေမီးလည်းကောင်းတယ်။ ကျွန်တော်ကတော့ အခန်းထဲမှာ ရေ မချိုးဘူး။ ခြံထောင့်က အုတ်ကန်မှာပဲ တဝုန်းဝုန်းခပ်ချိုးခဲ့တယ်။ တည်းခိုခန်းရှေ့မှာ “ လရိပ်ညိုညို” ဆိုတဲ့ စားသောက်ဆိုင်ရှိတဲ့အတွက် အဝေးကြီးသွားစားဖို့မလိုဘူး။ တကယ်လို့ ကိုယ့်ဘာသာ ကိုယ် ချက်စားချင် တယ်ဆိုလည်း ချက်ဖို့အတွက်နေရာရှိတယ်။ ပပဝတီ တည်းခိုးခန်း ဖုန်းနံပါတ် က ( ၀၉ ၄၅၃၄၄၀၁၂၈)ပါ။
တည်းခိုခန်းမှာ ခဏအိပ်ပြီးတော့ “လရိပ်ညိုညို” မှာ နေ့လယ်စာ စားတယ်။ ဒီဆိုင်က တစ်နှစ်ပတ် လုံး ဖွင့်တဲ့ဆိုင်၊ ဘုရားပွဲနီးမှ လာဖွင့်တဲ့ဆိုင်မဟုတ်ဘူး။ မြန်မာ၊ တရုတ် ထမင်းဟင်း အစုံရပါ တယ်။ လက်ရာမဆိုးဘူးလို့ ဆိုနိုင်ပါတယ်။ ဘုရားပွဲကာလ လူများတဲ့အတွက် စောင့်ရတာ၊ ဝန်ဆောင်မှု အားနည်းတာတော့ ရှိတယ်။ နေ့လယ်စာ စားပြီးတော့ မော်တင်စွန်းမှာရှိနေတဲ့အချိန် လိုရာသုံးဖို့ ဆိုင်ကယ်ရှာတယ်။
ကိုအောင်သူ့ အဆက်အသွယ်နဲ့ ဆိုင်ကယ်နှစ်စီးရတယ်။ ဆိုင်ကယ်သမားတွေက နှစ်ဆယ် ကျော် လူငယ်လေးတွေ။ နာမည်တွေက “ ခင်လှိုင်” နဲ့ “ မိုးဒီ” တဲ့။ နာမည်ရင်းတော့မဟုတ်ဘူး။ ဒါပေမယ့် မော်တင်စွန်းမှာ ဒီနာမည်တွေနဲ့ ပြောမှ သိကြတယ်။ ငွေ တောင်၊ ဇီးချိုင်၊ ဟိုင်းကြီးကျွန်းနဲ့ ဟိုနား၊ဒီနား သွားဖို့ အတွက်၊ နှစ်ညအိပ်သုံးရက် နှစ်စီး ခြောက်သောင်းနဲ့ ငှားလိုက်တယ်။ ဒါ ကလည်း ဘုရားပွဲကာလဖြစ်လို့ပါ။ သာမန်အချိန်ဆိုရင်တော့ ဒီထက်ပိုပြီး သက်သာနိုင်ပါတယ်။ ကျွန်တော်ကတော့ ဒီလူငယ်လေးတွေနဲ့သွားရတာ အဆင်ပြေ၊ ကျေနပ်ပါတယ်။ ခင်လှိုင် ဖုန်း နံပါတ်က ၀၉ ၆၇၇၇၃၁၉ ၃၃၊ မိုးဒီက ၀၉ ၆၈၈၃၄၄၂၆၇။ ဒီကလေးတွေရဲ့ မိဘတွေက ဧရာဝတီ တိုင်းအခြားမြို့နယ်တွေကနေ ဘုရား ဘက်စုံမွမ်းမံရေးလုပ်ငန်းတွေမှာ အလုပ်သမားလုပ်ရင်း ဒီမှာပဲ ဆက်နေကြတာ၊ ဘုရားပွဲအချိန်မဟုတ်လည်း မော်တင်စွန်းမှာ အမြဲရှိတယ်။
ငွေတောင်ကမ်းခြေကို သွားဖို့အတွက် တည်းခိုခန်းကနေ သုံးနာရီ စထွက်တယ်။ ကျွန်တော်တို့ က ကမ်းခြေမှာ ရေကူးဖို့အစီအစဉ်မရှိပါဘူး။ ကမ်းခြေ ပတ်ဝန်းကျင်မှာဓာတ်ပုံရိုက်၊ ပြီးရင် မော်တင် စွန်းကို ပြန်လာပြီး နေဝင်ဆည်းဆာရှုခင်းကို ဓာတ်ပုံရိုက်မယ်၊ ဈေးတန်းတွေကို လေ့လာမယ်။
