အင်းလေး (၃)

အင်းလေး ရှေ့ရေး

အင်းလေးကန်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀၀၀ ကျော်မှာရှိတဲ့ ကုန်းမြင့်ဒေသ ရေချိုကန်ကြီး ဖြစ်ပါ တယ်။ အင်း‌လေးကန်ဟာ သဘာဝရေချိုကန်သက်သက်မဟုတ်ဘူး။ ကန်ထဲမှာ လူသားတွေနဲ့ သားငှက်တိရိစ္ဆာန် ပေါင်းစုံ အတူတကွ နေထိုင်ရှင်သန်နေတဲ့နေရာဖြစ်တယ်။ အင်းလေးကန်ထဲမှာ ကျေးရွာအုပ်စု ၃၄ အုပ်စု၊ ရွာပေါင်း ၄၃၄ ရွာ၊ လူဦးရေ တစ်သိန်းရှစ်သောင်းကျော် ရှိသလို  ငှက်မျိုးစိတ် ၂၆၇ မျိုး၊ ငါးမျိုးစိတ်  ၄၃ မျိုး ရဲ့ နေရင်းဒေသလည်း ဖြစ်တယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ မတွေ့နိုင်ဘဲ အင်းလေးဒေသမှာပဲ တွေ့နိုင်တဲ့ ခရုမျိုးစိတ် ၂၀ နဲ့ ငါးမျိုးစိတ် ၉ မျိုးလည်းရှိတယ်။ ဆောင်းရာသီဆိုရင် အင်းလေးကို  ဆောင်းခိုငှက် နှစ်သောင်းကျော်လောက်လာတယ်။ 

 ဒီလိုထူးခြားတဲ့ အခြေအနေတွေရှိတဲ့အတွက်  ၁၉၈၅ ခုနှစ် မှာ  ၆၄၂ စတုရန်းကီလိုမီတာကျယ်တဲ့ အင်းလေးကန် ဘေးမဲ့တောကိုတည်ထောင်ခဲ့တယ်၊ ဒါ့အပြင် ‌ဘေးမဲ့တောနဲ့ ဆက်စပ်နေတဲ့  မြောက်ဘက် ၁၀.၃၆ ကီလိုမီတာ ကိုလည်း  ငှက်ထိန်းသိမ်း ရေး နယ်မြေ အဖြစ်သတ်မှတ်ခဲ့တယ်။ အာဆီယံအဖွဲ့ကလည်း ၂၀၀၃ ခုနှစ်မှာ  အာဆီယံ အမွေအနှစ်ဥယျာဥ် အဖြစ် သတ်မှတ်ခဲ့ပြီး  ၂၀၁၅ ဇွန်လ ၉ ရက်နေ့မှာ ယူနက်စကို က အင်းလေး ကန်ဒေသကို လူသားနှင့် ဇီဝ  အဝန်းနယ်မြေ( Man and Biosphere Reserve- MAB) အစီအစဥ်အရ ဇီဝအဝန်း နယ်မြေ တစ်ခု အဖြစ်သတ်မှတ်ပေးခဲ့တယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ်မှာ ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခဲ့ ပြီး ၂၀၂၀ ပြည့် နှစ်မှာတော့ အရှေ့အာရှ-ဩစတေးလျ ငှက်များပျံသန်းရာလမ်းကြောင်းမှာရှိတဲ့အတွက် အရေး ကြီး ငှက်နယ် မြေ  IBA အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ 

အင်းလေးကန်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးပေးတဲ့ သတ်မှတ်ချက်အမျိုးမျိုးရှိနေပေမဲ့လည်း လက်တွေ့ဘဝမှာတော့ အင်းလေးကန်ရဲ့ သဘာဝပတ်ဝန်းကျင်ဟာ ပိုကောင်းမလာဘဲ ပိုပြီး ဆိုးဝါးလာနေပါ တယ်။ အင်းလေးကန်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေမှာ ဖော်ြပခဲ့တဲ့ စိန်ခေါ်မှု တွေကို ပြန်ချုပ်လိုက်ရင် ဟိုတယ်များရဲ့  မြေယာအသုံးချမှုနဲ့ ရေဆိုးစွန့်ပစ်မှု၊ အင်းအတွင်းကျေးရွာများရဲ့ မိလ္လာ စွန့်ပစ်မှု၊ အင်းအတွင်းရှိ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများရဲ့ ဓာတုပစ္စည်းများ စွန့်ပစ်မှု၊ စိုက်ပျိုးရေး လုပ်ငန်း များမှာ ပိုးသတ်ဆေးနဲ့ ဓာတ်မြေဩဇာ အလွန်အကျွံသုံးစွဲမှု။  အင်းလေးရေဝေရေလဲ ဒေသအတွင်း တောပြုန်းပြီး အင်းအတွင်း နုန်းပို့ချမှုများပြားလာ မှုနဲ့ ရာသီဥတုပြောင်းလဲလာမှုများ ဖြစ်တာကို တွေ့ရပါတယ်။ 

 အဲဒီထဲမှာ ထင်သာမြင်သာအရှိဆုံးကတော့ နုန်းပို့ချမှုများပြီး ကန်ဧရိယာကျဥ်းလာတာနဲ့ နွေရာသီဆိုရင် ကန်ရေ နည်းလာတဲ့ အခြေအနေပါပဲ။ အင်းလေးကန်ထဲကို  စီးဝင်တဲ့ချောင်းက အင်း အရှေ့ဘက်မှာ  ၁၇ ချောင်း၊ အနောက်ဘက်မှာ  ၁၁ ချောင်းနဲ့  မြောက်ဘက်မှာ  တစ်ချောင်း၊ စုစုပေါင်း ချောင်း ၂၉ ချောင်းရှိတယ်။   ရေဆင်း ဧရိယာ၁၄၂၂ စတုန်းရန်းမိုင်ရှိတယ်။ သဘာဝအရ အထူးသဖြင့် မိုးရာသီဆိုရင် အဲဒီချောင်းရေတွေနဲ့ အတူ နုန်းတွေ  ကအင်းထဲကိုရောက်လာတာပါပဲ။ပတ်ဝန်းကျင်တောင်တန်းတွေပေါ်မှာ တောပြုန်းတာများလာတာနဲ့ အမျှ ကန်ထဲ ကို နုန်းပို့ချမှုကလည်း ပိုများလာတာပေါ့။  

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် စော်ဘွားခေတ်ထဲက ဆောင်ရွက်ခဲ့တာပါ။ ညောင်ရွှေစော်ဘွားအဆက်ဆက် က အင်းလေးကန်အ‌ရှေ့ဘက်မှာ တစ်ဖက်ဆည်ကန် ကိုးကန်တည်ဆောက်ခဲ့တယ်။ အဲဒီတစ်ဖက်ဆည်ကန်တွေ က စိုက်ပျိုးရေးအတွက်ရေပေးသလို အင်းထဲကို စီးဝင်မဲ့ ချောင်းတွေရဲ့  နုန်းစစ်ကန်တွေလည်းဖြစ်တယ်။ အင်း အနောက်ဘက်မှာတော့ မြေအနေအထားအရ တောင်တန်းနဲ့ ကန်ကြားမှာ မြေပြန့်ဧရိယာနည်းလို့ တစ်ဖက် ပိတ်ဆည်တွေတည်ဆောက်လို့မရတဲ့အတွက် တောင်စောင်းအမြင့်ပိုင်းမှာ သစ်တော၊ တောင်ခြေ မှာ ရွာ အလိုက် ထင်းတော ဝါးတော နဲ့ မြေပြန့်နေရာမှာ စိုက်ခင်းတွေထားပြီး နုန်းပို့ချမှုကို ထိန်းခဲ့တယ်။  နုန်းပို့ချမှုများတဲ့ သန်းတောင်ချောင်းမကြီးကို ရေပေးမြောင်းငါးခု ခွဲပြီး စိုက်ပျိုးရေး အတွက် အသုံးချခြင်းဖြင့် နုန်းပို့ချမှုနည်း အောင်လုပ်ပေးခဲ့တယ်။ 

အင်းလေးကန်ထဲမှာ သောင်တူးစက်နဲ့ ရေလမ်းကြောင်းတူးဖော်ဖို့အတွက်ကိုတော့  ၁၉၈၉ ခုနှစ်မှာ တိုင်းတာရေး စလုပ်ပြီး ၁၉၉၀ မှာလုပ်ငန်း စတင်ခဲ့တယ်။၁၉၉၂ ခုနှစ်မှာ   ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြား  ရေးမှူး ရုံးကို ညောင်ရွှေမှာ ဖွင့်ခဲ့တယ်။ ၂၀၂၂ စာရင်းအရတော့   စီမံကိန်းလုပ်ငန်းတွေ စတင်ဆောင်ရွက်တဲ့အချိန်ကနေ လက်ရှိအချိန်အထိ နုန်းထိန်းတမံ ခြောက်ခု၊ နုန်းဖမ်းဆည်အသေး ၂၈၄ ခု တည်ဆောက်ခဲ့ပြီး သဲနုန်းကျင်း ၃၅ ဒသမ ၅၆ သိန်း ဆယ်ယူခဲ့ပြီးဖြစ်တယ်လို့ ဆိုတယ်။ 

ဒါ့အပြင် အင်းလေးကန်ထိန်းသိမ်းကာကွယ်ရေးစီမံချက်ကို ၂၀၁၀ ပြည့်နှစ်က စပြီး ငါးနှစ် စီမံကိန်းနဲ့ ဆောင် ရွက် ခဲ့တာလည်းရှိတယ်။အဲဒါကတော့ ရေလမ်းကြောင်းထိန်းသိမ်းရေးတင်မဟုတ်ဘဲ ဘက်စုံထိန်းသိမ်းရေးအတွက် ဆောင်ရွက်တာဖြစ်ပြီး ၂၀၁၂ က စပြီး UNDP နဲ့ နော်ဝေနိုင်ငံတို့က ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဒုတိယ ငါးနှစ် စီမံ ကိန်းက ၂၀၂၀ မှာ ပြီးတာဆိုတော့ အခုဆက်လုပ်နေလား၊ နိုင်ငံတကာက ပါဝင်နေသေးလာဆိုတာတော့ မသိဘူး။  

နှစ်အဆက်ဆက် ထိန်းသိမ်းမှုတွေလုပ်ခဲ့ပေမဲ့ အင်းလေးကန်ကတော့ တဖြည်းဖြည်းကျုံ့လာနေတယ်။ ၁၉၃၄ ခုနှစ်က အင်းလေးကန်ဧရိယာက ၁၀၄ စတုရန်းမိုင်ရှိပေမဲ့ အခု ၆၃ စတုရန်းမိုင်ပဲရှိတော့တယ်။ အဲဒီထဲမှာ ကျွန်းမျောရိုင်း ဧရိယာ ၁၃ စတုရန်းမိုင်၊ ကျွန်းမျော စိုက်ခင်းဧရိယာ ၁၅ စတုရန်းမိုင်၊ လူနေထိုင်သည့် ဧရိယာ ၃ စတု ရန်းမိုင်၊ စိုက်ပျိုးမြေ ၈ စတုရန်းမိုင်ကို နှုတ်လိုက်ရင် အင်းရေပြင်ကျယ်ဧရိယာက ၂၄ စတုရန်းမိုင်ပဲ ကျန် တယ်။ နွေရာသီဆိုရင် ကန်ရေနည်းလာတဲ့အတွက် တချို့ရွာတွေမှာ ရေလမ်းက လူသွားလမ်းဖြစ်လာတယ်။  ဖောင်တော်ဦးဘုရားလှေဆိပ်တောင် ကုန်းပြင်ဖြစ်သွားတဲ့ နှစ်တွေရှိလာတယ်။ 

အင်းလေးကန်ထဲ နုန်းပို့ချတာကို ထိန်းသိမ်းဖို့ အကုန်အကျအနည်းဆုံးနဲ့ အထိရောက်ဆုံးကတော့ ရှေးယခင် ထဲ ကျင့်သုံးခဲ့တဲ့ သစ်ပင်တွေ၊ ကိုင်းတောတွေကို ထိန်းသိမ်းထားတဲ့နည်းလမ်းပါပဲ။ ဒါပေမဲ့လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တာဝန်ရှိတဲ့ ဌာနတွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့  အကျိုးစီးပွားကို ဟန့် တားဖို့မလွယ်လှဘူး။

အထင်ရှားဆုံးသာဓက နှစ်ခုကတော့ ၂၀၁၁ မတ်လ  မှာ အင်းအရှေ့ဘက် မိုင်းသောက် ကျေးရွာ အုပ်စုမှာ   သဘာဝ နုန်းစစ်ကန်အဖြစ်တည်ရှိနေတဲ့ ကိုင်းတော ဧက ၉၀ ကိုဟိုတယ်စီမံကိန်းအတွက် သစ်တောမြေအဖြစ်က စွန့်လွှတ် လိုက်ပေးလိုက်တဲ့ ဖြစ်စဥ်နဲ့  ၂၀၁၂ ခုနှစ်အတွင်းမှာ အင်းအရှေ့ဘက်ခြမ်း ဟိုတယ်စီမံကိန်းအတွက် သစ်တောမြေ ၆၂၂ ဧက ( တချို့သတင်းတွေမှာ ၆၆၂ ဧက) ကို စွန့်လွှတ်ပေးလိုက်ရတဲ့ ဖြစ်စဥ်တွေပါပဲ။ အဲဒီ ကိစ္စ နှစ်ခုလုံးဟာ  ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းနေပါတယ်။ 

 ဒီဖြစ်စဥ်နှစ်ခုကဖွံ့ဖြိုးတိုးတက်မှုကိုသဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိဘဲနဲ့ရနိုင်မလား၊ဒီနှစ်ခုကို ဟန်ချက် ညီ အောင် ဘယ်လိုလုပ် မလဲ။ ငွေကြေးနဲ့လူ့စွမ်းအားအရင်းအမြစ်ကို ဘယ်လိုသုံးမလဲ ဆိုတဲ့အချက်ကို မီးမောင်း ထိုးပြနေ တာပဲ ဖြစ်ပါတယ်။  အဲဒီအတွက် အဓိက လိုအပ်ချက်ကတော့ အင်းလေးကန်ရေရှည် တည်တံရေး  စီမံ ခန့်ခွဲ မှုတွေမှာ ဒေသခံလူထုတွေပိုမိုပါဝင်ခွင့်ပေးဖို့ပါပဲ။ အဲဒီလို လုပ်ပိုင်ခွင့်ဆိုတာကလည်း ဥပဒေနဲ့ သတ်မှတ် ပေးမှ ခိုင်မာ မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အင်းတိုင်းရင်းသားတွေက ရှမ်းပြည်နယ်လွှတ်တော်ကနေ ဥပဒေ ပြဋ္ဌာန်း ပေး နိုင်ဖို့ အတွက် ကြိုးစားခဲ့တာ အင်န်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ရှမ်းပြည် နယ်လွှတ်တော် က “အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေးဥပဒေ” ကိုပြဋ္ဌာန်းနိုင်ခဲ့တယ်။ 

