သာမိုင်းခမ်း (၆)

စဝ်ထွန်းအေး စော်ဘွားဖြစ်လာတဲ့အချိန်မှာ အင်္ဂလိပ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ “ ကမ္ဗောဇပဒေသရာဇာအသင်း ( The Federal Council of Shan Chiefs) ဆိုတာပေါ်ပေါက်နေပြီ။ ဒီကောင်စီပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းက အင်္ဂလိပ်အစိုးရရဲ့ မြန်မာနိုင်ငံအုပ်ချုပ်ရေးပြုပြင် ပြောင်းလဲမှုတွေ နဲ့ ပတ်သက်နေပါတယ်။

၁၉ ၂၃ ခုနှစ်မှာ အင်္ဂလိပ်က ၁၉ ၁၉ ခုနှစ် အိန္ဒိယနိုင်ငံစီရင်အုပ်ချုပ်မှု ဥပဒေ ကို မြန်မာနိုင်ငံမှာ စ တင်ကျင့်သုံးခဲ့တယ်။ သမိုင်းမှာ ဒိုင်အာခီအုပ်ချုပ်ရေးလို့ လူသိများတဲ့ အုပ်ချုပ်ရေးပုံစံဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီအုပ်ချုပ်ရေးစနစ်ကို တစ်နိုင်ငံလုံးမှာကျင့်သုံးခဲ့တာမဟုတ်ဘူး။ ရှမ်းပြည်နယ် နဲ့ ချင်း ၊ ကချင်၊ နာဂ တောင်တန်းဒေသတွေကို မဖွံ့ဖြိုးသောဒေသများ ( Backward Tract ) များလို့ သတ် မှတ်ပြီး ဒေသအလိုက်သင့်တော်တဲ့ အုပ်ချုပ်မှုစနစ်တွေကို သီးခြားသတ်မှတ်ပေးတယ်။

ရှမ်းပြည်နယ်နဲ့သင့်တော်တဲ့ အုပ်ချုပ်ရေးပုံစံကို လေ့လာဖို့အတွက် ၁၉ ၁၉ ခုနှစ်မှာ အိုင်စီအက်စ် တွမ်လစ္စတာ (Tom Lister )ကို အင်္ဂလိပ် အစိုးရက ဖွဲ့စည်းပေးထားတဲ့ မလေး စူလတန်စော်ဘွား များရဲ့ အုပ်ချုပ်မှုစနစ် ( Federal Malay States) ကို သွားရောက် လေ့လာခိုင်းတယ်။ သူ့အစီရင်ခံစာပေါ်မူတည်ပြီး ပဒေသရာဇ်ရှမ်းပြည် ( Federated Shan States ) ကို ရှမ်း ပြည်မြောက်ပိုင်း နယ်ခြောက်နယ်၊ ရှမ်းပြည်တောင်ပိုင်း သုံးဆယ့်ငါးနယ်နဲ့ ဖွဲ့စည်းပြီး ဘုရင်ခံ ရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာထားတယ်။ ရှမ်းပြည်နယ်အတွက် ခန့်အပ် ထား တဲ့ ဝန်ရှင်တော် မင်းကြီးက ဘုရင်ခံကိုယ်စား ရှမ်းပြည်နယ်အုပ်ချုပ်ရေးကို တာဝန်ယူတယ်။ ပြည်သူ့လုပ်ငန်း ဌာန၊ ကျန်းမာရေး၊ ပညာရေး ၊ သစ်တော၊ စိုက်ပျိုးရေးနဲ့ ရဲတပ်ဖွဲ့ကို ဗဟိုက တာဝန်ယူတယ်။ ကျန်တဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာစော်ဘွား၊ မြို့စား၊ ငွေခွန်မှူးတို့က တာဝန် ယူရတယ်။ အင်္ဂလိပ် ရဲ့ ရှမ်း ပြည်နယ်အုပ်ချုပ်ရေးစနစ်သစ်က ပြည်မမှာ ဒိုင်အာခီအုပ်ချုပ်ရေး မစတင်မီ သုံးလစောပြီး ၁ အောက်တိုဘာ ၂၀၂၂ ရက်နေ့မှာ အသက်ဝင်ခဲ့တယ်။

အုပ်ချုပ်ရေးစနစ်သစ်မှာအင်္ဂလိပ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ “ ကမ္ဗောဇပဒေသရာဇာအသင်း ( The Federal Council of Shan Chiefs) က ဝန်ရှင်တော်မင်းကြီးရဲ့ အတိုင်ပင်ခံကောင်စီအနေနဲ့ ဆောင်ရွက်တယ်။ ကမ္ဗောဇပဒေသရာဇာအသင်း မှာ စော်ဘွားအဆင့်ရှိ နယ်မြေအကြီးအကဲ ၁၇ ဦးနဲ့ မြို့စား၊ ငွေခွန်မှူးများထဲက ရွေးချယ်သူ ၄ ဦးပါဝင်တယ်။ အတိုင်ပင်ခံကောင်စီဖြစ်တဲ့အတွက် ဥပဒေ ပြု အာဏာမရှိဘူး။ ရှမ်းပြည်နယ်နဲ့ဆိုင်တဲ့ ကိစ္စရပ်များကို ဆွေးနွေးအကြံပြုခွင့်ရှိ တယ်။ ဒါပေမဲ့ ဝန်ရှင် တော် မင်းကြီးနဲ့ ဘုရင်ခံရဲ့ ဆုံးဖြတ်ချက်က အတည်ပါပဲ။

သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေးကို ၂၂ သြဂုတ် ၁၉ ၁၄ ခုနှစ်မှာမွေးဖွားတယ်။ ၁၉ ၃၇ ခုနှစ်မှာ သာမိုင်းခမ်းစော်ဘွားအရိုက်အရာကို ဆက်ခံတော့ အသက် ၂၃ နှစ်ရှိပြီ။ ခေတ်ပညာတတ်ဖြစ်တဲ့ အတွက်ရှမ်းပြည်နယ်အရေးကိစ္စများမှာတက်တက်ကြွကြွပါဝင်ခဲ့ပုံရပါတယ်။၁၉၃၉ခုနှစ်မှာကမ္ဗောဇ ပဒေသရာဇာအသင်း ကောင်စီဝင်အဖြစ်ရွေးချယ်ခံရတယ်။

ဒုတိယကမ္ဘာစစ်မြန်မာပြည်တိုက်ပွဲစဉ်မှာ ဂျပန် အမှတ် (၅၆) တပ်မက ရှမ်းပြည်နယ်သိမ်းပိုက်ရေး တာဝန်ယူရတယ်။ ၂၂ ဧပြီ ၁၉ ၄၂ ခုနှစ်မှာတောင်ကြီးကို သိမ်းတယ်။ ဂျပန်ကလည်း အင်္ဂလိပ် လိုပဲ သက်ဆိုင်ရာစော်ဘွား၊ မြို့စားနဲ့ငွေခွန်မှူးတွေရဲ့ အုပ်ချုပ်မှုကို အသိအမှတ်ပြုတယ်။ ၁၉ ၄၂ ခုနှစ် ဒီဇင်ဘာလမှာ တရားဝင်ခန့်အပ်စာတွေပေးတယ်။ အင်္ဂလိပ်ဝန်ထောက်တွေနေရာမှာ ကန်တို ကူကန် ( Kentokukan) လို့ခေါ်တဲ့ ဂျပန်အုပ်ချုပ်ရေးမှူးတွေ ရောက်လာတယ်။ ၁၉ ၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ မြန်မာနိုင်ငံ ကို ရွှေရည်စိမ်လွတ်လပ်ရေးပေးပြီးတဲ့နောက်ကမ္ဘောဇတိုင်း အမည်နဲ့ မင်းကြီးတစ်ယောက် ထား ပြီး အုပ်ချုပ်တယ်။ ပထမဆုံးမင်းကြီးက မိုင်းသောက်သား ဦးခင်မောင်ဖြူ ဖြစ်ပါတယ်။ ဒေသလိုက် ဝန်ထောက်တွေလည်းခန့်ထားတယ်။ အုပ်ချုပ်မှုစနစ်က တော့ အင်္ဂလိပ်ခေတ်ပုံစံအတိုင်း သက်ဆိုင်ရာစော်ဘွား၊ မြို့စား၊ ငွေခွန်မှူးတွေက တာဝန်ယူပြီး မင်းကြီးနဲ့ ဝန်ထောက်တွေက ကြီးကြပ်ပေး တာပါပဲ။

ဂျပန်ခေတ်ကာလ သာမိုင်းခမ်းစော်ဘွားရဲ့ လှုပ်ရှားမှုမှတ်တမ်းတွေတော့ ရှာမတွေ့ဘူး။ ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုတွေစတင်ချိန်နဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း မှာ တော့ စော်ဘွားစဝ်ထွန်းအေး ဟာ ရှမ်းပြည်နယ်အရေးကိစ္စများမှာ တက်တက်ကြွကြွပါဝင် လာ တာ ကို တွေ့ခဲ့ရပါတယ်။

၂၆ မတ် ကနေ ၂၈ မတ် ၁၉ ၄၆ ရက်နေ့အထိ ကျင်းပခဲ့တဲ့ လဲချားနယ် ပင်လုံအစည်းအဝေး မှာ ရှမ်းပြည်နယ်မှာရှိတဲ့ စော်ဘွား၊ မြို့စား၊ ငွေ ခွန် မှူးအားလုံးတန်းတူအသိအမှတ်ပြုပြီး စဝ်ဖလုံများ ကောင်စီ ( နယ်ရှင်စော်ဘွား များအသင်းလို့ လည်း ခေါ်ကြ တယ်) ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါ့ကြောင့်အဲဒီအချိန်ကျမှ သာမိုင်းခမ်းစော်ဘွားလို့ တရား ဝင် သတ်မှတ်ခံရတာလို့ ဆိုရမှာပါ။

၁၉ ၄၆ ခုနှစ် ဇူလိုင်လ မှာ စဝ်ဖလုံများကောင်စီကိုယ်စား ရှမ်းပြည်နယ်အရေးကိစ္စများကို ဆောင် ရွက်နိုင်ဖို့အတွက် အလုပ်အမှုဆောင် ၇ ဦးကို ရွေးချယ်တဲ့အခါ သာမိုင်းခမ်းစော်ဘွားလည်း ရွေး ချယ်ခံရပါတယ်။အဲဒီနောက်ပင်လုံညီလာခံကို တက်ရောက်ခဲ့ပြီး ၁၂ ဖေဖော်ဝါရီ ၁၉ ၄၇ ရက်နေ့ ပင်လုံစာချုပ်လက်မှတ်ရေးထိုး ရာမှာပါဝင်ခဲ့တယ်။ ပင်လုံညီလာခံအပြီး ၁၅ ဖေဖော်ဝါရီ ၁၉ ၄၇ ရက်နေ့ တောင်ကြီးမြို့မှာကျင်းပတဲ့ အစည်းအဝေးကိုတက်ရောက်ပြီး ရှမ်းပြည်ကောင်စီ ( နောင် ရှမ်းပြည် ညီညွတ်ရေးကောင်စီ) မှာ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့တယ်။ ၂၁ ဧပြီ ၁၉ ၄၇ မှာ အောင်ဆန်း – အက်တလီစာချုပ်အရ ဖွဲ့စည်းခဲ့တဲ့တောင်တန်းဒေသစုံစမ်းရေးကော်မတီနဲ့တွေ့ဆုံခဲ့တဲ့ ရှမ်း ပြည်နယ် ကိုယ်စားလှယ် ၈ ဦးမှာလည်း ပါဝင်ခဲ့တယ်။