မော်တင်စွန်းကနေ ငွေတောင်ကမ်းခြေကို သွားတဲ့လမ်းနှစ်လမ်းရှိတယ်။ ကမ်းခြေအတွင်းဘက်က ကားလမ်းနဲ့ ရေကျတဲ့အချိန် သောင်ပြင်အတိုင်းသွားတဲ့လမ်း၊ ကျွန်တော်တို့က ရေကျနေချိန် ဖြစ် တဲ့အတွက် ဆိုင်ကယ်နဲ့ ကမ်းခြေအတိုင်းသွားခဲ့တယ်။ တစ်ချို့ကားတွေလည်း ကမ်းခြေအတိုင်း မောင်းတာတွေ့တယ်။ ဒါပေမဲ့ လမ်းမှာ ရေချောင်းတစ်ခုဖြတ်ရတယ်၊ ရေတိမ်ပေမယ့် ပင်လယ်ရေငံ ဝင်တဲ့ ချောင်းတွေဖြစ်နေတော့ ကားအောက်ပိုင်း ဆားငံရေထိမှာကိုတော့ ထည့်တွက်ရမယ် ထင် တယ်။ ကားလမ်းအတိုင်းသွားရင်တော့ တံတားရှိတဲ့အတွက် ရေထဲဖြတ်ဖို့မလိုဘူး။
မော်တင်စွန်းကနေ ငွေတောင်ကို သောင်ပြင်အတိုင်းဆိုင်ကယ်နဲ့ သွားရတာ အတော်ကောင်း တယ်။ ဆိုင်ကယ်စီးတတ်ရင် ကိုယ့်ဘာသာကိုယ် ဆိုင်ကယ်ငှားပြီးသွားလို့ရပါတယ်။ ဒါပေမယ့် သဲ နစ်ပြီး ဆိုင်ကယ်မလဲအောင် သတိထားဖို့တော့လိုမယ်။ ဆိုင်ကယ်နဲ့မသွားချင်တဲ့သူတွေလည်း တုတ်တုတ်ငှားပြီး သွားလို့ရပါတယ်။
မော်တင်စွန်းနဲ့ ငွေတောင်ကြားမှာ ဟိုတယ်မော်တင် ရှိတယ်။ ဒီဟိုတယ်က မော်တင်စွန်းမှာ အကောင်းဆုံးဟိုတယ်လို့ဆိုကြတယ်။ ပင်လယ်ကမ်းခြေရှုခင်းကောင်းသလို ရေကူးလို့လည်း ရ တယ်။ ဒါပေမယ့် ဘုရားနဲ့ ဝေးတဲ့အတွက် ကိုယ့်ပိုင်ကားနဲ့လာတဲ့သူတွေအတွက်ပဲ အဆင်ပြေ မယ်။ ဟိုတယ်မော်တင်ရှိတဲ့ကမ်းခြေက အလျားရှည်သလို ကျယ်လည်းကျယ်တယ်။ နောက်ပြီး ဟိုတယ်တစ်ခုတည်းရှိတဲ့အတွက် ဘုရားပွဲအချိန်မဟုတ်ဘူးဆိုရင် တိတ်ဆိတ်ပြီး အပန်းဖြေလို့ ကောင်းမယ့်နေရာပဲ။ စိတ်အေးချမ်းသာ အပန်းဖြေဖို့ သက်သက်ဆိုရင်တော့ ချောင်းသာ၊ ငွေ ဆောင်သွားမယ့်အစား မော်တင်စွန်းမှာလာအပန်းဖြေတာက ပိုကောင်းမယ်။ ဒါပေမဲ့ အစား အသောက် ကတော့ ချောင်းသာ၊ ငွေဆောင်ကို မှီမှာမဟုတ်ဘူး။
မော်တင်စွန်းကနေ ငွေတောင်ကမ်းခြေအထိက ဆိုင်ကယ်နဲ့ နာရီဝက်လောက်ပဲ သွားရပါ တယ်။ ဒါတောင် ကျွန်တော်တို့က လမ်းမှာ ရပ်ပြီး ဓာတ်ပုံရိုက်တာတွေရှိသေးတယ်။ ငွေတောင်ကမ်းခြေ ကတော့ ဘုရားပွဲရာသီဖြစ်တဲ့အတွက် ဈေးတန်းလည်းရှိတယ်။ ရေကူးတဲ့သူတွေကတော့ ဘုရား ပွဲ အစပိုင်းဖြစ်နေတဲ့အတွက် မများသေးဘူး။ ဈေးတန်းကတော့ ဘုရားပွဲရာသီဈေးတန်းဖြစ်တဲ့ အတွက် အရာရာဈေးများတယ်။ အရည်သောက် အုန်းသီးတစ်လုံးတောင် နှစ်ထောင်ဖြစ်နေတယ်။
မော်တင်စွန်းမှာ ရေကူးလို့ကောင်းတဲ့ကမ်းခြေ သုံးနေရာရှိတယ်။ သုံးခုလုံး ရေကြည်တယ်၊ သန့်တယ်။ တစ်ခုက ဘုရားအခြေ ဈေးတန်း တွေနားမှာ။ အဲဒီနေရာကတော့ နေရာကျဉ်းပြီး ကျောက်တန်းတွေလည်းရှိတော့ ရေကူးတဲ့သူ နည်းပြီး ညနေဘက် ဘောလုံးကန်တဲ့သူက ပိုများ တယ်။
နောက်တစ်နေရာက ဟိုတယ်မော်တင်ရှိတဲ့ကမ်းခြေဖြစ်ပါတယ်။ အဲဒီနေရာကတော့ ဟိုတယ်မှာ တည်းတဲ့သူတွေပဲ သုံးတာများတယ်။ ဘုရားဖူးဧည့်သည်တွေကတော့ ဈေးတန်းတွေရှိတဲ့ ငွေ တောင်အထိ သွားကြတယ်။
နောက်ဆုံးနေရာက ငွေတောင်ကမ်းခြေဖြစ်ပါတယ်။ အဲဒီနေရာကတော့ လူအများဆုံးပဲ။ ကိုယ်တိုင် ရေထဲမဆင်းခဲ့ပေမယ့် ကမ်းခြေသုံးခုထဲမှာ ရေကူးလို့ အဆင်ပြေဆုံးကမ်းခြေဖြစ်တယ်လို့ ပြော တာတော့ ကြားခဲ့ရတယ်။
ငွေတောင်ကမ်းခြေမရောက်ခင်မှာ တံငါလှေဆိပ်တစ်ခုရှိတယ်။ ဇီးချိုင်ရွာလှေဆိပ်ပေါ့။ ဧည့်သည် တွေက ကမ်းခြေမှာ ရေကူးအပန်းဖြေနေပေမယ့် ဒေသခံတံငါသည်များကတော့ လှေပြန်ထွက် ဖို့ ပိုက်ပြင်တဲ့သူနဲ့၊ လှေဝမ်းဖာတဲ့သူနဲ့ အလုပ်များနေကြတယ်။
ငွေတောင်ကမ်းခြေ ဈေးဆိုင်တန်းတွေကို ကျော်ပြီး ဆက်သွားရင်ကမ်းခြေအဆုံးနေရာမှာ ငါးလှန်း တဲ့တဲတွေရှိတယ်။ အဲဒီမှာ ငါးနီတူခြောက်တွေကို စင်တွေနဲ့ လှမ်းထားတယ်။ အမျိုးသမီးကြီးတွေ က စင်ပေါ်မှာ လှမ်းထားတဲ့ ငါးတွေကို စုပြီး သယ်ဖို့လုပ်နေကြတယ်။ သူတို့က စင်တစ်ခုပေါ်မှာ ရှိတဲ့ ငါးတွေကို ခင်းထားတဲ့ ပိုက်ကနေမပြီး ဘေးက စင်ပေါ်မှာ ရှိတဲ့ငါးတွေနဲ့ ပေါင်းတယ်။ နောက် စင်တစ်ခုက ငါးတွေကိုလည်း အဲဒီအတိုင်းလုပ်တယ်။ အဲဒီလို စုလိုက်တဲ့ ငါးတွေများလာတဲ့အခါ သူတို့ အားလုံးတန်းစီပြီး ခင်းထားတဲ့ပိုက်ကို လိပ်လိုက်တော့ ငါးတွေကို ပိုက်နဲ့ ထုပ်ထားသလို ဖြစ်သွား တယ်။ အဲဒီတော့မှာ အဲဒီပိုက်အရှည်ကို အားလုံးဝိုင်းထမ်းပြီး တဲဆီကို သယ်သွားကြ တယ်။ သူတို့ သယ်သွားတဲ့ပုံက စပါးကြီးမြွေကြီးတစ်ကောင်ကို ဝိုင်းထမ်းသွားတာနဲ့တူတယ်။ သူတို့လုပ်တာအဆင့်ဆင့်ကို အခုတင်ပေးထားတဲ့ ဓာတ်ပုံတွေမှာ ကြည့် ရင်ပိုရှင်းတယ်။
သူတို့လုပ်တာအတော်စနစ်ကျပြီး အလေအလွင့်နည်းတယ်။ မြန်လည်းမြန်တယ်။ တကယ်လို့ တစ်ယောက်ချင်းကသာ တောင်းနဲ့ ကဲ့ပြီးသယ်မယ်ဆိုရင် အချိန်လည်း ပိုယူရမယ်၊ ဖိတ်တာ ပြုတာနဲ့ အလေအလွင့်လည်း များနိုင်တယ်။ သူတို့ စုပေါင်းလုပ်ဆောင်နေတာကို ကြည့်ရင်း “လက်ဝါးဖြန့်ပြီး ပါးရိုက်တာထက် လက်သီးဆုပ်ပြီး ထိုးတာက ပိုထိရောက်တယ်၊ ဘယ်တော့မဆို အင်အားကို စုစည်းပြီး သုံး” လို့ ဆုံးမခဲ့တဲ့ဆရာသမားကို သတိရတယ်။
တကယ်တော့ ဇီးချိုင်ရွာမှာ အချိန်ယူပြီး ငါးဖမ်းလုပ်ငန်း၊ ငါးခြောက်လုပ်ငန်းတွေအကြောင်း မေး ချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့က နေမဝင်ခင် နဂါးမင်းနဲ့ လည်း တွေ့ဖို့ရှိတော့ လက်စသတ် ပြီး ပြန်ခဲ့ရတယ်။
ဆက်လက်ဖော်ပြပါ့မယ်။