အဲဒီဥပဒေအရ ရှမ်းပြည်နယ်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး က ဥက္ကဌ၊ အင်းတိုင်းရင်းသားနဲ့ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး တွေက ဒုဥက္ကဌ အဖြစ်ဆောင်ရွက်တဲ့ “ အင်းလေး ကန်ဒေသအုပ်ချုပ်ရေးအဖွဲ့”က အင်းလေးကန်ကို စီမံခန့်ခွဲမှာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ထဲမှာ လွှတ်တော် ကိုယ်စားလှယ်နဲ့ ဌာနဆိုင်ရာတွေအပြင် ဒေသခံလူထု ကိုယ်စားလှယ်ငါးဦးနဲ့  ဒေသလူမှုရေးအသင်းအဖွဲ့များ ရဲ့  ကိုယ်စားလှယ်ငါးဦးလည်း ပါဝင်မှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့က အင်းလေးကန်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းများ ကို စီမံခန့်ခွဲခွင့်ရှိသလို အင်းလေးကန်ရဲ့ ရေနဲ့ သယံဇာတတွေကို အသုံးပြုတဲ့လုပ်ငန်းတွေကနေ ရလာတဲ့ ရန်ပုံ ငွေနဲ့ အင်းလေးကန်ဇုန်ဝင်ကြေးကို အင်းလေးကန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံခန့်ခွဲသုံးစွဲခွင့်လည်း ရှိတယ်။ 

ဒေသခံတွေကတော့ အဲဒီအုပ်ချုပ်ရေးအဖွဲ့ပေါ်လာတာကို ကြိုဆိုကြပေမဲ့ ကိုဗစ်၁၉ ကြောင့် အုပ်ချုပ်ရေးအဖွဲ့ ပီပီ ပြင်ပြင်အကောင်အထည်ဖော်တာမမြင်လိုက်ရဘူး။ အခုအချိန်မှာတော့ အဲဒီအုပ်ချုပ်ရေးအဖွဲ့ အကြောင်း ပြောသံ ဆိုသံ တောင် မကြားရတော့ဘူး။ လူတွေကတော့ အင်းလေးကန်စီမံခန့်ခွဲရေးဟာ သူတို့လက်ထဲ ရောက်မလာဘဲ ဟိုးတစ်ချိန်ကလို ဗဟိုဦးစီးစနစ်ဘက်ပြန်ရောက်သွားပြီလို့ခံစားနေရတယ်။ 

အင်းလေးကန်ကို ဘယ်သူတွေက ဘယ်လို ကယ်တင်မလဲဆိုတာကတော့ ရေရေရာရာမဖြစ်သေးပေမဲ့ နုန်း တွေ ကန်ထဲကို စီးဝင်နေတာက ရပ်မသွားဘူး၊  ပိုးသတ်ဆေးတွေ၊ ဓာတ်မြေဩဇာတွေကလည်း နေ့စဥ်ရေထဲကို စိမ့်ဝင်နေတယ်။လူတွေကလည်းရေဆိုးတွေ၊မိလ္လာတွေစွန့်ပစ်နေဆဲပဲ။ အင်းလေးကန်ရေကလည်း နေ့စဥ်နဲ့ အမျှ ပိုပို ညစ်ညမ်းလာနေတယ်။ 

 ဒါပေမဲ့၁၉၉၄ ခုနှစ်  မြန်မာ့အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာမူဝါဒမှာ “ နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုသည် ထိုနိုင်ငံမှ ပြည်သူ ပြည်သားများ၊ ယဥ်ကျေးမှုအမွေအနှစ်၊ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများကို ဆိုလိုပါသည်။ မြန်မာ့ ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ၏ ရည်ရွယ်ချက်မှာ ပြည်သူပြည်သားများ၏ လူနေမှုဘဝ တိုးတက်မြင့်မားရေး အတွက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကို ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများနှင့် ညီညွတ်မျှတစွာ ပေါင်း စည်း ဆောင်ရွက်နိုင်ရန်ဖြစ်သည်။” လို့ ဖော်ပြထားတာ ကို သတိရတဲ့သူ အတော်နည်းသွားပြီ။

ဆုတံဆိပ် နဲ့ ဂုဏ်သိက္ခာ

လွန်ခဲ့တဲ့ လေးနှစ် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့ က ရေးခဲ့တဲ့ဆောင်းပါး။ သူ့ ကြောင့် သူ့ခေါင်းဆောင်ရတဲ့ တပ်ဖွဲ့ ဂုဏ်သိက္ခာထိခိုက်သွားရတာကို အသက်နဲ့ လဲပြီး တာဝန်ယူသွားခဲ့တဲ့ ဦးစီးချုပ်တစ်ယောက်အကြောင်း။

“ ရဲဘော်တို့ ၊ ငါ့ကြောင့် ရေတပ်မတော် ဂုဏ်သိက္ခာထိခိုက်ရတဲ့အခြေအနေကို ဘယ်လိုမှ ခံစား လို့မရဘူး။ ငါတို့ ရေတပ်မတော်ကို သိက္ခာချလိုတဲ့ လူတွေ အခွင့်အရေးရအောင် ငါလုပ်မိတယ်။ ဒါပေမယ့် ငါ့ကို မကြာခင်မေ့သွားကြမှာပါ။ မင်းတို့တစ်တွေနဲ့ ရေတပ်မတော်ကြီးကတော့ ဆက် လက်တည်တံ့ခိုင်မြဲနေမှာပါ။ မင်းတို့ကို ခေါင်းဆောင်ခဲ့ရတဲ့အတွက် ဂုဏ်ယူတယ်။ ငါဟာ ရေတပ် အတွက် ဒီထက်ကောင်းအောင်ပိုပြီးလုပ်ခဲ့သင့်တယ်လို့လည်း နောင်တရမိတယ်”

(ဆောင်းပါးကောက်နှုတ်ချက်)

—————————————————————–

ဆုတံဆိပ် နဲ့ ဂုဏ်သိက္ခာ

ဗိုလ်ချုပ်ကြီး မိုက်ဘော်ဒါ (Jeremy Michael Boorda) အတွက် အမေရိကန် ရေတပ်ဟာ သူ့ ဘဝ၊ သူ့မိသားစုပဲ။ ၁၉၅၆ ခုနှစ် သူအသက် ၁၇ နှစ်မှာ အထက်တန်း ကျောင်းထွက်ပြီး ရေတပ်မှာ တပ်သား အဖြစ် နဲ့ စတင်အမှုထမ်းတယ်။ ရေတပ်ကပဲ သူ့ကို အထက်တန်းပညာပြီးဆုံးအောင် သင်ပေးတယ်။ ၁၉ ၆၂ ခုနှစ်မှာတော့ အခြားအဆင့်ရေတပ်သားတွေကို ရွေးချယ်လေ့ကျင့်ပေး တဲ့ ဗိုလ်သင်တန်းကို တက်ခွင့်ရတယ်။ ၁၉ ၆၂ သြဂုတ်လမှာ ပြန်တမ်းဝင်အရာရှိဖြစ်ခဲ့တယ်။

အရာရှိငယ်ဘ၀ နဲ့ ဗီယက်နမ်စစ်ပွဲမှာ အမှုထမ်းခဲ့တယ်။ ၁၉ ၇၁ ခုနှစ် ဒီဇင်ဘာလမှာ Naval War College သင်တန်းပြီးတယ်။ တစ်ပြိုင်တည်းမှာပဲ University of Rhode Island ကနေလည်း ဘွဲ့ရခဲ့ တယ်။ အဲဒီနောက် ဒုရေယာဉ်မှူးတာဝန်ထမ်းဆောင်ရင်းနဲ့ ၁၉ ၇၂ ခုနှစ် ဖေဖော်ဝါရီလ မှာ ဗီယက်နမ် စစ်မြေပြင်ကို ဒုတိယ အကြိမ်ပြန်ရောက်တယ်။ စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်မှု အတွက် ဂုဏ်ပြု လက်မှတ်ရတယ်။

၁၉ ၇၅ ခုနှစ်မှာတော့ စစ်ရေယာဉ်မှူးတာဝန်ထမ်းဆောင်ရ တယ်။ အဲဒီနောက် ကွပ်ကဲမှုတာဝန် အဆင့်ဆင့်ကို ပြောင်းလဲထမ်းဆောင်ပြီး ၁၉၈၈ ခုနှစ် မှာ ဒုတိယရေတပ်ဦးစီးချုပ် ဖြစ်တယ်။

၁၉ ၉ ၁ မှာ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးဖြစ်လာပြီး ဥရော ပ တောင်ပိုင်း မဟာမိတ်တပ်ဖွဲ့ စစ်ဦးစီးချုပ်တာဝန်(CINCSOUTH – Naples, Italy) ကို ထမ်းဆောင်ရတယ်။ အဲဒီကာလမှာပဲ ယူဂို ဆလားဗီးယား စစ်ပွဲမှာ ပါဝင်နေတဲ့ နေတိုးတပ်ဖွဲ့တွေ အားလုံးရဲ့ စစ်ဦးစီးချုပ်တာဝန်ကို လည်း ထမ်းဆောင်ခဲ့ရတယ်။

၁၉ ၉ ၄ ခုနှစ် ဧပြီ ၂၃ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး ဘော်ဒါဟာ ရေတပ် ဦးစီးချုပ်အဖြစ်ခန့်အပ်ခံရ ပြီး အမေရိကန် ရေတပ်သမိုင်းမှာ ရေတပ် စစ်တက္ကသိုလ်ဆင်းမဟုတ်ဘဲ အခြားအဆင့်ကနေ ရေတပ် ဦးစီးချုပ်ဖြစ်လာတဲ့ပထမဆုံး အရာရှိကြီး အဖြစ် မှတ်တမ်းဝင်ခဲ့ တယ်။

၁၉ ၉ ၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ နယူးစ်ဝိခ် သတင်းမဂ္ဂဇင်းသတင်းထောက်တစ်ယောက်က ဘော်ဒါ တပ်ဆင်ထားတဲ့ ဗီယက်နမ်စစ်မြေပြင်ဆိုင်ရာဆုတံဆိပ်နှစ်ခုဟာ အမှန် တကယ် ချီးမြှင့်ခံရတာ မဟုတ်ဘဲနဲ့ တပ်ဆင်ထားတာဖြစ်တယ် လို့ ဖွင့်ချခဲ့တယ်။ ဘော်လ်ဒါဟာ ဗီယက် နမ်စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်မှုအတွက် အမှုထမ်းကောင်းတံဆိပ်နှစ်ခုရတာတော့မှန် တယ်။ ဒါပေမယ့် အဲဒီတံဆိပ်ပေါ်မှာ သတ္တိပြောင်မြောက်စွာထမ်းဆောင်ခဲ့ခြင်း လို့ဖော်ပြ တဲ့ V အမှတ်အသားကို တပ်ဆင်ခွင့်မရှိဘူး။ အခု ဗိုလ်ချုပ်ကြီးဘော်လ်ဒါက သူ့တံဆိပ်ပေါ်မှာ V အမှတ် အသား တပ်ဆင် ထားတာဟာ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ သတင်းထောက်က စွပ်စွဲခဲ့တယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန်ဖြေရှင်းမှုတွေလုပ်တဲ့အခါ ဘော်ဒါကို ဗီယက်နမ်ဆိုင်ရာ ဆု တံဆိပ်ချီးမြှင့်တဲ့အချိန်မှာ အထက်အရာရှိ ဗိုလ်ချုပ်ကြီး Zumwalt က V အမှတ်တံဆိပ်တတ်ဆင် နိုင်တယ်လို့ပြောခဲ့ပေမယ့် အဲဒီလို ချီးမြှင့်တဲ့အကြောင်းတရားဝင်အမိန့်ထုတ်ပြန်ထားခဲ့တာမရှိ ဘူး ဆိုတာ ပေါ်ပေါက်လာခဲ့တယ်။ ဒါ့အပြင် နယူးစ်ဝိခ်သတင်းထောက်သတင်းမရေးခင် တစ်နှစ် လောက်ထဲက ရေတပ်စစ်ရာထူးခန့်ရုံးရဲ့ တင်ပြချက်အရ V အမှတ်အသားတပ်ဆင်ခွင့်မရှိ ကြောင်း သိတဲ့အတွက် တပ်ဆင်ခြင်းမပြုတော့ဘူးဆိုတာလည်း ပေါ်ပေါက်လာခဲ့ တယ်။

ဒါပေမယ့် အဆင့်မြင့်ရာထူးအဆင့်ဆင့်ကို ထမ်းဆောင်ခဲ့တဲ့ အရာရှိကြီးတစ်ယောက်ဟာ အရင်ထဲက ဒီတံဆိပ်တပ်ခွင့်ရှိ/ မရှိ မစိစစ်ခဲ့ဘူးလား၊ ရေတပ်ထဲမှာနောက်ထပ် ဒီလိုဖြစ်စဉ်တွေ ရှိသေးလားဆိုတဲ့ မေးခွန်းတွေပေါ်လာတယ်။ ကျန်တဲ့ သတင်းမီဒီယာတွေမှာပါ ဒီကိစ္စနဲ့ပတ်သက် ပြီး အကျယ်တဝင့်ရေးသားမှုတွေဖြစ်လာတယ်။

၁၉ ၉ ၆ ခုနှစ် မေလ ၁၆ ရက်နေ့မှာတော့ ဗိုလ်ချုပ်ကြီးဘော်ဒါ ဟာ နယူးစ်ဝိခ် သတင်း ထောက် နှစ်ယောက်ကို လက်ခံတွေ့ဆုံပြီး မေးခွန်းတွေဖြေကြားဖို့ သဘောတူခဲ့ တယ်။ ဒါပေမယ့် သတင်းထောက်နှစ်ယောက် ရောက်မလာခင်လေးမှာပဲ ဗိုလ်ချုပ်ကြီး ဘော်ဒါဟာ သူနေအိမ်မှာ သူ့ကိုသူ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်ခဲ့တယ်။

ဗိုလ်ချုပ်ကြီးက သူ့မိသားစု အတွက်နဲ့ ရေတပ်အတွက် နှုတ်ဆက်စာနှစ်စောင်ရေးထားခဲ့တယ်။

ရေတပ်အတွက်ရေးတဲ့စာမှာတော့

“ ရဲဘော်တို့ ၊ ငါ့ကြောင့် ရေတပ်မတော် ဂုဏ်သိက္ခာထိခိုက်ရတဲ့အခြေအနေကို ဘယ်လိုမှ ခံစား လို့မရဘူး။ ငါတို့ ရေတပ်မတော်ကို သိက္ခာချလိုတဲ့ လူတွေ အခွင့်အရေးရအောင် ငါလုပ်မိတယ်။ ဒါပေမယ့် ငါ့ကို မကြာခင်မေ့သွားကြမှာပါ။ မင်းတို့တစ်တွေနဲ့ ရေတပ်မတော်ကြီးကတော့ ဆက် လက်တည်တံ့ခိုင်မြဲနေမှာပါ။ မင်းတို့ကို ခေါင်းဆောင်ခဲ့ရတဲ့အတွက် ဂုဏ်ယူတယ်။ ငါဟာ ရေတပ် အတွက် ဒီထက်ကောင်းအောင်ပိုပြီးလုပ်ခဲ့သင့်တယ်လို့လည်း နောင်တရမိတယ်”

လို့ရေးထားခဲ့တယ်။

ဒီလို ကြေကွဲဖွယ်ဇာတ်သိမ်းနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ဘော်ဒါရဲ့ လုပ်ရပ်က မှန်ရဲ့လား၊ သတင်းထောက်ကရော ဒီသတင်းကို ရေးသင့် လား ဆိုတဲ့ အပြန်အလှန်ဆွေးနွေးမှုတွေ အများကြီး ပေါ်ခဲ့တယ်။

ဗိုလ်ချုပ်ကြီး ဘော်ဒါရဲ့ ရဲဘော်ရဲဘက် ဗိုလ်ချုပ်ကြီးတစ်ယောက်ကတော့ “ ဘော်ဒါဟာ ဂုဏ်သိက္ခာမြင့်မားတဲ့ ရေတပ်သားပါ။ သူ့အမှားဟာ ရေတပ်ရဲ့ ဂုဏ်သိက္ခာ ကိုရော၊ သူ့ရဲ့ ဂုဏ်သိက္ခာ ကိုရော ထိခိုက်စေတယ်လို့ ယူဆတဲ့အတွက်အတွက် အခုလို ပြင်း ထန် အစွန်းရောက်တဲ့ တုန့်ပြန်မှု ကို လုပ်လိုက်တာဖြစ်တယ်။” လို့ ပြောခဲ့တယ်။