၁၉ ၄၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲမှာ သာမိုင်းခမ်းနယ်ကိုယ်စား လှယ်အဖြစ်ရွေးချယ်ခံရတယ်။ ၁၉ ဇူလိုင် ၁၉ ၄၇ ရက်နေ့ နိုင်ငံတော်လုပ်ကြံမှုမှာ ဗိုလ်ချုပ် အောင် ဆန်းနဲ့အတူ မိုင်ပွန်စော်ဘွား စဝ်စံထွန်းကျဆုံးပြီးတဲ့နောက် စဝ်စံထွန်းကိုယ်စား ဖွဲ့စည်းအုပ်ချုပ် ပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီမှာ အစားထိုးခန့်အပ်ခြင်းခံရတယ်။ ရှမ်းပြည်စော်ဘွားများ အစည်းအရုံးရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ်လည်း ရွေးချယ်ခံရတယ်။ ၁၉ ၄၈ ခုနှစ်မှာ ရှမ်းပြည် ပြန်လည် ထူထောင်ရေးအဖွဲ့ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သလို တောင်တန်းသားများ စည်းလုံးညီညွတ်ရေး အဖွဲ့မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တယ်။ ၁၉ ၄၉ ခုနှစ်ကနေ ၁၉ ၅၁ ခုနှစ်အထိ ရှမ်းပြည် တောင်ပိုင်း စေတနာ့ဝန်ထမ်း အရေးပိုင်အဖြစ်လည်း တာဝန်ယူခဲ့တယ်။ အဲဒီလိုဆောင်ရွက်မှုတွေ ကြောင့် ၁၉ ၅၀ ပြည့်နှစ်လွတ်လပ်ရေးနေ့အခမ်းအနားမှာ “မဟာသရေစည်သူ” ဘွဲ့ချီးမြှင့်ခြင်း ခံ ခဲ့ရတယ်။

၁၉ ၅၅ ခုနှစ်မှာ ရှမ်းပြည်နယ်ဥက္ကဋ္ဌ စဝ်ခွန်ချို ခေါင်းဆောင်တဲ့ ရှမ်းပြည်တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ မှာ ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တယ်။ ၁၉ ၅၉ ခုနှစ် ဧပြီလ ၂၄ ရက် နေ့ရှမ်းပြည်နယ်စော်ဘွားများက မိမိတို့နယ်မြေအတွင်း အုပ်ချုပ်မှု နဲ့ စီမံပိုင်ခွင့် အာဏာများကို ရှမ်းပြည်နယ်အစိုးရကို လွှဲပြောင်းပေးတဲ့အခမ်းအနားမှာ သာမိုင်းခမ်းစော်ဘွားလည်း ပါဝင်လက် မှတ်ရေးထိုးခဲ့တယ်။

သာမိုင်းခမ်းစော်ဘွားစဝ်ထွန်းအေးက လွတ်လပ်ရေးရပြီးနောက်မှာလည်း ၁၉ ၄၇ ဖွဲ့စည်းပုံအုပ်ချုပ် ပုံ အခြေခံဥပဒေအရ ၁၉ ၅၁ ၊ ၁၉ ၅၆ နဲ့ ၁၉ ၆၀ ရွေးကောက်ပွဲများမှာ လူမျိုးစုလွှတ်တော် အမတ် အဖြစ် ရွေးချယ်ခြင်းခံခဲ့ရတဲ့အတွက် ရှမ်းပြည်နယ်နဲ့ပတ်သက်တဲ့ ဥပဒေရေးရာကိစ္စရပ်များမှာ လည်း ပါဝင်ဆောင်ရွက်ခဲ့သလို ပြည်ထောင်စုအစိုးရအဖွဲ့မှာလည်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဌာနဝန်ကြီး ( ၁၉ ၅၆ – ၁၉ ၅၇ )၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဌာနဝန်ကြီး ( ၁၉ ၅၇-၁၉ ၅၈) အဖြစ်တာဝန်ယူခဲ့တယ်။

၂၂ စက်တင်ဘာ ၁၉ ၆၀ ရက်နေ့ မှာ ပြည်သူ့လွှတ်တော်က အခြေခံဥပဒေပြင်ဆင်ရေးအဆိုကို အတည်ပြုပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေး ရှမ်းပြည်နယ်ဆိုင်ရာ ကြိုးကိုင် ကော်မတီမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သလို ၁၀ နိုဝင်ဘာ ၁၉ ၆၀ ရက်နေ့မှာ သမ္မတ မန်းဝင်းမောင် ဖွဲ့စည်းပေးတဲ့ ၂၉ ဦးပါ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီမှာလည်း ပါဝင်ခဲ့တယ်။အဲဒီနောက် ၈ ဇွန်ကနေ ၁၆ ဇွန် ၁၉ ၆၁ ရက်နေ့ အထိ တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ ပြည်နယ်ပေါင်းစုံ ညီလာခံကို ရှမ်း ပြည်နယ်ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့ပြီး အဲဒီညီလာခံက ဖွဲ့စည်းလိုက်တဲ့ ပြည်နယ် များ ညီ ညွတ်ရေးအဖွဲ့ ယာယီအမှုဆောင်အဖွဲ့မှာ ပါဝင်ခဲ့တယ်။

သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေးဟာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ၂၄ ဖေဖော်ဝါရီ ၁၉ ၆၂ ရက် ရန်ကုန်မှာကျင်းပတဲ့ အမျိုး သားညီလာခံအစည်းအဝေးကိုလည်းတက်ရောက်ခဲ့ပြီး မတ်လ ၂ ရက်နေ့ တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာသိမ်းယူခဲ့ချိန်မှာ အခြားစော်ဘွား များနဲ့အတူ ထိန်းသိမ်းခြင်းခံရတယ်။

စော်ဘွားစဝ်ထွန်းအေးကို ထိန်းသိမ်းခံရတော့ မဟာဒေဝီ စဝ်ကြည်ထူးကလည်း ရန်ကုန်မှာ နေ ထိုင်ပြီး ပြန်လွတ်မယ့်ရက်ကို စောင့်တယ်။ ဒါပေမဲ့ စော်ဘွားပြန်လွတ်မလာခင် ၈ ဧပြီ ၁၉ ၆၃ ရက် နေ့ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်တယ်။ သူ့အရိုးပြာကို တောင်ကြီးကို ပြန်သယ်လာတော့ အောင်ပန်းဘူတာမှာ သာမိုင်းခမ်း နယ်သူနယ်သားတွေ စောင့်ကြိုဂါရဝပြုကြတယ်။ မဟာဒေဝီ ရဲ့ ပုဝါတွေကို တံခွန်လုံးလုပ်ပြီး သာမိုင်းခမ်း ဘုန်းကြီးကျောင်းကို လှူတယ်။ အရိုးပြာကိုတော့ တောင် ကြီး က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သင်ပုတ်ပလ္လင် လုပ်ပြီး ထားတယ်။

စော်ဘွား စဝ်ထွန်းအေးကတော့ ၁၉ ၆၈ ခုနှစ်ရောက်မှ ထိန်းသိမ်းခံထားရာကနေ ပြန်လွတ်တယ်။ အဲဒီနောက်ပိုင်းသူ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး အထောက်အထားမတွေ့တော့ပဲ ၂၆ ဇူလိုင် ၁၉ ၈၆ ရက်နေ့ ရန်ကုန်မြို့မှာကွယ်လွန်တယ်လို့ပဲ သိရပါတယ်။ သူ့အရိုးပြာတွေကိုတော့ တောင်ကြီး ကို ပြန်မသယ်ဘူး။ ကြံတောသုသာန်မှာပဲ မြှုပ်နှံခဲ့တယ်။ ဒါကတော့ ရှာဖွေလို့ရသမ ျှ အထောက် အထားတွေအရ သိခဲ့ရတဲ့အချက်အလက်တွေပါပဲ။ ညောင်ရွှေမှာ သာမိုင်းခမ်းစော်ဘွားရဲ့ မြေး တစ်ယောက်ရှိတယ်လို့ သိရပေမယ့် မသွားနိုင်ခဲ့ဘူး။ ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့အချက် အလက်များကို လိုတာထပ်ဖြည့်၊ မှားတာပြင်ပေးရင်တော့ သာမိုင်းခမ်းစော်ဘွား စဝ်ထွန်းအေး အကြောင်းက ပိုပြီးပြည့်စုံမှာပါ။

ဒီလိုနဲ့ သာမိုင်းခမ်းစော်ဘွားနယ်ရဲ့ သမိုင်းကြောင်းက ၁၉ ၆၂ ခုနှစ်မတ်လ ၂ ရက်နေ့မှာ ပြီးဆုံး သွား တယ်လို့ ပြောနိုင်ပါတယ်။ အဲဒီနောက် ခေတ်စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် သာမိုင်းခမ်းအခြေအနေက ဘယ်လိုလဲဖြစ်နေပြီလဲ။

ဆက်လက်ဖော်ပြပါ့မယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: