ထိုင်းအခြေခံဥပဒေ ၂၀၁၇ ဟာ ၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ် ယင်လတ်အစိုးရကို ဖြုတ်ချပြီး အာဏာ သိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်နဲ့ အမျိုးသားငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီ National Council for Peace and Order (NCPO) ကဦးဆောင်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ ဖြစ် ပါတယ်။
တကယ်တော့ ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးချိန်မှာ ဗိုလ်ချုပ်ကြီး ပရာယွတ်က တစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့ ကတိပေးခဲ့တာပါ။ ဒါပေမဲ့ အခြေခံဥပဒေအသင့်မဖြစ်သေးလို့ ဆိုပြီး ၂၀၁၅ ခုနှစ်၊၂၀၁၆ ခုနှစ်၊ ၂၀၁၇ နှစ်လယ်၊ ၂၀၁၇ ဒီဇင်ဘာ၊ ၂၀၁၈ နိုဝင်ဘာ နဲ့ ၂၀၁၉ ဖေဖော်ဝါရီ လတွေမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ အကြိမ်ကြိမ်ရက်ရွှေ့ခဲ့ပြီး နောက်ဆုံး ၂၀၁၉ ခုနှစ် မတ်လ ၂၄ ရက်နေ့ ရောက်မှ ကျင်းပနိုင်တော့တယ်။ ဒီလိုနဲ့ ကတိတွေအကြိမ်ကြိမ်ပေး၊ အကြိမ်ကြိမ် ရက်ရွှေ့ခဲ့ တဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်ကို ဝေဖန်သူတွေက “ ပလီပလာ ပရာယွတ်” လို့ နာမည် ပေး လိုက်ကြတယ်။
၂၀၁၇ အခြေခံဥပဒေက ဝန်ကြီးချုပ်ရွေးချယ်တဲ့အခါမှာ ထိုင်းစစ်တပ်က ထောက်ခံတဲ့သူပဲ ဝန်ကြီး ချုပ် ဖြစ်ဖို့ အလားအလာများအောင် နဲ့ လွှတ်တော်မှာ ပါတီတစ်ခုတည်းနဲ့ အများစုနေရာရမသွား အောင် နည်းလမ်းမျိုးစုံအသုံးပြုထားတယ်။
ပထမဆုံးနည်းလမ်းက ဝန်ကြီးချုပ်ရွေးချယ်တဲ့ စနစ်ဖြစ်ပါတယ်။ သာမန်အားဖြင့် ပါလီမန် ဒီမို ကရေစီ စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ လွှတ်တော်နှစ်ရပ် ပါဝင်လို့ရှိရင် လူဦးရေကို အခြေခံပြီး ရွေး ချယ်တဲ့အောက်လွှတ်တော်မှာ နေရာအများဆုံးနိုင်တဲ့ ပါတီခေါင်းဆောင်က ဝန်ကြီးချုပ်ဖြစ်တယ်။ ပါတီတစ်ခုတည်းက ထက်ဝက်ကျော်နေရာနိုင်ရင် တစ်ပါတီတည်း အစိုးရဖွဲ့ပေါ့။ အဲဒီလို မနိုင်ရင် တော့ စိတ်တူကိုယ်တူပါတီတွေနဲ့ ညွှန့်ပေါင်းအစိုးရဖွဲ့ပြီး အုပ်ချုပ်ပေါ့။ ထိုင်းနိုင်ငံရဲ့ ၂၀၀၇ အခြေ ခံဥပဒေမှာလည်း ဒီအတိုင်းပဲ။
၂၀၁၇အခြေခံဥပဒေကျတော့ဒီလိုမဟုတ်တော့ဘူး။ဝန်ကြီးချုပ်ကိုအထက်လွှတ်တော် အမတ် ၂၅၀ နဲ့အောက် လွှတ် တော် အမတ် ၅၀၀ ပေါင်းပြီး မဲပေးရွေးရတယ်။ ဒါ့ကြောင့် စုစုပေါင်း အမတ် နေရာ ၇၅၀ မှာ အနည်းဆုံး ၃၇၆ မဲ ရမှ ဝန်ကြီးချုပ်ဖြစ်မယ်။ ဒီတော့အောက်လွှတ်တော် အမတ် အများစုရဲ့ ထောက်ခံမှုရရုံနဲ့ ဝန်ကြီးချုပ် မဖြစ်တော့ဘူး။
ဒီတော့အထက်လွှတ်တော်အမတ်တွေရဲ့ထောက်ခံမှုရဖို့ လို လာပြီဒါပေမဲ့၂၀၁၇အခြေခံဥပဒေအရ အထက် လွှတ်တော်အမတ်၂၅၀ ဦးက ရွေးကောက်ခံအမတ် တွေ မဟုတ်ဘူး။ ထိုင်းတပ်မတော်က ဖွဲ့စည်းပေးတဲ့ အထက်လွှတ်တော်အမတ်ရွေးချယ်ရေး ကော် မတီက ရွေးချယ်ပြီး ဘုရင့်အတည် ပြုချက်နဲ့ ခန့်အပ်တာဖြစ်ပါတယ်။ အထက်လွှတ်တော် အမတ် တွေဟာနိုင်ငံရေးပါတီတွေနဲ့ ပတ်သက်ခြင်းမရှိတဲ့သူတွေဖြစ်ရပါတယ်။ဒါ့အပြင်ထိုင်းတပ်မတော် စစ်သေနာပတိချုပ်၊ ကြည်းတပ် ဦးစီးချုပ်၊ လေတပ်ဦးစီးချုပ်၊ ရေတပ်ဦးစီးချုပ်၊ ရဲချုပ် နဲ့ ကာကွယ် ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်တို့က အလိုအလျောက် အထက်လွှတ်တော်အမတ်ဖြစ်ပါ တယ်။
၂၀၁၉ ရွေးကောက်ပွဲအပြီးမှာ ရွေးချယ်ခဲ့တဲ့ အထက်လွှတ်တော် (ဆီးနိတ်) အမတ် ၂၅၀ မှာ ၁၀၄ ယောက်က တာဝန်ထမ်းဆောင်ဆဲ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကျန်တာက နိုင်ငံဝန်ထမ်း၊ တရားရေး၊ ပညာရေး၊ စီးပွားရေး စတဲ့ကဏ္ဍအသီးသီးက နာမည်ကျော်ကြားထင်ရှားသူတွေဖြစ် ပါ တယ်။ ဒီတော့ အထက်လွှတ်တော်အမတ် ၂၅၀ ဆိုတာက နန်းတော်နဲ့ စစ်တပ်အတွက် သပိတ်ဝင်၊ အိတ်ဝင် မဲ တွေဖြစ်ပါတယ်။
ဒုတိယနည်းလမ်းကတော့ အောက်လွှတ်တော်မှာ ပါတီတစ်ခုတည်းထက် အမတ်နေရာ ထက်ဝက် ကျော် အနိုင်ရနိုင်တဲ့အခွင့်အလမ်းနည်းနိုင်သမ ျှ နည်းအောင် လုပ်ထားတာဖြစ်ပါတယ်။ အခြေခံ ဥပဒေအရ ထိုင်းအောက်လွှတ်တော်အမတ်နေရာ ၅၀၀ ရှိတယ်။ အဲဒီထဲက ၃၅၀ နေရာကို အများဆုံးရသူအနိုင်ယူ စနစ်နဲ့ တိုက်ရိုက်ရွေးချယ်တယ်။ ကျန်တဲ့ ၁၅၀ ကို အချိုးကျပီ အာရ်စနစ် အရ ပါတီစာရင်း ( Party List ) ကနေ ရွေးတယ်။
ထိုင်းနိုင်ငံရဲ့ ၂၀၀၇ အခြေခံဥပဒေမှာလည်း ဒီလို ရောနှောပုံစံကျင့်သုံးခဲ့တဲ့အတွက် ၂၀၀၇ နဲ့ ၂၀၁၇ အခြေခံဥပဒေနှစ်ခုကြား ခြားနားချက်ကို နှိုင်းယှဉ်ကြည့်လိုက်ရင် ထိုင်းစစ်တပ်ရဲ့ ကစားကွက်ကို ပို ပြီးမြင်နိုင်မှာဖြစ်ပါတယ်။
၁။ ၂၀၀၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်လွှတ်တော်အမတ် ၃၇၅ ယောက်ကို အများဆုံး ရသူ အနိုင်ယူစနစ်နဲ့တိုက်ရိုက် ရွေး တယ်။ ၁၂၅ ယောက်ကို အချိုးကျပီ အာရ်စနစ် အရ ပါတီ စာရင်း ( Party List ) ကနေ ရွေးတယ်။ ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ဒီအချိုးက ၃၅၀ ၊ ၁၅၀ ဖြစ် သွားတဲ့အတွက် ပါတီတစ်ခုအနေနဲ့ တိုက်ရိုက်အနိုင်ယူနိုင်တဲ့ အမတ်နေရာ ၂၅ နေရာ လျော့သွားတယ်။ ဒါ့ကြောင့် ပါတီတစ်ခုဟာ အောက်လွှတ်တော်က တိုက်ရိုက်ရွေးတဲ့ အမတ်နေရာ အားလုံးကို နိုင်ရင်တောင် သူ့သဘောတစ်ခုတည်းနဲ့ ဝန်ကြီးချုပ်ရွေးလို့မရဘူး။
၂။ နောက်တစ်ခါ ၂၀၀၇ အခြေခံဥပဒေမှာ အသုံးပြုတဲ့ အချိုးကျ တွက်ချက်နည်းအရ တိုက်ရိုက် အရွေးခံရတဲ့ အမတ်နေရာများလေ၊ အချိုးကျ ပီအာရ်စနစ်အရ ပေးတဲ့ခွဲတမ်းအမတ်နေရာလည်း များလေဖြစ်တယ်။ ဒါပေမဲ့ ၂၀၁၇ အခြေခံဥပဒေမှာတော့ တိုက်ရိုက်အရွေးခံရတဲ့ အမတ်နေရာများ လေ၊ အချိုးကျပီအာရ်စနစ်အရ ပေးတဲ့ခွဲတမ်းနည်းလေပဲ။ ဒါ့ကြောင့် အောက်လွှတ်တော်အမတ် နေရာ ၅၀၀ မှာ ပါတီတစ်ခုတည်းက ၃၇၆ နေရာ ကျော်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါ။
တတိယနည်းလမ်းကတော့ ဝန်ကြီးချုပ် အဖြစ်တာဝန်ယူမယ့်သူကို အဆိုပြုတဲ့နည်းလမ်းဖြစ် ပါ တယ်။ ပါလီမန်ဒီမိုကရေစီစနစ် ဆိုတာ အောက်လွှတ်တော်မှာ နေရာအများဆုံးနိုင်တဲ့ပါတီ သို့ မဟုတ် ညွန့်ပေါင်းအစိုးရကို ဦးဆောင်မယ့် ပါတီခေါင်းဆောင်က ဝန်ကြီးချုပ် တာဝန်ယူတာဖြစ် ပါတယ်။ ဝန်ကြီးချုပ်လုပ်မယ့်သူက အောက်လွှတ်တော်အမတ်လည်း ဖြစ်ရပါတယ်။
ဒါပေမယ့်ထိုင်း၂၀၁၇အခြေခံဥပဒေကတော့ အဲဒီလို မဟုတ်ဘူး။ ပါတီတွေက ရွေးကောက် ပွဲမဝင် ခင်မှာ သူတို့ပါတီရဲ့ ဝန်ကြီး ချုပ်လောင်းက ဘယ်သူဆိုတာ ကြိုတင် ကြေညာရတယ်။ ဒါ့ အပြင် ဝန်ကြီးချုပ်လျာထားသူဟာ မိမိပါတီရဲ့ ခေါင်းဆောင်ဖြစ်ဖို့မလိုဘူး။ လွှတ်တော် ကိုယ်စား လှယ် ဖြစ်ဖို့လည်း မလိုဘူး။ အဲဒီပြဋ္ဌာန်းချက်ကြောင့် ၂၀၁၄ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ် ကြီး ပရာယွတ်ဟာ ၂၀၁၉ ရွေးကောက်ပွဲမှာ ပါတီ လည်း မထောင်၊ ရွေးကောက်ပွဲလည်းမဝင် ပဲ နဲ့ ဝန်ကြီးချုပ် ဖြစ်လာတာပါ။
ပြန်ချုပ်လိုက်ရင်တော့ ရွေးကောက်ခံမဟုတ်တဲ့ အထက်လွှတ်တော်က ဝန်ကြီးချုပ် ရွေးချယ်ရာမှာ ပါဝင်နေမှု၊ ပါတီတွေကြားမှာ မဲကွဲနိုင် သမ ျှ ကွဲသွားအောင် ဖန်တီးထားတဲ့ အောက်လွှတ်တော်နဲ့ ရွေးချယ်ခံမဟုတ်သူ ဝန်ကြီးချုပ် ဖြစ် နိုင်တဲ့ အခွင့်အရေး ဆိုတဲ့ နည်းလမ်းသုံးခုဟာ ထိုင်းစစ်တပ်ရဲ့ နိုင်ငံရေးလက်နက်တွေဖြစ်ပြီး ဒီလက် နက်တွေကို ဘယ်လိုသုံးသလဲဆိုတာ ၂၀၁၉ ရွေးကောက်ပွဲ မှာ လေ့လာနိုင်ပါတယ်။
၂၀၁၉ ခုနှစ်ရွေးကောက်ပွဲမှာ သက်ဆင်ထောက်ခံသူတွေရဲ့ ဖွေ့ထိုင်းပါတီက တိုက်ရိုက်နဲ့ အချိုးကျ အမတ် ၁၃၆ နေရာ အနိုင်ရတယ်။ ပရာယွတ်ကို ဝန် ကြီးချုပ်လောင်းအဖြစ် အဆိုပြုထားတဲ့ Palang Pracharath Party က ၁၁၆ နေရာနိုင်တယ်။ လူငယ်တွေ ဦးဆောင်တဲ့ Future Forward Party ( အခု ၂၀၂၃ ရွေးကောက်ပွဲမဲအများဆုံးရတဲ့ Move Forward party ရဲ့ အရင်အမည်) က ၈၁ နေရာနိုင်တယ်။ သက်တမ်းရင့် ဒီမိုကရက်ပါတီက ၅၃ နေရာနိုင်တယ်။ Bhumjaithai Party ပါတီက ၅၁ နေရာနိုင်တယ်။ ပါတီအလိုက်မဲရရှိမှုကို ပုံမှာ ကြည့်ပါ။ ဖွေ့ထိုင်းပါတီက အနီရောင်ဖြစ်ပါတယ်။
ဒီတော့ အောက်လွှတ်တော်အမတ် ၅၀၀ မှာ ၄၃၇ နေရာက အဓိက ပါတီကြီး ငါးခုကြားနဲ့ ကျန်တဲ့ ၆၃ နေရာက ပါတီငယ် ၂၁ ပါတီကြားမှာ ပျံ့သွားတယ်။ အခြေခံဥပဒေ အရ ဝန်ကြီးချုပ်ကို အထက် လွှတ်တော်အမတ် ၂၅၀ နဲ့ အောက်လွှတ်တော် အမတ် ၅၀၀ စုစုပေါင်း ၇၅၀ က ရွေးတာ ဆို တော့ ၃၇၆ မဲရဖို့ညွန့်ပေါင်းအစိုးရဖွဲ့ပြီး ထောက်ခံမဲ စုရမယ်။
အဲဒီအချိန်မှာ ပရာယွတ်နဲ့ အာဏာသိမ်းအစိုးရအဖွဲ့ကို ဆန့်ကျင်တဲ့ ဖွေ့ထိုင်း ၁၃၆မဲ နဲ့ Future Forward Party ၈၁မဲ ပေါင်းလိုက်ရင် ၂၁၇ မဲပဲရှိတဲ့အတွက် ၃၇၆ မဲရဖို့ ၁၅၉ မဲ လိုတယ်။ ပရာယွတ် ဘက်က ကြည့်ရင် အထက်လွှတ်တော် ၂၅၀ မဲ ၊ နဲ့ Palang Pracharath Party ၁၁၆ ပေါင်းလိုက်ရင် ၃၆၆ မဲ ရှိတဲ့အတွက် ဝန်ကြီးချုပ်ဖြစ်ဖို့ ၁၀ မဲပဲလိုတော့တယ်။
အဲဒီလို ပရာယွတ်အရေးသာနေတာကို မြင်တဲ့ ကျန်တဲ့ပါတီတွေကလည်း ပရာယွတ်ရဲ့ညွန့်ပေါင်း အစိုးရအဖွဲ့မှာ ပါနိုင်ဖို့အတွက် ပရာယွတ်ကို ထောက်ခံလိုက်တဲ့အတွက် ပရာယွတ်က ထောက်ခံမဲ ၅၀၀ နဲ့ ဝန်ကြီးချုပ်ဖြစ်သွားတယ်။ အဲဒီမဲခွဲမှုမှာအထက်လွှတ်တော် အမတ် ၂၅၀ အနက် ၂၄၉ ယောက်က ပရာယွတ်ကို ထောက်ခံမဲပေးခဲ့ကြတယ်။
၂၀၁၉ ရွေးကောက်ပွဲမှာ အဲဒီလိုဖြစ်ခဲ့ရင် ၂၀၂၃ ရွေးကောက်ပွဲ ရလဒ်ကနေ ဘာတွေဆက်ဖြစ်လာ နိုင်မလဲ။ ဒီနေရာမှာ တစ်ခု သတိ ပြုဖို့ လိုတာက အခုသတင်းထုတ်ပြန်ထားတဲ့ ရလဒ်တွေက အတည်မဟုတ်သေးဘူး။ ထိုင်းဥပဒေ အရ ရွေးကောက်ပွဲကျင်းပပြီး ရက်ခြောက်ဆယ်ပြည့်မှ ရလဒ် တွေကိုတရားဝင်အတည်ပြုပြီးဝန်ကြီးချုပ်ရွေးချယ်ဖို့အတွက်မဲခွဲရမှာဖြစ်ပါတယ်။ ဒါ့အပြင် အခုအချိန်မှာ ပြောဆို နေတာတွေအားလုံးက နိုင်ငံရေး အကွက်ရွှေ့နေကြတာတွေဖြစ်တဲ့အတွက် ပါတီတွေ ကြားမှာ အပေးအယူ အလျော့ အတင်း နဲ့ ဈေးခေါ်တာတွေလည်း ရှိဦး မှာပါ။
ဆက်လက်ဖော်ပြပါ့မယ်။