တကယ်တော့ ဗိုလ်ချုပ်ကြီးဘော်ဒါ ဟာ မရည်ရွယ်ဘဲ ဖြစ်ခဲ့တဲ့ အမှားတစ်ခုကို အသက်နဲ့ လဲ ပြီး ပေးဆပ်ခဲ့တာ၊ သူ၊ သူ့မိသားစု နဲ့ သူချစ်တဲ့ရေတပ် ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ခဲ့တာပါ ပဲ။ ဒါ့ကြောင့် သူ့လုပ်ဆောင်ချက်က ပြင်းထန်တယ်၊ အစွန်းရောက်တယ်လို့ ပြောလို့ရပေမယ့် မှားတယ်လို့တော့ မဆိုနိုင်ဘူး။

ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး ရှိတ်စပီးယားက ဒုတိယမြောက် ရစ်ချတ်ဘုရင်အကြောင်း ပြဇာတ်မှာ

“ ငါ့ဂုဏ်သိက္ခာဟာ ငါ့ အသက်၊ ခွဲလို့မရ အတူတကွ

ဂုဏ်သိက္ခာမရှိတော့တဲ့အခါ အသက်ရှင်ဖို့လည်း မဖြစ်နိုင်ပါ”

လို့ရေးခဲ့တယ်။

ရင်ပတ်က တံဆိပ်တန်းလေးသေးပေမယ့် ဂုဏ်သိက္ခာက ကြီးမားလွန်းတယ်ဆိုတာ ဗိုလ်ချုပ်ကြီး ဘော်ဒါက သက်သေပြလိုက်တာပါပဲ။

အင်းလေး (၂)

အင်းလေး နဲ့ ဧည့်သည်

ညောင်ရွှေမြို့နဲ့ အင်းလေးကန်ကို နောက်ဆုံးလည်ပတ်ခဲ့တာ ၂၀၁၅ ခုနှစ်ကဖြစ်ပါတယ်။ ၂၀၂၂ ဒီဇင်ဘာလထဲမှာ ကလော- အင်းလေး နှစ်ညအိပ် သုံးရက် တောတွင်းခရီးကြမ်းလျှောက်ခဲ့ပေမဲ့ အင်းတိန်ဘုရားတွေ အထိပဲ ရောက်ခဲ့ပြီး အင်းတိန်ကနေ ကလောကို တိုက်ရိုက်ပြန်ခဲ့တဲ့အတွက် အင်းထဲမရောက်ခဲ့ဘူး။ ၂၀၁၅ ခုနှစ် ရောက်ခဲ့ ချိန်က ညောင်ရွှေ အင်းလေးဒေသမှာ ခရီးသွားလုပ်ငန်းအရှိန်အဟုန်ကောင်းကောင်းနဲ့ ဖွံ့ဖြိုးတိုးတက်နေချိန်၊ အနာဂတ်ကို မျှော်မှန်း ပြီး လုပ်ငန်းတွေတိုးချဲ့နေချိန်ဖြစ်ပါတယ်။

တစ်ဘက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံများရဲ့ အကျိုးစီးပွားကြား၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လိုအပ်ချက်များကြား ဝိရောဓိတွေ ပြင်းထန်နေတဲ့အချိန် လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တဲ့ အင်းလေးကန် အရှေ့ ဘက် ဟိုတယ်ဇုန် ၆၆၂ ဧက ဖော်ထုတ်ရေး စီမံကိန်း ဆိုရင် အင်န် အယ်လ်ဒီအစိုးရလက်ထက်အထိ အငြင်းပွား မှုတွေ ဖြစ်နေတုန်း ပါပဲ။

၂၀၂၃ ခုနှစ် ဖောင်တော်ဦးပွဲတော်ကာလ အင်းလေးကို တစ်ခေါက်ပြန်ရောက်ချိန်မှာတော့ အင်းလေးဒေသ ခရီး သွားလုပ်ငန်းက တုန့်ဆိုင်းနေပါပြီ။ ညောင်ရွှေမြို့ပေါ်က ဟိုတယ် အကြီးအသေး အတော်များများ ပိတ်ထားတာ တွေ့ရတယ်။အင်းထဲမှာလည်းထူးမခြားနားပဲတဲ့။

မှတ်တမ်းများအရ အင်းလေးဒေသမှာ ၂၀၁၆ ခုနှစ်က ဟိုတယ် ၈၈ လုံး၊ အခန်း ၂၇၃၁ ခန်းရှိပြီး ၂၀၁၈ ခုနှစ်မှာ ဟိုတယ် ၁၀၃ လုံး၊ အခန်းပေါင်း ၃၃၅၅ ခန်းရှိတယ်။ ကိုဗစ်မဖြစ်ခင်ထိ အခုလို ရာသီဆိုရင် ဟိုတယ်တွေမှာ နိုင်ငံခြားသားဧည့်သည်တွေ အပြည့်၊ ညောင်ရွှေမြို့ပေါ်လမ်း တွေ၊ စားသောက်ဆိုင်တွေမှာ ည ကိုးနာရီ၊ ဆယ်နာရီ အထိ သွားကြလာကြပေါ့။ အခုတော့ဒေသခံတွေရဲ့အဆိုအရ ည ခြောက်နာရီ ကျော် ရင် လူမရှိသလောက်ပဲ။ ကိုဗစ် ၁၉ ကပ်ဘေးလွန်သွားလို့ နိုင်ငံတကာခရီးသွားလုပ်ငန်းတွေ ပြန်နလံထူလာပေမဲ့ လည်း မြန်မာ့ခရီးသွား လုပ်ငန်းကတော့ အသက်ရှုကျပ် နေဆဲပဲ။

မြန်မာ့ခရီးသွားလုပ်ငန်းပြန်နလံထူဖို့အတွက် ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ပြောနေတာတော့ အတော်များတယ်။ ဒါပေမဲ့ နိုင်ငံတကာခရီးသွားဧည့်သည်တွေလာဖို့ဆိုတာ နိုင်ငံ တည်ငြိမ်အေးချမ်းဖို့ လိုသလို နိုင်ငံရဲ့ ဂုဏ်သတင်း ကောင်းမျက်နှာပန်းလှဖို့လည်း လိုတယ်။ ခက်တာက အဲဒါတွေက ရှားပါးပစ္စည်းဖြစ်နေတဲ့အတွက် အင်းလေး ရေပြင်ပေါ်မှာ ကမ္ဘာလှည့်ခရီးသည်တွေပျားပန်းခတ်မြင်ရဖို့ကတော့ “ဤခရီးကား ဝေးသေး၏” ပဲ။

တစ်ချိန်ကတော့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဆိုတာ မြန်မာနိုင်ငံရဲ့ တိုးတက်မှု အမြန်ဆုံး စီးပွားရေးကဏ္ဍထဲမှာ ပါပါ တယ်။ ၂၀၁၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို လေကြောင်း၊ ရေကြောင်းနဲ့ နယ်စပ်ဒေသက လာရောက်တဲ့ ခရီးသွား ဧည့်သည် ခုနှစ်သိန်းကိုးသောင်းကျော်ရှိခဲ့တယ်။ ၂၀၁၂ ခုနှစ်ရောက်တော့ ပထမဆုံးအကြိမ်အဖြစ် ခရီး သည် အရေအတွက် တစ်သန်းကျော်သွားတယ်။ ၂၀၁၆ ခုနှစ်ရောက်တော့ ခရီးသွားဧည့်သည် ၂ ဒဿမ ၉ သန်း လာ တယ်။ ၂၀၁၉ ခုနှစ်မှာတော့ ၄ ဒဿမ ၃ သန်းအထိ လာခဲ့ပြီး ခရီးသွားလုပ်ငန်းကနေ ဒေါ်လာ ၂ဒဿမ၉ ဘီလျံ ဝင် ငွေရခဲ့တယ်။ ၂၀၁၉ ခုနှစ် မှာပဲ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်က မြန်မာနိုင်ငံကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက် ဖို့ အလား အလာ အကောင်း ဆုံးနိုင်ငံများ စာရင်းမှာ ထည့်ခဲ့တယ်။

အခုတော့ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံကို လေကြောင်း၊ ရေကြောင်းနဲ့နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ အပါအဝင် ခရီးသွား ဧည့်သည်နှစ်သိန်းကျော်ပဲလာချိန်မှာ ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်မှာ လေကြောင်း ခရီးနဲ့တင် ခရီးသွား ဧည့်သည် ( ၂ဒဿမ ၃၈) သန်းလာခဲ့ပြီး ၂၀၂၃ ပထမ ရှစ်လအတွင်းမှာပဲ ၃ ဒဿမ ၅ သန်းကျော်လာခဲ့တယ်တဲ့။ မြန်မာနိုင်ငံကတော့ ၂၀၂၃ ခုနှစ် ပထမ ခုနစ် လမှာ ခြောက်သိန်းကျော်ပဲလာ တယ်။

ဒါတောင် လေယာဥ်နဲ့လာတာဘယ်လောက်လဲ၊ နယ်စပ်ဖြတ်ကျော်ဝင်တာဘယ်လောက်လဲ ခွဲခြားထားတာ မတွေ့မိဘူး။ဟိုတယ်လုပ်ငန်းရှင်တွေ၊ ခရီးသွား လုပ်ငန်းအေဂျင်စီတွေလည်းလေယာဥ်တွေ၊သင်္ဘောတွေနဲ့လာမဲ့ ရုရှားခရီးသည်တွေကို မျှော်ရတာနဲ့ ရွှေလည်တိုင် ဖော့ရိုးလည်း ကျိုးတော့မယ်။ ရုရှားတိုးရစ် ဆိုတာလည်း ရုရှား ဒီဇယ်ဆီလိုပဲ ထင်သာထင် မဝင်ဘူး ကျောင်းအမ များလားမသိဘူး။

နိုင်ငံခြားခရီးသွားဧည့်သည်တွေအကြောင်းပြောရင်“နိုင်ငံခြားသားတွေမလာလည်းဘာဖြစ်လဲ၊ပြည်တွင်းခရီးသွား တွေရှိနေတာပဲ၊အခါကြီး ရက်ကြီးဆိုရင်ပုဂံ၊ချောင်းသာ၊ ငွေဆောင်၊ ကလော မှာ ဟိုတယ်အခန်းလွတ် တောင် မကျန်ဘူး” လို့ ဆိုသူတွေရှိပါတယ်။ တကယ်တော့ ပြည်တွင်းခရီးသွားဆိုတာက ရုံးပိတ်ရက်တွေမှာ စုပြုံ ကျ လာပြီး ကျန်တဲ့ ရက်တွေဆိုရင် လာတာအတော်နည်းတယ်။ ဒါတောင် မြန်မာနိုင်ငံအတွင်းက ကျန်တဲ့ နေရာတွေ ကို သွားလို့မရတဲ့အတွက် ပုဂံ၊ချောင်းသာ၊ငွေဆောင် ၊ ကလောကိုပဲ စုပြုံတိုးနေကြတာပါ။ နိုင်ငံခြားသား ခရီး သည်တွေကတော့ ခရီးသွားရာသီလို့ပြောကြတဲ့ဩဂုတ်၊စက်တင်ဘာကနေ နောက်နှစ် ဖေဖော်ဝါရီ၊ မတ် လောက် အထိ နေ့စဥ်လိုလို လာနေတာဖြစ်ပါတယ်။

နောက်ပြီး ပြည်တွင်းခရီးသွားအများစုက ဘုရားကျောင်းကန် နဲ့ ဓာတ်ပုံရိုက်လို့ လှတဲ့နေရာ တွေကို အသွားများ တယ်။ ပြည်ပခရီးသွားတွေကတော့ အဲဒီလိုနေရာတွေ အပြင် ခရီးကြမ်းလမ်းလျှောက်တာ၊ ဒေသလူနေမှု စနစ် ကို လေ့လာတာ၊ ဒေသအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်တာမျိုးတွေ လုပ်တဲ့အတွက် ခရီးသွားလုပ်ငန်းဝင်ငွေက လူတန်းစားအလွှာအသီးသီးကို ပိုပြီး စီးဆင်းသွားနိုင်တယ်။

အခုအင်းလေးဒေသခရီးသွားလုပ်ငန်းရင်ဆိုင်နေရတာအဲဒီပြဿနာပဲ။ ပြည်တွင်းခရီးသွားအများစုက တောင်ကြီး၊ ကလောကို အခြေပြု ပြီးအင်းလေးကို နေ့ချင်းပြန်လာတာများတဲ့အတွက် ညောင်ရွှေ အင်းလေး ဒေသက ဟိုတယ်တွေ က နိုင်ငံခြားခရီးသွားဧည့်သည်တွေကို အဓိက အားကိုးနေခဲ့ ရတာပါ။ အမှတ်တရ ပစ္စည်းဆိုရင် လည်း နိုင်ငံခြားသားဧည့်သည်ကိုပဲ အဓိကထားရောင်းရတာပါ။ ပိုးထည်လုပ်ငန်းတွေဆိုရင် ပြည်တွင်းဧည့်သည် ကို အားကိုးလို့မရဘူး။ ပြည်တွင်းဧည့်သည်အများစုက ချည်ထည်လောက်ပဲ ဝယ်တာပါ။ အင်းလေးကို လာတဲ့ ပြည်တွင်းခရီးသွားတွေထဲက ဈေးကြီးတဲ့ ပိုးထည် တွေ၊ ကြာချည်နဲ့ ယက်တဲ့အထည်တွေကိုဝယ်နိုင်တာဆိုလို့ နောက်မှာ ဘာဝယ်ဝယ် ငွေရှင်းပေးမယ်ဆိုတဲ့ သူတွေပါတဲ့ ဧည့်သည်တွေပဲ ရှိသတဲ့။ အဲဒါမျိုးကလည်း တစ် လ တစ်ယောက်တောင် မကြုံပါဘူး။

နောက်ပြီး ပြည်တွင်းဧည့်သည်တွေထဲမှာ ကျေးရွာလူနေမှုဘဝလေ့လာတာ၊ အင်းလေးဒေသ တောင်တန်းတွေ ပေါ်မှာ ခြေလျင်ခရီးနှင်တာမျိုးက အတော်ရှားတဲ့အတွက် အဲဒီလုပ်ငန်းလုပ်တဲ့ ခရီးသွားအေဂျင်စီတွေဆိုရင် အလုပ်လက်မဲ့ဖြစ်နေပြီ။ တချို့ဟိုတယ်တွေကတော့ ဘဏ်ချေးငွေနဲ့ ဆောက်ထား တာဖြစ်တဲ့အတွက် ခရီးသည်မဝင်တဲ့အခါ အတိုးနဲ့တင် လုံးပါးပါးနေတယ်။

ကျွန်တော်တို့ အင်းလေးကို ရောက်တဲ့ရက်က ဖောင်တော်ဦးဘုရားပွဲ ဒုတိယရက်ဖြစ်ပေမဲ့ ပြည်တွင်း ခရီးသည်တောင်အတော်ပါးနေသလိုပဲ။ကျွန်တော်တို့ရဲ့စက်လှေသမားလေးကတော့ ဖောင်တော်ဦး ရုပ်ပွားတော် တွေ ညောင်ရွှေမှာ ကျိန်းမဲ့ ရက်တွေမှာတော့ ဧည့်သည်များမယ်လို့ မျှော်လင့်နေတယ်။ ကျွန်တော် တို့ စက်လှေ ညောင်ရွှေစက်လှေဆိပ်ကနေ အင်းရေပြင်ကျယ် ကို ထွက်လာတော့ရေလမ်းကြောင်းဝဲယာမှာလည်း ပိတ်ထားတဲ့ ဟိုတယ်တွေ တွေ့တယ်။ စားသောက်ဆိုင်တချို့လည်း ပိတ် ထားတယ်။ ။

ကျွန်တော်တို့ ရဲ့ ခရီးသွားလမ်းညွှန်ကတော့ ကမ်းဝဲယာကို လက်ညှိုးထိုးပြပြီး ဒါက ဘာ၊ ဘယ်တုန်းက ပိတ်သွား တာ စသည်ဖြင့် ရှင်းပြနေတယ်။ ရှိရာကနေ မရှိ ဖြစ်သွားတဲ့အကြောင်းတွေကြားရတာ ရင်မောလိုက်တာ။ စက်လှေ က အင်းရေပြင်ကျယ်ထဲရောက်သွားတော့ ဒီနှစ်မိုးကောင်းတဲ့ အတွက် အင်းရေအတော်များနေတာတွေ့ရတယ်။ လမ်းညွှန်က အင်းအရှေ့ဘက်ခြမ်းက မြေသားနီနီပေါ်နေတဲ့နေရာတွေကို လှမ်းပြပြီး ဟိုတယ်ဇုန်စီမံကိန်း ရပ်သွား တဲ့အကြောင်းကို ရှင်းပြနေတယ်။

ကျွန်တော်ကတော့ သူပြောတာတဲ့ စိတ်မောစရာတွေ နားမထောင်ချင်တော့ဘူး။ ဒါနဲ့ စားကျက် နေရာတွေ ရေ မြုပ်နေလို့ကုန်းမြင့်ပေါ်လာတင်ထားတဲ့ကျွဲအုပ်တွေကိုဓာတ်ပုံရိုက်နေလိုက်တယ်။တစ်နေရာမှာကျွဲတစ်ကောင် က မြေဆွေးပုံလို့ ထင်ရတဲ့ မြေစာပုံထိပ်မှာ ရပ်နေတာတွေ့တယ်။ နောက်ခံတောင်တန်းတွေနဲ့၊ သူ့အောက်မှာ တခြားကျွဲတွေ၊ ဗျိုင်းဖြူ တွေ နဲ့ ကျွဲဘုရင်လိုလို ဘာလိုလိုပေါ့။ အဲဒီရှုခင်းကို ဓာတ်ပုံလှမ်းရိုက်ရင်း ဒီကျွဲဟာ သူကိုယ်သူ တောင်ထိပ်ရောက်နေတယ်လို့ ထင်နေမလား၊ စားကျက်ပျောက်ပြီး ရေပတ်လည်ဝိုင်းနေတာကိုရော သိရဲ့လားလို့ တွေးမိတယ်။

အင်းလေး (၁)

 

ဖောင်တော်ဦး

ဒီတစ်ခေါက် ကျွန်တော့ခရီးစဥ်က ကလော- ပင်းတယ- ရွာငံ – ဘော်ဆိုင်း ခရီးဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ အဲဒီဒေသကို ရောက်နေချိန်ဟာ အင်းလေးဖောင်တော်ဦးဘုရား ရုပ်ပွားတော်များ ဒေသစာရီကြွချီ အပူဇော်ခံတဲ့ အချိန်ကာလနဲ့ တိုက်ဆိုင်နေတဲ့အတွက် အင်းလေးကို တစ်ရက်သွားခဲ့ပါတယ်။ ဖောင်တော်ဦးဘုရားရုပ်ပွားတော် များ ဒေသစာရီကြွချီတဲ့ ကာလ ကအောက်တိုဘာ ၁၅  ရက်ကနေ နိုဝင်ဘာ ၁  ရက်အထိ ဖြစ်ပါတယ်။  

ကျွန်တော့်နဲ့ ကျွန်တော့် ခရီးသွားဖော်မိတ်ဆွေကို ပင်းတယ က မိတ်ဆွေတစ်ယောက်က ပင်းတယ – ဟဲဟိုးလမ်း အတိုင်း လိုက်ပို့ပါတယ်။ အဲဒီလမ်းက တောင်ကြီး ဒါမှမဟုတ် ဟဲဟိုးလေယာဥ်ကွင်းကနေ ပင်းတယ ကို သွား ချင်တဲ့ ခရီးသွားများအတွက်အဆင်အပြေဆုံးလမ်းကြောင်းပါ။ ဟဲဟိုးကနေ ပင်းတယအထိ ၂၂ မိုင်ပဲ ရှိပါတယ်။ လမ်းဘေးဝဲယာမှာလည်း စိုက်ခင်းတွေ၊ တောင်ကုန်းလေးတွေ နဲ့   ရှုခင်းလှပါတယ်။ ကလောကို ရောက်တိုင်း သူ့ ဟိုတယ်မှာတည်းခိုနေကြ၊တောတွင်းခရီးကြမ်းသွားမယ်ဆိုရင်လမ်းပြအဖြစ်သုံးနေကြကိုမျိုးဇော်က (#motherlandhotel , 09789713458) က ကလော တောင်ကြီးကားလမ်း နဲ့ ပင်းတယဟဲဟိုကားလမ်းဆုံမှာ ကားနဲ့  စောင့်နေတယ်။ ကျွန်တော်တို့က ဟဲဟိုးကနေ ညောင်ရွှေကို ခေါင်တိုင်လမ်းခွဲက တဆင့်သွားတယ်။ ဒီလမ်းက ရွှေညောင်-ညောင်ရွှေလမ်းထက် ကားပိုရှင်းတယ်၊လမ်းခွဲကနေညောင်ရွှေစက်လှေဆိပ်ထိ၈ မိုင်ပဲ ရှိတယ်။  ညောင်ရွှေ ရောက်တော့  ကြိုချိတ်ထားတဲ့  စက်လှေနဲ့ အင်းလေးကို ဆက်သွားတယ်။  

ဖောင်တော်ဦး ဘုရား ရုပ်ပွားတော်တွေက ကျွန်တော်တို့ သွားတဲ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ အင်းတိန်ကနေ ဟဲယာ ရွာမကို ဒေသစာရီကြွချီမှာြဖစ်ပြီး အင်းတိန်ကနေ မွန်းလွဲ နှစ်နာရီခွဲလောက်မှာ စထွက်လာမှာ ဖြစ်တဲ့ အတွက် မနက်ပိုင်းမှာ အင်းထဲလည်ပတ်ဖို့ အချိန်ရတယ်။ ဒါ့ကြောင့် မိုင်းသောက်တံတား၊ ရေခြံစိုက်ခင်းများ၊ ယက်ကန်းလုပ်ငန်းနဲ့ ပန်းပဲ လုပ်ငန်းတွေကို အရင်သွားလေ့လာပါတယ်။ 

နေ့လယ်စာကိုတော့ အင်းထဲက စားသောက်ဆိုင်တစ်ဆိုင်မှာစားတယ်။ ဆိုင်အပြင်အဆင်ကတော့ ကောင်းပါ တယ်။ အစားအသောက်ကတော့ ပေးရတဲ့ဈေးနဲ့ မတန်ဘူး၊ လက်ရာကလည်း သာမန်ပါပဲ။ အင်းထဲမှာ ရွေးချယ် စရာ နည်းတော့လည်း အလုပ်ဖြစ်နေတာပေါ့။ ဟဲယာရွာမကို မွန်းလွဲနှစ်နာရီမှာအရောက်သွားလိုက်တယ်။ အချိန် စောနေသေးပေမဲ့ စက်လှေသမားက နောက်ကျသွားရင် လှေဝင်ရတာခက်မယ် လို့ ပြောတယ်။ 

ဟဲယာရွာမ ကို ဖောင်တော်ဝင်လာမယ့်ရေလမ်းကြောင်းကို ရောက်သွားတော့ ကြည်ညိုပူဇော်ဖို့ စောင့်နေတဲ့  လှေနည်းနည်းပဲ ရှိသေးတယ်။  ဘုန်းကြီးကျောင်းရှေ့မှာတော့ ကရဝိတ်ဖောင်တော်ကြီး အသင့်စောင့်နေတာကို တွေ့ရတယ်။ အင်းတိန်ကနေ ဒေသစာရီကြွလာမှာက ဖောင်တော်အသေးဖြစ်ပြီး ရွာမ ရောက်မှ ဖောင်တော် အကြီးပေါ် ပင့်ဆောင်ပြီးစံကျောင်းကို သွားမှာလို့ သိရတယ်။ 

ကျွန်တော်တို့ကတော့ ဘုန်းကြီးကျောင်း အနောက်ဘက် အထက်တန်းကျောင်းနားမှာရှိတဲ့ လူကူးတံတားနေရာက သွားစောင့်တယ်။ အဲဒီနေရာက ရွာမ အဝင်ရေလမ်းကြောင်းအဝမှာရှိတဲ့အတွက် အပေါ်စီးကနေ မြင်ကွင်း ကောင်းကောင်းနဲ့ ရိုက်လို့ရတယ်။ တံတားကတော့ ရေလယ်အပိုင်းမရှိဘူး။ ဖောင်တော်ဝင်လို့ ရ အောင် ခဏ ဖျက်ထားတာထင်တယ်။ ကျွန်တော်တို့ ရောက်ပြီးမကြာခင်မှာပဲ ဓာတ် ပုံဆရာတွေထပ်ရောက်လာတယ်။ သူတို့ က တော့ ညောင်ရွှေဒေသခံတွေဆိုတော့ သူတို့ဆီက ဓာတ်ပုံရိုက်ရမဲ့ အနေအထား၊ ရှုထောင့်၊ ကင်မရာ ဆက်တင် တွေ ကို မေးရတယ်။ အခုရိုက်မဲ့နေရာက ရွာအဝင်ရေလမ်းဆိုတော့ အရှိန်နှေးသွားတဲ့အတွက်  ဆွဲလှေပေါ်က လှေလှော်သားတွေတက်ညီလက်ညီအားသွန်ခွန်စိုက်လှော်ခတ်နေတာကိုတော့ရိုက်လို့မရဘူး။ဒါပေမဲ့ ဖောင်တော် နဲ့ ဆွဲလှေတွေကိုအနီးကပ်အပေါ်စီးက ရိုက်လို့ရတယ်။ အင်းရေ ပြင်ကျယ်ကို ဖြတ်တဲ့ အချိန် ဆိုရင်တော့ လှေလှော်တဲ့မြင်ကွင်းကို ရိုက်လို့ရတယ်၊ ဒါပေမဲ့ အဝေးကပဲ ရိုက်နိုင်တယ်။ သူတို့ကတော့  နောက် နှစ်ဆိုရင် အင်းထဲမှာတည်းပြီး ဒေသစာရီကြွချီတဲ့နောက်ကို လိုက်ရိုက် ဖို့ အကြံပေးတယ်။ 

ကျွန်တော်တို့ရောက်စက လှေတွေ၊ လူတွေမများသေးပေမဲ့ နှစ်နာရီခွဲလောက်က စပြီး လှေတွေ တဖြည်းဖြည်း များလာတယ်။ တရုတ်အင်ဂျင်၊ ကားအင်ဂျင်တပ်လှေတွေပါသလို ဂျွန်ဆင် နဲ့ ယာမာဟာ စက်တပ်လှေတွေ လည်း ပါတယ်။ အဲဒီလှေတွေကတော့ နည်းနည်းအရွယ်ငယ်ပြီး  ကိုယ်ပိုင်အိမ်သုံးလှေတွေဖြစ်ပုံရတယ်။ အရွယ် မျိုးစုံလှေတွေ ရေလမ်းကြောင်းဘေးမှာ အစီအရီဆိုက်ကပ်ထားတာကို မြင်ရတာ  ကျန်တဲ့ ဒေသက ဘုရားပွဲ တွေမှာ ထွေလာဂျီ၊ လိုက်ထရပ်၊ ဆလွန်း ကားမျိုးစုံလာတဲ့မြင်ကွင်းနဲ့တူတယ်။ လှေတွေပေါ်က လူတွေကလည်း ဒီဇိုင်းမျိုးစုံပါပဲ။ တချို့လှေတွေမှာတော့ ဘုရား ပန်းတွေ တင်လာတာတွေ့တယ်။ တချို့လှေတွေမှာတော့ ဗန်းလေး တွေနဲ့လှူဖွယ်ပစ္စည်းတွေယူလာတယ်။ကျွန်တော်တို့စောင့်နေတဲ့ တံတားနားမှာတော့ လှေကြီးနှစ်စီးက ရေသန့်ဘူး တွေ အပြည့်တင်ပြီး စောင့်နေတယ်။ သူတို့ကတော့ ဖောင်တော်ကို ဆွဲလာတဲ့ လှေတော်သားတွေကို ရေသန့်ဘူး‌ လှူဒါန်းမဲ့အဖွဲ့တွေပါ။ ဘုရာဖူးလှေတွေကြားထဲမှာ လူးလာဆန်ခတ်သွားနေတာကတော့ စျေးလှေတွေပေါ့။ အများ ဆုံးရောင်းရတာကတော့ ကွမ်းယာ နဲ့ အအေးဘူးတွေပဲ။ 

ဖောင်တော်ဦးဘုရားတွေဒေသစာရီမကြွနိုင်တာသုံးနှစ်ရှိပြီဆိုတော့လူတိုင်းစိတ်လှုပ်ရှားနေကြတယ်။ ဖောင်တော် ကြွလာမဲ့ဘက်ကို မျှော်ကြည့်နေကြတယ်။ ဖုန်း နဲ့ သတင်းလှမ်းမေးသူလည်း ရှိတယ်။ တစ်ချို့လှေတွေကတော့ ဖောင်တော်လာမဲ့လမ်းဘက်ကို အခြေအ‌နေသွား ကြည့်ကြတယ်။   

လေးနာရီထိုးတော့ လှေတော်သားတွေ သီချင်းဆိုသံ၊ အိုးစည်ဗုံမောင်းတီးသံတွေ စကြားရပြီး မကြာခင်မှာပဲ ဆွဲ လှေတွေ စဝင်လာတယ်။ အနားကလူတစ်ယောက်ကတော့ ဒီနှစ် ဆွဲလှေပေါင်း နှစ်ဆယ်ကျော်ရှိတယ်၊ ဟိုး အရင်နှစ်တွေကဆို သုံးဆယ်ကျော်တယ်လို့ ပြောတယ်။ လှေတော်သားတွေက ရိုးရာဝတ်စုံတွေနဲ့ ၊ အိုးစည် ဗုံမောင်း သံတွေနဲ့အတူ စည်းချက်ကျကျ သံပြိုင်တေးတွေ ဆို နေပြီး စင်လိုလုပ်ထားတဲ့အမြင့်နေရာလေးမှာ လေးငါးဆယ်ယောက်က ရိုးရာအကကို ကနေတယ်။ တစ်ခါတစ်ခါ လှေ‌တော်သားတွေက ညာသံပေးပြီး လှေပေါ်မှ စည်းချက်ညီညီခြေထောက်တွေကို ဆောင့်ချကြတယ်။ ဘုရားဖူး တွေကတော့  လှေတွေပေါ်ကနေ လက်အုပ်ချီသူချီ၊ ဖုန်းတွေနဲ့ မှတ်တမ်းတင်သူတင်ပေါ့။ လှေတွေအားလုံးပြီးတော့ နောက်ဆုံးမှာဓမ္မပူဇာတေးတွေ ဖွင့်ထားတဲ့ ဖောင်တော်ရောက်လာတယ်။ ဖောင်တော်ဝင်လာချိန်ခံစားချက်ကတော့ ပြောမပြ တတ်အောင် ထူးခြား လှပါ တယ်။ လေထုထဲမှာ ကြည်ညိုသဒ္ဓါစိတ်တွေ ပျံ့လွင့်နေတာကို ခံစားလို့ရတယ်။ လူ တွေက ‌ပျော်ဖို့၊ ပျော်လို့ လာမဟုတ်ဘူး။ နှစ်စဥ် သူတို့ ကြည်ညိုပူဇော်လာတဲ့ ဘုရား၊ ခေတ်ပျက်လို့ သုံးနှစ်လောက် ပူဇော် ခွင့်မရတဲ့ ဘုရား ကို သဒ္ဓါတရားအပြည့်နဲ့ လာရောက်ဖူးမျှော်ပူဇော်ကြတယ်ဆိုတာ သူတို့ မျက်နှာမှာ၊ သူတို့ ကိုယ်ဟန်အမူအရာမှာ အထင်သားမြင်တွေ့နေရတယ်။ 

ဖောင်တော်နှစ်စင်း ဆုံမိချိန်မှာတော့ ဖောင်တော်အသေးပေါ်က ဖောင်တော်ဦး ရုပ်ပွားတော်များကို ဖောင်တော် အကြီးပေါ်ကို ပင့်ဆောင်တယ်။ ပြီးတော့ ဆွဲလှေတွေနဲ့ အကလှေကြီးတစ်စီးက ဦးဆောင်ပြီး စံကျောင်းရှိရာ ဘက် ကို ဆက်သွားတယ်။ ဖောင်တော်နောက်က ဘုရားဖူးလှေတွေလိုက်သွားကြတာ ရေလမ်းကြောင်းနဲ့ အပြည့်ပဲ။ ဒီ လောက်များတဲ့ လှေတွေ၊ လူတွေကြားမှာ တချို့ဘုရားပွဲတွေမှာ မြင်ရ၊ ကြားရတဲ့ အမြင်မတော်တဲ့ လုပ်ဆောင် မှုတွေ၊ အော်ဟစ်နောက်ပြောင်တာတွေ လုံးဝမရှိဘူး။ ဟောဒီအခမ်းအနားမှာ ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်တွေကို ကြည်ညိုသဒ္ဓါစိတ်ကလွဲလို့ ဘာမှ မရှိဘူး။ 

ကျွန်တော်တို့ကတော့ ဖောင်တော်နောက်ကို မလိုက်တော့ဘူး။ မမှောင်ခင် ညောင်ရွှေ အရောက်ပြန်ရမှာဖြစ်တဲ့ အတွက် လှေစောင့်နေတဲ့နေရာကို ပြန်သွားတယ်။ အပြန်လမ်းမှာ ရေလမ်းကြောင်းဘေး မြေပြင်မှာ ပလတ်စတစ် ဖျာလေးခင်းပြီး ထိုင်နေတဲ့ အမေကြီးသုံးယောက်ကို တွေ့တယ်။ ကျွန်တော်က “အဖွား၊ ဘုရားပွဲစည် တယ်နော်  ” လို့လှမ်းပြောတော့ တစ်ယောက်က လေသံဝဲဝဲနဲ့ “ ဘုရားတန်ခိုးလေ” လို့ ပြန်ပြောတယ်။ 

သူပြောတာကြားတော့ “ အဖွားရေ၊ ဘုရားတန်ခိုးကြောင့်ဆိုပေမဲ့ လောကကြီးမှာ လူတွေ ဘုရားဖူးလာတာကို သူချော လို့ လှလို့ သူ့ကြောင့် ဘုရားလာဖူးတယ်လို့ ထင်နေတဲ့ ဘုရားစျေးသည်လို လူမျိုးတွေလည်း ရှိ သေး တယ်။” လို့  ပြန်ပြော ချင်ပေမဲ့ အဖွားစိတ်ရှုပ်သွားမှာ စိုးရိမ်လို့  မပြောတော့ဘူး။

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၂၃)

ကျွန်တော် –  ငါ ၁၉၉၂ ခုနှစ် မှာ ထုတ်ခဲ့တဲ့  ရဲဘော်သစ်မောင်ရဲ့  ပြည်တွင်းသောင်းကျန်းမှုသမိုင်း စာအုပ်ပြန်ဖတ် နေတယ်။

သူငယ်ချင်း-  ကောင်းတယ်။ ဒါမှ  ဒီအဖွဲ့တွေ ဘာ့ကြောင့်ပေါ်လာသလဲ၊ ဘယ်သူ့ကြောင့်ပေါ်လာ သလဲဆိုတာ မင်း ပြန်သတိရပြီး လစ်ဘရယ်ရောဂါ နည်းနည်းသက်သာသွားမယ်။

ကျွန်တော်- အေးပါကွာ၊ ဒါနဲ့  အဲဒီစာအုပ် အပိုင်း(၃) စာမျက်နှာ ၂၃ မှာ ၁၉ ၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ တော်လှန် ရေး ကောင်စီအစိုးရတက်လာချိန်မှာ အစိုးရကို လက်နက်ကိုင်ဆန့်ကျင်တိုက်ပွဲ ဝင်နေတာ ဗကပ၊ အလံနီ ကွန်မြူနစ်၊ ကေအင်ယူ၊ ရှမ်းအဖွဲ့ သုံးဖွဲ့၊ ကေအိုင်အေ၊ မွန်ပြည်သစ်၊  ကေအင်န်ပီပီ၊ တရုတ်ဖြူ အကြွင်းအကျန်နဲ့ မူဂျာဟစ်အကြွင်းအကျန် ပဲ ရှိတယ်လို့ ပါတယ်။ အားလုံး ဆယ့် တစ်ဖွဲ့ ပေါ့။

သူငယ်ချင်း – အေးလေ၊ အဲဒါဘာဖြစ်လဲ။

ကျွန်တော် –   အခု ဘယ်နှစ်ဖွဲ့ရှိလဲ သိချင်လို့။

သူငယ်ချင်း-  မင်းကွာ။

ဤတွင်တစ်ခန်းရပ်။

ဂါဇာ ဟားမားစ် ဘယ်လဲ

ဂါဇာကမ်းမြှောင်ဒေသ အစ္စရေးနဲ့ ပါလက်စတိုင်း လက်နက်ကိုင်ပဋိပက္ခက ဒီနေ့ လူတိုင်းစိတ်ဝင်စားတဲ့ ကိစ္စ ဖြစ်  နေတဲ့အတွက်ဂါဇာပဋိပက္ခနဲ့ပတ်သက်ပြီးသိသင့်သိထိုက်တဲ့အချက်အလက်များကိုမျှဝေပေးလိုက်  ပါ တယ်။

ဂါဇာကမ်းမြှောင်ဒေသ

ဂါဇာကမ်းမြှောင်ဒေသဆိုတာက အစ္စရေးနိုင်ငံနဲ့ မြေထဲပင်လယ်ကြားထဲက စတုရန်းမိုင် ၁၄၁ မိုင်ပဲ ရှိတဲ့ နယ် မြေ ဖြစ်ပါတယ်။ ( မြေပုံကိုကြည့်ပါ) တစ်ဖက်မှာ မြေထဲပင်လယ်ကမ်းခြေရှိတယ်၊ အီဂျစ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်နမိတ်က ၆ ဒဿမ ၈ မိုင်ရှိပြီး အစ္စရေးနဲ့ ထိစပ်နေတဲ့နယ်နမိတ်က ၃၂ မိုင်ရှိတယ်။ စတုရန်းမိုင် ၁၄၁ မိုင်မှာ လူဦးရေ နှစ်သန်းကျော် နေထိုင်တဲ့အတွက် ကမ္ဘာပေါ်မှာ တတိယမြောက် လူဦးရေ သိပ်သည်းမှု အများဆုံးဒေသ လည်းဖြစ်တယ်။

ဂါဇာကမ်းမြှောင်ဒေသဟာ ၁၆ ရာစုနှစ်ကနေ ၁၉၁၈ ခုနှစ်အထိ  တူရကီအော်တိုမန်အင်ပါယာရဲ့ အစိတ်အပိုင်း ဖြစ်ပြီးပထမ ကမ္ဘာစစ်မှာ တူရကီစစ်ရှုံးသွားတဲ့အတွက်  ၁၉၁၈ – ၁၉၄၈ ထိ  အင်္ဂလိပ် လက်အောက် ခံနယ်မြေ ဖြစ်သွားတယ်။

၁၉၄၈ အာရပ်-အစ္စရေးစစ်ပွဲပြီးတော့ အီဂျစ်နိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်သွားတယ်။ ဒါပေမဲ့ အာရပ်လိဂ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ဂါဇာဒေသကိုအီဂျစ်နိုင်ငံရဲ့ကာကွယ်စောင့်ရှောက်မှုအောက်မှာရှိတဲ့   ပါလက် စတိုင်း အုပ်ချုပ်‌ရေးဒေသ  အဖြစ်  သတ်မှတ်ခဲ့တယ်။ အီဂျစ်အစိုးရက ဂါဇာဒေသမှာ ရှိတဲ့ ပါလက်စတိုင်း လူမျိုး တွေကို ပါလက်စတိုင်းနိုင်ငံသား အဖြစ် အသိအမှတ်ပြုလက်မှတ်တွေထုတ်ပေးခဲ့တယ်။ ၁၉၅၉ ခုနှစ်မှာ  အဲဒီ ပါလက်စတိုင်းအုပ်ချုပ်ရေးဒေသကို အီဂျစ်သမ္မတ နာဆာက ဖျက်သိမ်းလိုက်တယ်။ ဒါပေမဲ့ အဲဒီဒေသက ပါလက် စတိုင်းတွေကို အီဂျစ်နိုင်ငံ သား အဖြစ်အသိအမှတ်ပြုတာမျိုးမလုပ်ခဲ့ဘူး။
 
၁၉၆၇ ခုနှစ် ခြောက်ရက်စစ်ပွဲအတွင်းမှာ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးက သိမ်းပိုက်ခဲ့တယ်။ ၁၉၇၉ ခုနှစ် မတ်လ ၂၆ ရက်နေ့ အီဂျစ်-အစ္စရေးငြိမ်းချမ်းရေးသဘောတူညီချက်အရ ဆနိုင်းကျွန်ဆွယ်ကို အီဂျစ်နိုင်ငံလက် ပြန်လည်ပေးအပ်ခဲ့ပေမဲ့ပါလက်စတိုင်းတွေနေထိုင်တဲ့ဂါဇာကမ်းမြှောင်ဒေသကိုတော့အစ္စရေးနိုင်ငံက ဆက်လက် သိမ်းပိုက်ထားခဲ့တယ်။

၁၉၉၃ ခုနှစ် အော်စလို သဘောတူညီချက်အရ ဂါဇာကမ်းမြှောင်ဒေသနဲ့ ဂျော်ဒန်မြစ်အနောက်ဘက် ကမ်း ဒေသ ကို ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်နဲ့သတ်မှတ်ပေးခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ ဂါဇာဒေသက နေ အစ္စရေးတပ်တွေ လုံးဝရုပ်သိမ်းခဲ့ပေမဲ့  ဂါဇာကမ်းမြှောင် ဒေသရဲ့ မြေပြင်၊ ရေပြင်၊ ဝေဟင် နယ်နမိတ် တွေက အစ္စရေးနိုင်ငံရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိတယ်၊အစ္စရေးတပ်ဖွဲ့တွေကလိုအပ်ရင်ဂါဇာကမ်းမြှောင် ဒေသကို အချိန် မရွေးဝင်ရောက်ခွင့်ရှိလို့ အတိအလင်းကြေညာထားတယ်။

အဲဒီလို ထိန်းချုပ်ထားမှုကြောင့် ကုလသမဂ္ဂက ဂါဇာဒေသကို အစ္စရေးသိမ်းပိုက်ခံ နယ် မြေ အဖြစ်ပဲသတ်မှတ် ထားတယ်။ ဒီလိုသတ်မှတ်ထားတဲ့အတွက်နိုင်ငံတကာဥပဒေများအရ သိမ်းပိုက်ထားသူဖြစ်တဲ့   အစ္စရေး နိုင်ငံဟာ မိမိသိမ်းပိုက်ဒေသမှာ နေထိုင်တဲ့ သူတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အစားအစာနဲ့ ဆေးဝါးလိုအပ်ချက် တွေကို ဖြည့် ဆည်းဖို့တာဝန်ရှိတယ်။

အဲဒီအချက်ကြောင့် အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုတွေ ဖြစ်တိုင်းဂါဇာ ကမ်းမြှောင် ဒေသကို ပိတ်ဆို့လေ့ရှိတဲ့ အစ္စရေးနိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကအငြင်းပွားစရာတွေဖြစ်ခဲ့ တယ်။ လူ့အခွင့် အရေးလှုပ်ရှားသူတွေကတော့ ၂၀၀၇ ခုနှစ်က စပြီး အစ္စရေးနိုင်ငံရဲ့  ပုံစံအမျိုးမျိုးနဲ့  တားဆီး ပိတ် ဆို့ ကန့်သတ်မှု တွေကို ခံနေရတဲ့ လူဦးရေနှစ်သန်းကျော်ရှိတဲ့  ဂါဇာကမ်းမြှောင်ဒေသကို ကမ္ဘာ့အကြီးဆုံး ထောင်  အဖြစ်တင်စား ပြော ဆိုကြတယ်။

ဟားမားစ် ( HAMAS)

ဟားမားစ် ( HAMAS) ဆိုတာ အာရဗီဘာသာစကားနဲ့    Ḥarakah al-Muqāwamah al-ʾIslāmiyyah ( အစ္စလမ် ခုခံတော်လှန် ရေးလှုပ်ရှားမှု , Islamic Resistance Movement ) ကို အတိုကောက် ခေါ် တာဖြစ်ပါတယ်။ နောက် တစ်ခါ   HAMAS ဆိုတဲ့ အသံထွက်က အာရဗီဘာသာမှာ ရဲရင့်မှု၊ အင်အားကြီးမားမှု၊ စိတ်အားထက်သန်မှု လို့ လည်း အနက်အဓိပ္ပါယ်ရတယ်။

ဟားမားစ်အဖွဲ့ကို ၁၉၇၃ ခုနှစ်မှာ   ရှိတ်ခ်အဟ်မဒ် ယာစီးန် (Sheikh Ahmed Yassin)က အီဂျစ်နိုင်ငံအခြေစိုက် မူဆလင်ညီနောင်များအဖွဲ့ရဲ့ အဖွဲ့ခွဲအဖြစ်ဂါဇာဒေသမှာ စတင်ဖွဲ့စည်းခဲ့ပြီး အဲဒီအချိန်က ဟားမားစ် အမည်မခံ သေးဘူး။ ၁၉၈၀ ပြည့်လွန်နှစ်များအစပိုင်းထိ ဒီအဖွဲ့က ဘာသာရေး၊ လူမှုရေးလုပ်ငန်းတွေ သက်သက်ပဲ ဆောင် ရွက်ခဲ့ပြီး ဂါဇာကို သိမ်းပိုက်ထားတဲ့ အစ္စရေးအာဏာပိုင်တွေကလည်း ဒီအဖွဲ့ဟာ အဲဒီအချိန်က စစ်သွေးကြွ အယူ အဆတွေ ပြင်းထန်နေတဲ့ အာရာဖတ်ရဲ့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ( PLO, Fatah)ကို  အင်အားချိန်ခွင်  လျှာ ညှိပေးနိုင် မဲ့ အဖွဲ့ အဖြစ်သတ်မှတ်ထားခဲ့ပြီး အနှောင့်အယှက်မပေးခဲ့ဘူး။

ဂါဇာဒေသ မူဆလင်ညီနောင်များအဖွဲ့ခွဲဟာ ၁၉၈၄ ခုနှစ်ကစပြီး အစ္စရေးကိုလက်နက်ကိုင်တိုက်ခိုက်ဖို့ အတွက် စတင်ပြင်ဆင်လာခဲ့တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရှိတ်ခ်အဟ်မဒ် ယာစီးန် ကို အစ္စရေးက ဖမ်းဆီးခဲ့ပေမဲ့ ၁၉၈၅ ခုနှစ်မှာ ပြန်လွှတ်ပေးခဲ့တယ်။ ၁၉၈၈ ခုနှစ် ပထမပါလက်စတိုင်းအရေးတော်ပုံ ( “Intifada”) စတင်ချိန်မှာတော့ မူဆလင်ညီနောင်များအဖွဲ့ဟာ ဟားမားစ်အဖြစ်တရားဝင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလနဲ့ မေလမှာ ဂါဇာ ဒေသမှာတာဝန်ထမ်းဆောင်နေတဲ့  အစ္စရေး စစ်သားနှစ်ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခြင်းနဲ့ သူတို့ ခုခံတော်လှန်မှုကို စတင်ခဲ့တယ်။

အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ရှိတ်ခ်ယာစီးန် အပါအဝင် ဟားမားစ်ခေါင်းဆောင်အတော်များများအဖမ်းခံရတယ်။ ရှိတ်ခ်ယာစီးန်ကိုအစ္စရေးအာဏာပိုင်တွေကထောင်ဒဏ်တစ်သက်ချမှတ်ခဲ့သလို ဟားမားစ်အဖွဲ့ကိုလည်း မတရား အသင်းအဖြစ်ကြေညာခဲ့တယ်။ ဒါပေမဲ့ ၁၉၉၇ ခုနှစ်မှာ ‌ဂျော်ဒန် နိုင်ငံမှာရှိနေတဲ့ ဟားမားစ်ခေါင်းဆောင် တစ်ယောက် ကို အဆိပ်နဲ့လုပ်ကြံတဲ့ အစ္စရေး ထောက်လှမ်းရေးသမား နှစ်ယောက်ကို ဂျော်ဒန်အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တဲ့အတွက် အဲဒီ လူ နှစ် ယောက်နဲ့ လဲလှယ်နိုင်ဖို့ ရှိတ်ခ် ယာစီးန် ကို ပြန်လွှတ်ပေးခဲ့ရတယ်။

ဟားမားစ်အဖွဲ့က ပထမတော့ ဂါဇာဒေသမှာရှိတဲ့ အစ္စ‌ရေးစစ်သားတွေကို လုပ်ကြံသတ်ဖြတ်တာပဲလုပ်တယ်။ ၁၉၉၃ ခုနှစ်ဧပြီလ အစ္စရေးစစ်သားတွေတင်ဆောင်လာတဲ့ ထရပ်ကား နှစ်စီးကို အသေခံဗုံးခွဲ တိုက်ခိုက်ပြီး နောက်ပိုင်းမှာတော့ ဂါဇာဒေသတွင်းမှာရှိတဲ့ အစ္စရေးစစ်တပ်တွေကို ပစ်မှတ်ထားပြီး ဗုံးခွဲတိုက်ခိုက်မှု တွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်။

၁၉၉၄ ခုနှစ် အစ္စလမ်ဘာသာဝင်တွေရဲ့ ရာမာဒန်ဥပုသ်လအတွင်းမှာ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း ဟီဘရွန် မြို့ က ဗလီတစ်ခုမှာ ဝတ်ပြုဆုတောင်းနေသူတွေကို ဂျူးဘာသာဝင်တစ်ယောက်က ပစ်ခတ်တိုက်ခိုက်တဲ့ အတွက် ဝတ်ပြုဆုတောင်းသူ ၂၉ ယောက်သေဆုံး၊ ၁၂၅ ယောက်ဒဏ်ရာရခဲ့ပြီး သေဆုံးဒဏ်ရာရသူ အများ စုကလည်း ပါလက်စတိုင်းလူမျိုးတွေဖြစ်တယ်။ အဲဒီဖြစ်စဥ်နောက်ပိုင်းမှာ ဟားမားစ်အဖွဲကလည်း အစ္စရေး အရပ်ဘက်  ပစ်မှတ်တွေကို လက်စားချေတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်။

၂၀၀၁ ခုနှစ်ရောက်တော့ ဟားမားစ် အဖွဲ့ က အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေအစား သူတို့ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကို လုပ်ဆောင် ခဲ့တယ်။ ဒီတိုက်ခိုက်မှုတွေအပေါ် အစ္စရေး တပ် မတော်ကလည်း ပြင်းပြင်းထန်ထန် လက်တုန့်ပြန်ခဲ့ပြီး ၂၂ မတ် ၂၀၀၄ ရက်နေ့မှာ ဟားမားစ်ခေါင်းဆောင် ရှိတ်ခ် ဟာစီးန် ဟာ အစ္စရေးတိုက်ခိုက်ရေးရဟတ်ယာဥ်ကနေ ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့်သေဆုံးသွားခဲ့တယ်။

၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ကြာတဲ့ ဒုတိယပါလက်စတိုင်းအရေးတော်ပုံ ( “Intifada”) အပြီး အစ္စရေး တပ်ဖွဲ့တွေ ဂါဇာဒေသကနေ လုံးဝရုပ်သိမ်းသွားချိန် မှာတော့ ဟားမားစ်အဖွဲ့ပေါ်လူထုထောက်ခံမှုပိုများလာပြီး ၂၀၀၆ ဂါဇာ ဒေသတွင်းလွှတ်တော်ရွေးကောက်ပွဲမှာ ဟားမားစ်  အဖွဲ့က အမတ်နေရာ ၁၃၂ နေရာ အနက် ၇၄ နေရာ အနိုင်ရတယ်။ ဂျော်ဒန်မြစ်အနောက်ဘက် ကမ်း ဒေသမှာတော့ ဖာတာ အဖွဲ့က အနိုင်ရခဲ့တယ်။ အဲဒီနောက် ဂါဇာဒေသအုပ်ချုပ်ရေးက ယာဆာအာရာဖတ်ရဲ့ ဖာတာ အဖွဲ့လက်ကနေ ဟားမားစ် အဖွဲ့လက်ထဲကို ရောက်သွား တယ်။

၂၀၀၇ ခုနှစ်ထဲမှာ ဂါဇာဒေသမှာ ရှိတဲ့ ဖာတာ တပ်ဖွဲ့နဲ့ ဟားမားစ်တပ်ဖွဲ့တွေ ကြားတိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပြီးတဲ့နောက် ဖာတာ တပ်ဖွဲ့တွေ ဂါဇာဒေသက ဆုတ်ခွာသွားခဲ့ပြီး  ဂါဇာဒေသမှာ ဟားမားစ်အဖွဲ့က လုံးဝစိုးမိုး ထား နိုင်ခဲ့တယ်။

လက်ရှိအခြေအနေမှာ အနောက်ဘက်ကမ်းဒေသကပီအယ်လ်အိုဖာတာအဖွဲ့ဦးဆောင်တဲ့ပါလက်စတိုင်း အုပ်ချုပ် ရေး အဖွဲ့ လက်အောက်မှာရှိပြီး ဂါဇာကတော့ ဟားမားစ်အဖွဲ့လက်အောက်မှာရှိတယ်။ ဒီနှစ်ဖွဲ့ပေါင်းပြီး တစ်ခု တည်းသော ပါလက်စတိုင်းအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ ကြိုးစားမှုတွေရှိပေမဲ့အခုထိ မအောင်မြင်ဘူး။ ၂၀၁၄ ခု နှစ်နဲ့ ၂၀၂၁ခုနှစ်တွေမှာ ဂါဇာနဲ့ အနောက်ဘက်ကမ်းဒေသ  ပါလက်စတိုင်းလွှတ်တော်    ရွေးကောက်ပွဲတွေ ကျင်းပ ဖို့ အတွက် စီစဥ်ပေမဲ့လည်း အကောင်အထည်မဖော်နိုင်သေးဘူး။

ဟားမားစ်ဘယ်လဲ

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ နံနက်စောစောမှာ ဂါဇာကမ်းမြှောင်ဒေသ မှာ ရှိနေတဲ့ ဟားမားစ် အဖွဲ့က ဂါဇာ ကမ်းမြှောင်ဒေသနဲ့ အစ္စရေး နယ်စပ် မှာရှိတဲ့ အစ္စရေးတပ်မတော်ကင်းစခန်းတွေကို ဝင်တိုက်တယ်၊ ပြီးတော့ နယ်စပ်ခြံစည်းရိုးတွေကို ဖျက်ဆီးပြီး နယ်စပ်ဒေသနဲ့ နီးတဲ့ အစ္စရေး မြို့ရွာတွေကို ဝင်တိုက်တယ်။ တစ်ချိန်တည်းမှာပဲ ဂါဇာကမ်းမြှောင်ဒေသကနေ အစ္စရေးနိုင်ငံထဲကို ဒုံးကျည်တွေပေါင်း နှစ်ထောင်ကျော်နဲ့ ပစ် ခတ်တယ်။(ဟားမားစ်အဖွဲ့ကတော့ငါးထောင်ကျော်ပစ်ခတ်တယ်လို့ဆိုတယ်)အစ္စရေးနိုင်ငံကလည်း လေကြောင်း၊ ရေကြောင်းကနေ ပြင်းပြင်းထန်ထန်လက်တုန့်ပြန်တိုက်ခိုက်တယ်။ အခုဆောင်းပါးရေးတဲ့အချိန်ထိ အစ္စရေးဘက် က စစ်သည်နဲ့ အရပ်သား အနည်းဆုံး ကိုးရာကျော် သေဆုံးပြီး ထောင်ချီ ဒဏ်ရာရတယ်။ အစ္စရေးစစ်သည်နဲ့ အရပ်သား တစ်ရာနဲ့ တစ်ရာ့ငါးဆယ်ကြား ဟားမားစ်အဖွဲ့အဖမ်းခံထားရတယ်။ ဂါဇာကမ်းမြှောင်ဒေသကို ဗုံးကြဲ တိုက်ခိုက် မှု တွေ ကြောင့် ဟားမားစ်တပ်ဖွဲ့ဝင်နဲ့ အရပ်သား ခုနစ်ရာ့ရှစ်ဆယ် နီးပါးသေဆုံးပြီး ထောင်ချီ ဒဏ်ရာ ရတယ်။

၂၀၀၀ – ၂၀၀၅ ပါလက်စတိုင်းများရဲ့ ဆူပူ အုံကြွမှု ငါးနှစ်တာကာလမှာ အစ္စရေးဘက်က တစ်ထောင်လောက် သေဆုံးခဲ့ ပေမဲ့ အခုတိုက်ခိုက်မှုမှာ ပထမ နှစ်ရက်မှာတင် အစ္စရေးဘက်က အနည်းဆုံးကိုးရာကျော် သေဆုံးခဲ့ တာကို ကြည့်ရင် ဒီတိုက်ခိုက်မှုရဲ့ ပြင်းထန်ပုံကို မှန်းဆကြည့်လို့ရတယ်။နောက်ပြီး ၁၉၄၈ ခုနှစ် အာရပ် – အစ္စရေး စစ်ပွဲပြီးထဲကအခုအကြိမ်ကအစ္စရေးမြို့ရွာတွေကို ရန်သူဝင်ရောက်စီးနင်းတိုက်ခိုက်ခံရတာ အများဆုံး၊ သေဆုံးမှု လည်း အများဆုံး ပဲ ဖြစ်ပါ တယ်။ ရန်သူ့လက်မှာ အဖမ်းခံရတဲ့ အစ္စရေးနိုင်ငံသားအရေအတွက်ကလည်း ဒီတစ် ကြိမ် အများဆုံးပဲ။ ဒီထက် ပိုဆိုးတာက အခုတိုက်ခိုက်မှုဟာ “အစ္စရေးအတွက် ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုပဲ “ လို့ အပြောခံရတဲ့အထိ အငိုက် ဖမ်းတိုက်ခိုက်ခံရတာဖြစ်ပါတယ်။ ဟားမားစ်အဖွဲ့ရဲ့ တိုက်ခိုက်မှုက ပြင်းထန်သလို အစ္စရေးရဲ့ လက်တုန့်ပြန်မှုကလည်း ပြင်းထန်ပါတယ်။ အစ္စရေး ဘက်က စစ်ဖြစ်နေပြီလို့ ကြေညာထားတဲ့အတွက် နောက်ထပ်ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေလည်း ထပ်လာ ဦးမှာပဲ။

ဟားမားစ်အဖွဲ့အနေနဲ့ အစ္စရေးတပ်မတော်ကို ဘယ်လို မှ ယှဥ်နိုင်စွမ်းမရှိဘူး။ ဒါကို ဟားမားစ်အဖွဲ့လည်း သိ ပါတယ်။ ဒါဆိုရင် အခုတိုက်ခိုက်မှုတွေကို ဘာ့ကြောင့်လုပ်တာလဲ။ ဒီတိုက်ခိုက်မှုတွေက ရူးမိုက်မှု သက်သက် လား၊ မဟာဗျူဟာအရ တွက်ချက်ဆောင်ရွက်တာလား။ အဲဒါတွေကိုနားလည်ဖို့ ဆိုရင် ပါလက်စတိုင်းတွေရဲ့ “Intifada” လှုပ်ရှား မှုကို သိဖို့လိုပါတယ်။ အဲဒီလှုပ်ရှားမှုက ပါလက်စတိုင်းတွေက အစ္စရေးစစ်တပ်နဲ့ အစ္စရေး နိုင် ငံသားတွေကို ရရာလက်နက် လေးခွကနေ သေနတ်၊ ဒုံးကျည်တွေအထိ စွဲကိုင်ပြီး ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ တိုက်ခိုက်တာကို ခေါ်တာ ဖြစ်ပါတယ်။

အာရဗီဘာသာနဲ့ “Intifada” ဆိုတာကို အင်္ဂလိပ်ဘာသာပြန်တဲ့အခါ ဆူပူအုံကြွမှု ( Uprising ) လို့ ဘာသာပြန်ပေမဲ့ မူလ အာရဗီဘာသာက “တုန်လှုပ်သွားအောင်ဆောင်ရွက်ခြင်း”လို့ အနက်အဓိပ္ပါယ်ရပါတယ်။ အစ္စရေး- ပါလက် စတိုင်း ပဋိပက္ခအတွင်းမှာ “Intifada” နှစ်ကြိမ်ဖြစ်ခဲ့ဖူးတယ်။

ပထမအကြိမ်က ၁၉၈၈ ကနေ ၁၉၉၄ ခုနှစ်အထိ ကြာတယ်။ အစ္စရေး စစ်သား ခြောက်ဆယ်ကျော်နဲ့ အရပ်သား တစ်ရာနီးပါးသေတယ်။ စစ်သား ၁၇၀၀ ကျော် နဲ့ အရပ်သား ၁၄၀၀ ကျော်ဒဏ်ရာရတယ်။ ပါလက်စတိုင်း ၁၂၀၀ လောက်သေတယ်။ အစ္စရေးနဲ့ ပူးပေါင်းလို့ ဆိုပြီး အသတ်ခံရတဲ့ ပါလက်စတိုင်း ၈၂၂ ယောက်ရှိတယ်။ အဲဒီဆူပူမှုအပြီးမှာ အော့စလို သဘောတူညီချက်လို့ ခေါ် တဲ့ အစ္စရေး-ပါလက်စတိုင်း သဘောတူညီချက်တစ်ခုရတယ်။ ဂါဇာကမ်းမြှောင်ဒေသနဲ့ ဂျော်ဒန်မြစ် အနောက်ဘက် ကမ်း ဒေသတွေမှာ ပါလက်စတိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာတယ်။ ဒါပေမဲ့ အဲဒီဒေသတွေထဲမှာ အစ္စရေး တပ် စခန်းတွေနဲ့ အစ္စရေးအခြေချရွှေ့ပြောင်းနေထိုင်သူတွေရဲ့ မြို့ရွာတွေ ဆက်ရှိနေတယ်။ အဲဒီဒေသတွေရဲ့ မြေ ပြင်၊ ဝေဟင်၊ ရေပြင်နယ်နမိတ်တွေက အစ္စရေးထိန်းချုပ်မှုအောက်မှာပဲရှိတယ်။

အော့စ်စလို သဘောတူညီချက်ဆိုတာ ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်ရေးနဲ့ အစ္စရေး -ပါလက်စတိုင်း ထာ၀ရ ငြိမ်း ချမ်းရေးရရှိဖို့အတွက် ပထမဆုံးခြေလှမ်းပဲ။ ဒါပေမဲ့ အဲဒီခြေလှမ်းက ရှေ့ဆက်မတက်နိုင်ဘဲ ၂၀၀၀ ပြည့်နှစ် ဒေးဗစ်စခန်းဆွေးနွေးပွဲပျက်ပြားသွားချိန်မှာတော့ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်ရေးကမျှော်လင့်ချက်မရှိသလို ဖြစ်သွားတယ်။

ဒီလိုနဲ့ ဒုတိယအကြိမ် “Intifada” လှုပ်ရှားမှု ဖြစ်တယ်။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ကြာတယ်။ ပါလက် စတိုင်း သုံးထောင်၊ အစ္စရေးတစ်ထောင်လောက်သေတယ်။ နိုင်ငံခြားသား ၆၄ ယောက်သေတယ်။ နောက်ဆုံး အစ္စရေး ဝန်ကြီးချုပ်ရှာရွန် နဲ့ ပါလက်စတိုင်းသမ္မတ အာဘတ်စ်တို့ တွေ့ဆုံဆွေးနွေးသဘောတူညီချက်ရပြီး မှ တိုက်ခိုက်မှုတွေရပ်သွားတယ်။ အဲဒီနောက် ၂၀၀၅ ခုနှစ်ကုန်မှာ ဂါဇာဒေသမှာ ရှိတဲ့ အစ္စရေးတပ်စခန်းတွေနဲ့ အစ္စရေးမြို့ရွာတွေအားလုံးရုပ်သိမ်းလိုက်တဲ့အတွက် ဂါဇာဒေသဟာ ပါလက်စတိုင်းတွေရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝရောက်သွားတယ်။ အနောက်ဘက်ကမ်းဒေသမှာတော့ အခု အချိန်ထိ အစ္စရေးတပ်စခန်းတွေ၊ အစ္စရေးမြိုရွာတွေ ဆက်ရှိနေတုန်းပဲ။

ဒီ ဒုတိယအကြိမ် “Intifada” လှုပ်ရှားမှုမှာ ရှေ့တန်းရောက်လာတာက ဟားမားစ်အဖွဲ့ဖြစ်ပါတယ်။ ၂၀၀၆ ဂါဇာ ဒေသတွင်းလွှတ်တော်ရွေးကောက်ပွဲမှာ ဟားမားစ် အဖွဲ့က အမတ်နေရာ ၁၃၂ နေရာ အနက် ၇၄ နေရာ အနိုင်ရပြီး ဂါဇာဒေသအုပ်ချုပ်ရေးက ယာဆာအာရာဖတ်ရဲ့ ဖာတာ အဖွဲ့လက်ကနေ ဟားမားစ် အဖွဲ့လက်ထဲကို ရောက်သွား တယ်။ ဟားမာစ်အဖွဲ့က အော့စလို သ‌ဘောတူညီချက်ကို ဆန့်ကျင်တဲ့ အဖွဲ့ ဖြစ်တဲ့အတွက် ဂါဇာဒေသဟာလည်း အစ္စရေးနိုင်ငံကိုတိုက်ခိုက်တဲ့အခြေခံစခန်းဖြစ်လာခဲ့တယ်။

အစ္စ‌ရေးကလည်း ၂၀၀၇ ခုနှစ်ကစလို့ ဂါဇာဒေသကို ပိတ်ဆို့ထားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုအရ မဖြစ် မနေလိုအပ်တဲ့ ကုန်ပစ္စည်းတွေပဲ သွင်းခွင့်ပေးတယ်။ ဂါဇာဒေသကနေ အစ္စရေးနယ်မြေထဲကို တိုက်ခိုက်မှု တစ်ခု ဖြစ်တိုင်း လေကြောင်းကနေလက်စားချေတိုက်ခိုက်တယ်။ ဂါဇာဒေသထဲကို ကုန်စည်ပစ္စည်းတင်ပို့ လို့ မရအောင် နယ်စပ်ကိုပိတ်ပစ်တယ်။အနောက်အုပ်စုနိုင်ငံတွေကလည်း ဟားမားစ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ် ထားတဲ့ အတွက် ဂါဇာဒေသကို အရင်ပေးထားတဲ့ စီးပွားရေးကူညီမှုတွေကို ဖြတ်တောက်ခဲ့တယ်။ ဒါပေမဲ့ အဲဒီလိုအရေးယူမှုတွေက ဟာမားစ်အဖွဲ့ကို သဘောထားပြောင်းအောင် မလုပ် နိုင် သလို ဂါဇာဒေသက လူထု အထူးသဖြင့် လူငယ်တွေထဲမှာ အစ္စရေးနိုင်ငံအပေါ် မုန်းတီးမှု ပိုများလာအောင် တွန်း ပို့ပေးသလိုပဲ ဖြစ်ခဲ့တယ်။

၂၀၂၀ နောက်ပိုင်းရောက်လာတော့ ဟားမားစ်နဲ့ အစ္စရေးတပ်မတော်ကြား အပြန်အလှန် တိုက် ခိုက်မှုတွေ၊ ဂါဇာဒေသက ပါလက်စတိုင်းပြည်သူတွေခံစားနေရတဲ့ စီးပွားရေး၊ လူမှုရေးဒုက္ခတွေကလည်း ကြား ရဖန်များ တဲ့အတွက် နိုင်ငံတကာအသိုင်းအဝန်းမှာ ရိုးသလိုတောင်ဖြစ်လာနေတယ်။ တစ်ဖက်မှာလည်း အစ္စရေးက ဆော်ဒီအာရေးဘီးယားအပါအဝင်ပင်လယ်ကွေ့အာရပ်နိုင်ငံတွေနဲ့ပုံမှန်ဆက်ဆံရေးပြန်လည်ထူထောင်ဖို့ ကြိုးပမ်း မှုတွေ အရှိန်ရလာတယ်။ အရှေ့အလယ်ပိုင်းရဲ့ ပထဝီနိုင်ငံရေးကစားကွက်တွေထဲမှာ ပါလက်စတိုင်းအရေးက ဘေးဖယ်ခံရမဲ့အခြေအနေဖြစ်လာနေတယ်။

အဲဒီလို အခြေအနေမှာ အခု တိုက်ခိုက်မှုကြီးဖြစ်လာတာပဲ။ ဟားမားစ်အဖွဲ့ကတော့ အခုတိုက်ခိုက်မှုတွေကို “Intifada” ခေါင်းစဥ်မတတ်သေးဘူး။ ဒါပေမဲ့ ဟားမားစ်ခေါင်းဆောင်တွေက ပါလက်စတိုင်းတွေကို ရရာ လက် နက်ဆွဲပြီး အစ္စရေးကိုတိုက်ဖို့၊ လက်နက်မရှိရင်တောင် ကားနဲ့ ဝင်တိုက်ဖို့ လှုံ့ဆော်နေတာ တွေ၊ ဂါဇာ ဒေသ အခြေ အနေက ဘယ်တုန်းကနဲ့မှ မတူအောင် ပြောင်းလဲသွားပြီလို့ ပြောနေတာတွေ၊ ၂၀၀၇ ခုနှစ်ထဲက ပိတ်ဆို့ခံ၊ ဗုံးကြဲခံနေရတာ ဒီထက်ပိုပြီး ဆုံးရှုံးဖို့ မရှိတော့ဘူးဆိုပြီး ပြောနေတာတွေကို ကြည့်ရင် သူတို့ ရည်ရွယ်ချက်က လက်ရှိ ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ပြောင်းလဲပစ်ချင်နေတယ်ဆိုတာ ထင်ရှားပါတယ်။

လက်ရှိအချိန်ကာလမှာတော့ အစ္စရေးကလည်း သူအရှက်ရထားတာကို ကျေနိုင်တဲ့အထိ တိုက်ခိုက်နေမှာပဲ။ ဟားမားစ်ဘက်ကလည်းရနိုင်သလောက်လက်တုန့်ပြန်နေမှာပဲ။ အမေရိကန်ကလည်း အစ္စရေးဘက်က ထောက်ခံ နေဦးမှာပဲ။ ဒါပေမဲ့ တိုက်ခိုက်မှုတွေအရှိန်ကျသွားတဲ့အချိန် ‌ရောက်ရင်တော့ ပါလက်စတိုင်းအရေးနဲ့ပတ်သက်တဲ့ အစ္စရေးလူထုသဘောထားတွေ၊ အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေရဲ့ သဘောထားတွေမှာ အပြောင်းအလဲတွေ ဖြစ်လာမှာသေချာပါတယ်။ အစ္စရေးနဲ့ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေကြား သင့်မြတ်ရေးက လည်း အရှိန်တန့်သွားမှာပဲ။ အဲဒါကပဲ ဟားမားစ်အဖွဲ့ရဲ့ မဟာဗျူဟာရည်မှန်းချက်ဖြစ်နိုင်ပါတယ်။

ကျွန်တော်ကတော့ ဟားမားစ်အဖွဲ့ရဲ့ ၂၀၂၃ အောက်တိုဘာ တိုက်ခိုက်မှုကိုကြည့်ရင်း ‌မြောက်ဗီယက်နမ်နဲ့ ဗီယက်ကောင်း ပျောက်ကြားတွေရဲ့ ၁၉၆၈ ခုနှစ် နှစ်သစ်ကူး ထိုးစစ် နဲ့ နောက်ဆက်တွဲ ရလဒ်တွေကို ပဲ သတိရ နေ မိပါတယ်။

ဂရင်းဗီးလ်

သင်္ဘောတစ်စီးမှာ ရေယာဥ်မှူးဆိုတာက ရာထူးအကြီးဆုံး၊  သင်္ဘောတစ်စီးလုံး ဘေးရန် ကင်း ကင်းနဲ့ လိုရာ ခရီး  ရောက်ဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်၊ နိုင်ငံရေး၊ စီးပွားရေး လောကမှာတောင် သူတို့ ခေါင်းဆောင် တွေကို  ပဲ့ကိုင် ရှင် ကြီး ဆိုပြီး တင်စားရအောင် ရေယာဥ်မှူးရဲ့ အခန်းကဏ္ဍက ကြီးမားလှတယ်။ ဒါပေမဲ့ ပဲ့ကိုင်ရှင်ကြီး အမှားမှား အယွင်းယွင်း ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ အဲဒီမေးခွန်းကို ဂရင်းဗီးလ် ရေငုပ် သင်္ဘေဖြစ်စဥ်မှာ အဖြေရှာ လို့ရပါ တယ်။ 

ဂရင်းဗီးလ်ဆိုတာက အမေရိကန် ရေတပ် က အဏုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘော ယူအက်စ် အက်စ် ဂရင်းဗီးလ် ( USSGreeneville) ကို ပြောတာဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မနက် ရှစ်နာရီမှာ  ဂရင်းဗီးလ် ရေငုတ်သင်္ဘောက ဟာဝိုင်ယီကျွန်း ပုလဲဆိပ်ကမ်းကနေ ထွက်လာတယ်။ သူ့ ခရီးစဥ်က သာမန် လေ့ကျင့်ရေး ခရီးစဥ်၊ ပုံမှန်ကင်းလှည့်ခရီးစဥ်မျိုးမဟုတ်ဘူး။အရေးကြီး ဧည့်သည်တွေကို  ရေငုပ် သင်္ဘော ရဲ့ စွမ်းဆောင်နိုင် မှု တွေ ရှင်းလင်းပြသတဲ့ ခရီးစဥ် ဖြစ်ပြီး အမေရိကန်ရေတပ်မတော်ရဲ့  သတ် မှတ်ချက်အရ  Distinguished Visitor Embarkation (DVE) လို့ သတ်မှတ်ထားတဲ့ ခရီးစဥ်ဖြစ်ပါတယ်။ ဒီရေငုတ် သင်္ဘော ရဲ့  စစ်ရေယာဥ်မှူးက ဗိုလ်မှူးကြီး စကော့ ဝက်ဒဲလ် (Scott Waddle) ဖြစ်ပါတယ်။   

ဒီခရီးစဥ်မျိုးက လွှတ်တော်အမတ်တွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ သတင်းထောက်တွေ၊  လူထု သဘောထား အမြင် အပေါ်မှာ ဩဇာသက်ရောက်တဲ့ပုဂ္ဂိုလ်တွေကို ‌ရေတပ်သင်္ဘောတွေပေါ်ခေါ်သွားပြီး ရေတပ်ရဲ့ စွမ်းဆောင် နိုင်မှု တွေကို ပြသတဲ့ခရီးစဥ်ဖြစ်ပါတယ်။ တနည်းအားဖြင့် ရေတပ်အတွက် လိုအပ်တဲ့ ဘတ်ဂျက်တွေ၊ လူထု ထောက်ခံ မှုတွေ ရအောင် မဲဆွယ်စည်းရုံးတဲ့ ခရီးစဥ်လို့ပြောလို့ရပါတယ်။ အဲဒီနေ့က ဂရင်းဗီးလ် ရေငုပ်သင်္ဘော ပေါ်မှာ စီးပွားရေးလုပ်ငန်းရှင် ရှစ်ယောက်၊ သူတို့ ဇနီးခြောက်ယောက် နဲ့  အားကစားသတင်းထောက် ဇနီးမောင် နှံ နှစ်ယောက် အားလုံးပေါင်း ၁၆ ယောက်ပါတယ်။ 

အဲဒီနေ့ နေ့လယ် ၁၂ နာရီမှာပဲ ဂျပန်နိုင်ငံက အဲဟိမဲမာရု  (Ehime Maru ) ငါးဖမ်းသင်္ဘောကလည်း ဟိုနိုလူလူ ဆိပ်ကမ်းကနေ ထွက်လာတယ်။ အဲဟိမဲမာရုကလည်း သာမန်ငါးဖမ်းသင်္ဘောမဟုတ်ဘူး။ ဂျပန်နိုင်ငံ အဲဟိမဲ ခရိုင် အစိုးရငါးဖမ်းသင်တန်းကျောင်းကပိုင်တဲ့လေ့ကျင့်ရေးသင်္ဘောဖြစ်ပြီးသ‌င်္ဘောသားနှစ်ဆယ်၊သင်တန်းသား ဆယ့် သုံး ယောက်၊ ဆရာနှစ်ယောက်ပါတယ်။ သင်တန်းသားတွေက ကမ်းဝေးငါးဖမ်းလုပ်ငန်းကို လက်တွေ့လုပ်ကိုင် သင် ကြားဖို့ အတွက် လိုက်လာဖြစ်ပါတယ်။ 

ဂရင်းဗီလ်းရေငုပ်သင်္ဘော က   မနက် ၁၀ နာရီ ၁၇ မိနစ်မှာ သရုပ်ပြလေ့ကျင့်မဲ့ ပင်လယ်ပြင်သတ်မှတ်နေရာကို ရောက်တယ်။  ဧည့်သည်တွေကို သိသင့်သိထိုက်တာတွေရှင်းပြပြီး နေ့လယ်စာကျွေးတယ်။ မူလသတ်မှတ်ချက် ကနေ့လယ်စာကိုနေ့လယ် ၁၂ နာရီခွဲမှာ အပြီးသတ်ရမယ်၊ ပြီးရင် လက်တွေ့ သရုပ်ပြလေ့ကျင့်ခန်းတွေဆောင်ရွက် ပြီး မွန်းလွဲ နှစ်နာရီခွဲမှာ ပုလဲဆိပ်ကမ်းကို ပြန်ဝင်ရမယ်။ 

ဒါပေမဲ့ နေ့လယ်စာက ၁၂ နာရီခွဲမှာ မပြီးဘူး။ လက်အောက်အရာရှိတွေက ရေယာဥ်မှူးကို သွားသတိပေးတော့ မှ သရုပ်ပြလေ့ကျင့်ခန်းကို မွန်းလွဲ  ၁ နာရီ ၁၀ မိနစ်မှာ စနိုင်တယ်။ သရုပ်ပြလေ့ကျင့်ခန်းစမယ်ဆိုတဲ့အချိန်မှာ စစ်ရေယာဥ်မှူး စကော့ဝက်ဒဲလ်က ရေယာဥ် ထိန်းကျောင်းကွပ်ကဲမှုကို ပဲ့စင်တာဝန်ကျအရာရှိဆီကနေ လွှဲယူ လိုက် တယ်။  ဂရင်းဗီးလ်ရေငုပ်သင်္ဘောက သတ်မှတ်ထားတဲ့ ရေအောက်စစ်ကစားလှုပ်ရှားမှုတွေကို သရုပ်ပြသ ပြီး တဲ့အခါ နောက်ဆုံးလှုပ်ရှားမှုနှစ်ခုဖြစ်တဲ့ အ‌ရေးပေါ်အမြန်ရေငုပ်ခြင်းနဲ့ ‌ ရေပေါ်သို့ အမြန်တက် ခြင်း နှစ်ခုကို သရုပ်ပြတယ်။ ရေပေါ်သို့ အမြန်တက်ခြင်းဆိုတာက ပေလေးရာအနက်ကနေ ရေပေါ်ကို စက္ကန့် ပိုင်းနဲ့ ရောက် အောင် ထိုးတက်တာ။ ကျွန်တော်တို့  ရုပ်ရှင်တွေ၊ ရုပ်သံမှတ်တမ်းတွေမှာ တွေ့ဖူးတဲ့ ရေငုပ်သင်္ဘော ခေါင်းပိုင်း က ရေပေါ်ကို ထိုးထွက်လာပြီးမှဝုန်းကနဲ ပြန်ကျသွားတဲ့ အဖြစ်အပျက်မျိုးပေါ့။ 

အဲဒီလှုပ်ရှားမှုက မကြုံဖူးသေးတဲ့ အရပ်သားဧည့်သည်တော်တွေအတွက် အသည်းအေးကနဲ ဖြစ်သွားတဲ့ လှုပ်ရှား မှု၊ သူတို့ဘဝမှာ ပြောလို့ မဆုံးဖြစ်စေတဲ့ ပြကွက်ပေါ့။ ဒါပေမဲ့ ဖေဖော်ဝါရီ ၉ ၊ ၂၀၀၁ ရက်နေ့ သရုပ်ပြမှုကတော့ စိတ်လှုပ်ရှားစရာမဟုတ်ပဲ တစ်သက်မမေ့နိုင်တဲ့ ကြေကွဲစရာဖြစ်သွားခဲ့တယ်။ 

အရေးပေါ်အမြန်ရေငုတ်တဲ့ သရုပ်ပြမှုက မွန်းလွဲ ၁ နာရီ ၄၀ မိနစ်မှာ ပြီးတယ်။ အဲဒီတော့ ရေပေါ်သို့ အမြန် တက် ခြင်းလေ့ကျင့်ခန်းကို သရုပ်ပြတယ်။ ဖြစ်ချင်တော့ ဂရင်းဗီးလ်က ဂျပန်ငါးဖမ်းသင်္ဘော အဲဟိမဲမာရု ရဲ့ အောက် တည့်တည့်ကနေ ထိုးထွက်လာပြီး သင်္ဘော နှစ်စီးတိုက်မိသွားတယ်။ ဂရင်းဗီးလ်က ငါးဖမ်းသင်္ဘော ဝမ်း ဗိုက်ကို ထိုးခွဲလိုက်သလိုဖြစ်တဲ့အတွက်တိုက်မိပြီးဆယ်မိနစ်အကြာမှာငါးဖမ်းသင်္ဘောလုံးဝမြှုပ်သွားတယ်။ သင်္ဘော ပေါ် မှာ လိုက် လာတဲ့ ခရီးသည်တွေထဲက  ကျောင်းသားလေးယောက်၊ ဆရာနှစ်ယောက် နဲ့  သင်္ဘောသား သုံးယောက်   စုစုပေါင်း ကိုးယောက် သေတယ်။ 

ဒီအဖြစ်အပျက်က အမေရိကန်ရေတပ်မတော်ကိုရော၊ အမေရိကန်အစိုးရကိုပါ အရှက်ရစေတယ်။ အင်မတန် မှ ခေတ်မီတဲ့ ထောက်လှမ်းရေးကရိယာတွေတပ်ဆင်ထားတဲ့ အဏုမြူစွမ်းအင်သုံးရေငုပ်သင်္ဘောက သူ့ အနားက ‌ရေပြင်ပေါ်မှာအရပ်ဘက် ငါးဖမ်းသင်္ဘောတစ်စင်းရှိနေတာကို ဘ့ာကြောင့်မသိရတာလဲဆိုတဲ့မေးခွန်းတွေနဲ့ ရင်ဆိုင် ခဲ့ရတယ်။အမေရိကန်အစိုးရက တရားဝင်တောင်းပန်ခဲ့ရပြီး သေဆုံးသူတွေနဲ့  နစ်မြှုပ်သွားတဲ့  သင်္ဘော အတွက် လျော်ကြေးပေးခဲ့ရသလို သင်္ဘောထဲမှာ ကျန်နေတဲ့ရုပ်အလောင်းတွေရှာဖွေနိုင်အောင် ဆောင်ရွက် ပေးခဲ့ ရတယ်။ 

 အဲဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အမေရိကန်ရေတပ်မတော်က စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စစ်ဆေးခဲ့တယ်။ ကျွန်တော်တို့ နဲ့ အလှမ်းဝေးတဲ့ ရေတပ်သုံးဝေါဟာရတွေ၊ နည်းပညာတွေကို ဖယ်ထားပြီး အများနားလည်နိုင်မဲ့စကားနဲ့ ပြန် ရေးပြရရင် ခုံရုံးတွေ့ရှိချက်တွေထဲက အရေးကြီးတဲ့အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။ 

၁။ ဒီခရီးစဥ်မစတင်မီမှာ သင်္ဘောမှာရှိတဲ့ ဆိုနာနဲ့ပတ်သက်တဲ့ ကရိယာတစ်ခုပျက်စီးနေတာကို စစ်ဆေးတွေ့ရှိ ပေမဲ့ အချိန်မရလို့ဆိုပြီး မပြင်ခဲ့ဘူး။ အဲဒီကရိယာမရှိလည်း ရပေမဲ့ သူမရှိရင် ပိုပြီး ဂရုစိုက်လုပ်ဆောင်ရမဲ့ လုပ် ငန်းစဥ်တွေကို လုပ်ဖို့ ပျက်ကွက်ခဲ့တယ်။ 

၂။ စစ်ရေယာဥ်မှူးက သူ့လုပ်ငန်းထက် အရေးကြီးဧည့်သည်တွေကို ဧည့်ခံဖို့ပိုအာရုံများနေတယ်။ နေ့လယ်စာ စားပွဲမှာလည်း ဧည့်သည်တွေနဲ့ စကားပြော၊ အော်တိုလက်မှတ်ထိုးတာတွေလုပ်နေတဲ့အတွက် နောက်ကျ ခဲ့ရ သလို့ ရေယာဥ်စစ်ကစားလှုပ်ရှားမှုတွေကို ကွပ်ကဲနေချိန်မှာလည်း ဧည့်သည်တွေရဲ့ တုန့်ပြန်မှုတွေကို အာရုံ ထား နေခဲ့တယ်။ 

၃။  စစ်ရေယာဥ်မှူးကနေ့လယ်စာစားချိန်နောက်ကျသွားတဲ့ အတွက် အချိန်မီပြန်နိုင်အောင်ဆိုပြီး  သရုပ်ပြ လေ့ကျင့်မှုတွေဆောင်ရွက်ချိန်မှာ  လုပ်ငန်းအဆင့်လိုက် စစ်ဆေးရမယ့်အချက်တွေကို အပြည့်အဝ မဆောင်ရွက် ဘူး။ လေ့ကျင့်ခန်း လုပ်နေတဲ့ရေပြင်တဝိုက်မှာရှိနေတဲ့သင်္ဘောတွေရဲ့ နောက်ဆုံးအခြေအနေတွေကို ကွပ်ကဲ ထိန်းချုပ်ရေးအခန်း ထဲမှာ ရှိတဲ့ တာဝန်ကျ စစ်သည်တွေဆီကနေ ရယူဖို့ ပျက်ကွက်ခဲ့တယ်။  

၄။   လေ့ကျင့်နေတဲ့နေရာ ပတ်ဝန်းကျင်မှာ ငါးဖမ်းသင်္ဘော အဲဟိမဲမာရု ရှိနေတာကို ဆိုနာ‌ထောက်လှမ်းရေး ကိုင်တဲ့စစ်သည်နဲ့ အနားမှာ ရှိတဲ့ ဒုစစ်ရေ ယဥ်မှူးက သိတယ်။ ဒါပေမဲ့ ရေပေါ်သို့ အမြန်တက်ခြင်း လေ့ကျင့်ခန်း မစခင်မှာ အဲဒီသင်္ဘောနောက်ဆုံးနေရာကို တိတိကျကျ သိနိုင်ဖို့အတွက် အချိန်ယူထောက်လှမ်းရမယ်။ ဒါပေမဲ့ စစ်ရေယာဥ်မှူးက အချိန်မပေးတော့ဘူး။ သူတို့ကလည်း အချိန်ပေးဖို့ မတောင်းဆိုဘူး။

၅။  ပစ်မှတ်ရှာဖွေရေးစနစ်ကို ကိုင်တွယ်တဲ့ စစ်သည်ကလည်း ဂျပန်သင်္ဘော သူတို့ဘက်ကို ဦးတည်လာနေတာ ကို သိတယ်။ အဲဒါကို မြေပုံသွားတင်ရမဲ့ကိစ္စကို မလုပ်ဘူး။ တကယ်တော့ အပိုဒ်တစ်မှာ ပြောထားတဲ့ ကရိယာ ပျက်နေရင် အဲဒီအလုပ်ကို မဖြစ်မနေလုပ်ရမဲ့အပြင် စစ်ရေယာဥ်မှူးနဲ့ ဆိုနာကိုင်တယ်စစ်သည်ကိုလည်း ပြောရ မယ်။ ဒါပေမဲ့ သူ့နေရာနဲ့ မြေပုံတင်ရမဲ့နေရာကြားမှာ ဧည့်သည်တွေ ရှိနေလို့ ဆိုပြီး မလုပ်တော့ဘူး။ ဆိုနာ သမား က သတင်းပို့လိမ့်မယ်လို့ပဲ ယူဆထားလိုက်တယ်။ 

နောက်ဆုံးတော့ ခုံရုံးက  စစ်ရေယာဥ်မှူး၊ ပဲ့စင်တာဝန်ကျအရာရှိ၊ နဲ့ ဆိုနာ/ပစ်မှတ်ရှာဖွေရေးစနစ် တာဝန်ကျ စစ်သည်တွေ ကို တာဝန်ဝတ္တရား ပျက်ကွက်မှုနဲ့ အရေးယူဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါ့အပြင် ဒုစစ်ရေယာဥ်မှူးကိုလည်း အရေးယူဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒု စစ်ရေယာဥ်မှူးကို အရေးယူတာနဲ့ပတ်သက်ပြီး  ခုံရုံးက သင်္ဘော ကို စစ်ရေယာဥ်မှူးကိုယ်တိုင် တိုက်ရိုက်ကွပ်ကဲ မောင်းနေ တယ် ဆိုပေမဲ့ စစ်ရေယာဥ်မှူး လုပ်သင့်တဲ့အလုပ် ကို မလုပ် လို့သင်္ဘောတစ်စီးလုံး အန္တရာယ်ဖြစ်မဲ့ အခြေအနေဆိုရင် ဒုစစ်ရေယာဥ်မှူးက လုပ်သင့်တာလုပ်ဖို့ သတင်းပို့ရမယ်၊ တောင်းဆိုရမယ်။လိုအပ်ရင်တာဝန်လွှဲယူပြီး လမ်းကြောင်း မှန်အောင် ပြန်လုပ်ရမယ်၊ အဲဒီလိုလုပ်ခွင့်ရှိကြောင်း အမေရိကန်ရေတပ် လုပ်ထုံးလုပ်နည်း တွေမှာ လည်း ပြဋ္ဌာန်း ထားပြီးဖြစ်တယ်လို့  ထောက်ပြခဲ့တယ်။ 

ခေါင်းဆောင်မှုသင်ခန်းစာ ဆိုင်ရာ ဂုရုကြီး ဂျွန်မက်စ်ဝဲလ်ကတော့ ဂရင်းဗီးလ်ဖြစ်စဥ်နဲ့ပတ်သက်ပြီး  မာလိန် မှူး ကြောင့် သင်္ဘောဒုက္ခရောက် တော့ မယ်ဆိုရင်   မာလိန်မှူးကို တားဖို့ လူတိုင်းမှာ တာဝန်ရှိတယ်ဆိုတဲ့ သ‌ဘော တရား ဟာ ဂရင်းဗီးလ်က ပေးတဲ့ သင် ခန်းစာပဲ၊ ဒီသင်ခန်းစာဟာ အဖွဲ့အစည်းတိုင်းနဲ့ သက်ဆိုင် တယ်လို့  သုံးသပ် ခဲ့တယ်။ 

၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာတော့ ဟိုနိုလူလူကျွန်းကမ်းခြေမှာ အဲဟိမဲမာရုသင်္ဘောကသေဆုံးသွားသူ များအထိမ်းအမှတ်ကို ဖွင့်လှစ်ခဲ့ပြီး အဲဒီအခမ်းအနားကို အဲဟိမဲမာရုသင်္ဘောက ကျန်ရစ်သူမိသားစုတွေ၊ အမေရိ ကန်နဲ့ ဂျပန်အစိုးရတာဝန်ရှိသူတွေတက်ရောက်ကြတယ်။ အဲဒီ အခမ်း အနားကို ဂရင်းဗီးလ် ရေငုပ်သင်္ဘောက အရာရှိ၊ စစ်သည်တွေ တက်ရောက်ခြင်းရှိ၊မရှိ မသိရဘူး။ တကယ်လို့တက်ခဲ့တယ်ဆိုရင်  ဒုစစ်ရေယာဥ်မှူး ဗိုလ်မှူး ဂျရယ် ကေပီဖာ တစ်ယောက် “ ငါတားလိုက်မိရင်အကောင်းသား” လို့ တွေးနေမယ်ထင်ပါရဲ့။