မော်တင်စွန်း (၇)

မော်တင်စွန်း ဘုရားပွဲဈေးတန်းကနေ ဘုရားကုန်းတော်ပေါ်ကို ဈေးတန်းအတိုင်း ပြန်တက် လာ ရင်း ဆိုင်ခန်း နှစ်ခု ကြားကနေ စက္ကူရုပ်ကြီးတွေနဲ့ ပြခန်းတစ်ခုကို လှမ်းမြင်လိုက်ရလို့ အနား ကို သွားကြည့်တဲ့အခါ “ မြန်မာ့ပင်လယ်လိပ်ထိန်းသိမ်းရေးနဲ့ ပညာပေးပြခန်း” “ ပင်လယ် အဏ္ဏဝါ ဂေဟ စနစ် ကျန်းမာဖို့ ၊ ပင်လယ်လိပ်ကို ထိန်းသိမ်းစို့” လို့ဆိုင်းဘုတ်တင်ထားတဲ့ ပြခန်း တစ်ခု ကို တွေ့တယ်။

ပြခန်းဘေးမှာ စက္ကူနဲ့လုပ်ထားတဲ့ ပင်လယ်လိပ်ရုပ်ကြီးသုံးခုရှိတယ်။ အဲဒီလိပ်ရုပ်ကြီး တွေရဲ့ ပါးစပ်နဲ့ ဝမ်းဗိုက်ထဲမှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတချို့ထည့်ထားတယ်။ ဘေးက ဆိုင်းဘုတ်မှာတော့ အင်္ဂလိပ်- မြန်မာ နှစ်ဘာသာနဲ့ “ ပလတ်စတစ်ဆိုရင် ‘No’ ပါပဲ” ၊ “Say ‘No’ to Plastic” လို့ ရေးထားတယ်၊ အဲဒါအပြင် မြန်မာဘာသာနဲ့ လိပ်ရုပ်အနုပညာ ပြုလုပ်ထားရခြင်းရဲ့ရည်ရွယ် ချက် တွေကို ရေးထားတယ်။ အဓိကရည်ရွယ်ချက်ကတော့ ပလတ်စတစ်အမှိုက်တွေကြောင့် သဘာ၀ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ပညာပေးဖို့ဖြစ်ပါတယ်။ အဲဒီရည်ရွယ်ချက်ကို အကောင် အထည်ဖော်ဖို့အတွက် ကမ်းခြေမှာထားပေးမယ့် အမှိုက်ပုံးတွေလည်း ပြသထား တယ်။

ပြခန်းထဲမှာ စားပွဲရှည်တစ်လုံးနဲ့လိပ်ခွံကြီးနှစ်ခု၊လိပ်ခွံအသေးတစ်ခု၊ လိပ်ဥ၊ လိပ်သားပေါက် နမူနာ နဲ့ စာအုပ်စာတမ်းတချို့ခင်းကျင်းပြသထားတယ်။ ပြခန်းနံရံမှာတော့ လိပ်ကျွန်း ( သမီးလှ ကျွန်း) ဓာတ်ပုံ၊ မြန်မာနိုင်ငံရှိ ပင်လယ်လိပ်မျိုးစိတ်များ၊ ပင်လယ်လိပ်များထိန်းသိမ်းရခြင်း ရဲ့ ရည် ရွယ်ချက် နဲ့ ပင်လယ်လိပ်များထိန်းသိမ်းကာကွယ်ရေးအတွက် ဌာနရဲ့ လုပ်ဆောင်ချက် မှတ်တမ်း ဓာတ်ပုံများကို ပြသထားတယ်။ ပင်လယ်လိပ်များ၏ ဘဝစက်ဝန်းဆိုတဲ့ ကားချပ်လည်းတွေ့တယ်။ အဲဒီကားချပ်ကို ကြည့်တော့မှ ပင်လယ်လိပ်တွေဟာ အသက် သုံးဆယ်နှစ်ကနေ ငါးဆယ် နှစ် အတွင်းမှာမှ ပထမဆုံးမျိုးပွားနိုင်တဲ့ အရွယ်ကို ရောက်တယ်ဆိုတာ သိလိုက်ရတယ်။

ပင်လယ်လိပ်ပြခန်းကို ကျွန်တော်ရောက်တဲ့အချိန်မှာ ဝန်ထမ်းနှစ်ယောက်ပဲရှိတယ်။ လာကြည့် တဲ့ သူတစ်ယောက်ပဲရှိတယ်။ လိပ်ကျွန်းတာဝန်ခံကတော့ ပြခန်းမှာ ပြဖို့အတွက် လိပ်သားပေါက် လေး တွေ သွားယူနေတယ်လို့ သိရတယ်။ ကျွန်တော်သိချင်တဲ့အချက်တွေကို ရှိနေတဲ့ ဝန်ထမ်း တွေ က ရှင်းပြပါတယ်။

ကျွန်တော်တို့ ငယ်စဉ်က ရှေ့သို့ စာစောင်မှာရော၊ မော်ကွန်းရုပ်ရှင်သတင်းကားမှာပါ လိပ်ကျွန်း အကြောင်း ဖတ်ခဲ့၊ကြည့်ခဲ့ရပေမယ့် မော်တင်စွန်းဘုရားပွဲကိုလာတဲ့အချိန်မှာ လိပ်ကျွန်းလို့ ခေါ် တဲ့ သမီးလှကျွန်းအကြောင်း မစဉ်းစားမိခဲ့ဘူး။

လိပ်ကျွန်းလို့ခေါ်တဲ့ သမီးလှကျွန်းက ဟိုင်းကြီးကျွန်းကနေ ရေမိုင် ခုနစ်မိုင်အကွာမှာရှိပြီး စတုရန်း မိုင်တစ်မိုင်လောက်ကျယ်ဝန်းပါတယ်။ဧရာဝတီတိုင်းဒေသကြီးထဲမှာပင်လယ်လိပ်တွေကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက်တဲ့စခန်းနှစ်ခုရှိပါတယ်။တစ်ခုကသမီးလှကျွန်း(ခ) လိပ်ကျွန်း ဖြစ်ပြီး နောက် တစ်ခုက ကဒုံကနိ စခန်းဖြစ်ပါတယ်။ လိပ်ကျွန်းကတော့ သီးခြား ကျွန်းဖြစ်ပြီး ကဒုံ ကနိ စခန်း ကတော့ ဘိုကလေးနဲ့ အမာမြို့နယ်တွေထဲက လိပ်ဥချတဲ့ကျွန်းနဲ့ သောင်များကို စောင့်ရှောက် ထိန်းသိမ်းတာဖြစ်ပါတယ်။ ဒီစခန်းနှစ်ခုမှာ လိပ်ကျွန်းစခန်းက သက်တမ်းပိုကြာပြီး ၁၉ ၈၆ ခုနှစ် မှာ တည်ထောင်ခဲ့ပါတယ်။ ကဒုံကနိစခန်းကတော့ ၁၉ ၉ ၇ ခုနှစ်မှာ စတင် တည် ထောင်ခဲ့တာဖြစ် ပါ တယ်။

၁၇ မတ် ၂၀၁၉ အလဲဗင်းသတင်းစာပါ သတင်းအရတော့ ၂၀၁၇ – ၂၀၁၈ မှာ အဲဒီစခန်း နှစ်ခုကနေ လိပ်သားပေါက် ၅၄၁၀ကောင်ကို ပင်လယ်ထဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါ တယ်။ သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးပညာရှင်တွေရဲ့ အဆိုအရဆိုရင် အခြားသားစားသတ္တဝါများရဲ့ တိုက်ခိုက်မှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ပင်လယ်ငါးဖမ်းမှု နဲ့နောက်ဆုံးပေါ် ပြဿနာဖြစ် တဲ့ ပလတ်စတစ်အမှိုက်များရဲ့ အန္တရာယ်ကြောင့် ပင်လယ်လိပ်သားပေါက် အကောင် တစ်ထောင်မှာ တစ်ကောင်ပဲ မျိုးပွားနိုင်တဲ့အရွယ်ထိ အသက်ရှင်တယ်လို့ ဆိုပါတယ်။ အဲဒီနှုန်းထားအတိုင်း ဆို ရင် ၂၀၁၇ – ၂၀၁၈ ခုနှစ်မှာ ပင်လယ်ထဲ လွှတ်ပေးလိုက်တဲ့ အကောင်ရေငါးထောင်ကျော်ထဲ က ငါးကောင်ပဲ မျိုးပွားနိုင်တဲ့ အရွယ်ရောက်တဲ့အထိ အသက်ရှင်မှာဖြစ်ပါတယ်။ ဒီလို အခြေအနေ ကြောင့်လည်း ပင်လယ်လိပ်မျိုးတုံးတော့မယ့် အန္တရာယ်ရှိနေတာဖြစ်ပါတယ်။

၂၄ ဒီဇင်ဘာ ၂၀၂၀ အလဲဗင်းသတင်းစာပါသတင်းအရဆိုရင် လိပ်ကျွန်းမှာ ၂၀၂၀ ဒီဇင်ဘာ လဆန်းအထိ ပင်လယ်လိပ်ဥကျင်း ၇၆ ကျင်းရှိပြီး ၂၀၁၇ မှာ ၆၇ ကျင်း၊ ၂၀၁၈ ၉ ၇ ကျင်း၊ ၂၀၁၉ ၇၈ ကျင်း ဥခဲ့တယ်လို့ သိရတယ်။ ကျင်းတစ်ကျင်းမှာ ပျမ်းမ ျှ ဥ အလုံး ၈၀ လောက်ရှိပြီး ဥပေါက် နှုန်းကတော့ ၇၅% နဲ့အထက်မှာရှိတယ်။ လိပ်ကျွန်းမှာလာဥတဲ့ လိပ်ဥတွေကိုတော့ မူလနေရာ မှာ သုတေသနလုပ်ဖို့လိုအပ်တဲ့ ကျင်းအနည်းငယ်ပဲထားပြီး ကျန်တာတွေကိုတော့ အကာအကွယ် ပေးနိုင်တဲ့နေရာမှာ ရွှေ့ပြောင်းထားတယ်။ အဲဒီလို စောင့်ရှောက်ထားတဲ့ ကျင်းတွေ က သားပေါက် နှုန်းက ၇၅% အထက်ရှိတယ်လို့ဆိုပါတယ်။

ပင်လယ်လိပ်တွေက မူလပေါက်ဖွားခဲ့တဲ့နေရာမှာပဲ ပြန်လာပြီး ဥချတဲ့အတွက် လိပ်ကျွန်းမှာ လာရောက် ဥ ဥတဲ့လိပ်အရေအတွက်က ဒီကျွန်းကနေ ပေါက်ဖွားသွားတဲ့ လိပ်တွေရဲ့ ရှင် သန် နေမှုအခြေအနေကို ပြသနေတယ်လို့ ဆိုနိုင်ပါတယ်။

ပင်လယ်လိပ်ပြခန်းကို ကြည့်ရင်းနဲ့ လိပ်ကျွန်းအကြောင်းစိတ်ဝင်စားလာလို့ သွားလို့ရလားလို့ မေးကြည့်ခဲ့တယ်။ ဝန်ထမ်းတွေ အပြောအရတော့ ကျွန်းကို သွားချင်ရင် လိပ်ကျွန်း စခန်းတာဝန် ခံနဲ့ ဆက်သွယ်ပြီးမှာ သွားလို့ရတယ်၊ ဟိုင်းကြီးကျွန်းကနေ စက်လှေငှားပြီး သွားရမယ်လို့ သိ ရတယ်။ လိပ်တွေဥ ဥတာက ညဘက်မှာဆိုတော့ ညအိပ်စောင့်ပြီး ဓာတ်ပုံရိုက်လို့ရလားလို့ မေး တဲ့အခါ အဲဒါတော့ တာဝန်ခံအရာရှိမှပဲ သိမယ်လို့ ဆိုတယ်။ တကယ်လို့ ဆင်စခန်းတွေ လုပ်သ လို လိပ်ကျွန်းကို တစ်နေ့ လေ့လာသူ အရေအတွက်ကန့်သတ် ဝင်ကြေးကောက်ပြီး ခွင့်ပြု မယ်ဆိုရင် လိပ်မျိုး စိတ်ထိန်း သိမ်း ရေးအတွက် ပညာပေးရာလည်းရောက်၊ ဝင်ငွေလည်း ရမလား လို့ တွေးမိတယ်။

သို့သော် လက်ရှိအခြေအနေမှာတော့ လိပ်ကျွန်းကို ခရီးသွားတွေ ဖိတ်ခေါ်ပြီး ပင်လယ်လိပ် ထိန်းသိမ်းရေးကို ပညာပေးဖို့ နေသာသာ ပင်လယ်လိပ်ပြခန်းတောင် နေရာကောင်းကောင်း မရရှာဘူး။ ဒီလိုပြခန်းတစ်ခုက စားသောက်ဆိုင်တန်း ရဲ့နောက် ဘက်၊ စောင်းတန်း ဈေးဆိုင်ခန်း ကြား က ဖြတ်ပြီး အများသုံး အိမ် သာကို သွားတဲ့လမ်းမှာ ရောက်နေတာ စိတ်မကောင်းစရာပဲ။
တကယ်လို့ ဒီပြခန်းကို စားသောက်ဆိုင်တန်းတွေနဲ့ အတူထားမယ်၊ လိပ်ရုပ်ကြီးတွေကိုလည်း အခုထက် ပိုကောင်းအောင် လုပ်ထားနိုင်မယ်ဆိုရင် ဧည့်သည်တွေဟာ အရုပ်ကြီးတွေနဲ့ ဓာတ်ပုံရိုက်ရင်း အနည်းဆုံး လိပ်မျိုးစိတ် တွေအကြောင်းတော့ အတိုင်းအတာတစ်ခုထိ သိသွားမှာဖြစ်ပါတယ်။ စွန့်ပစ်ပလတ်စတစ်တွေ ရဲ့ အန္တရာယ်ကိုလည်း နားလည်သွားကြမှာပဲ။

အခုတော့ နေရာအနေအထားမကောင်းတဲ့အတွက် ပြခန်းရည်ရွယ်ချက်ကို အပြည့်အ၀ အကောင် အထည်ဖော်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်းတာဝန်ခံတစ်ယောက် အနေနဲ့ အထက်အာဏာပိုင်တွေရဲ့ အကူအညီမရရင် ဒီလောက်ပဲလုပ်နိုင်မှာပါ။ နည်းနည်းလေးတော့ လွဲနေတာပေါ့ ၊ သို့သော် အလွဲတွေများလွန်း တဲ့ အခြေအနေမှာ ဒီလောက်လေးလွဲတာကိုပဲ ကျေးဇူးတင်ရမှာပါ။

ဆက်လက်ဖော်ပြပါ့မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: