ဒီတစ်ခေါက် နေပြည်တော်ရောက်တော့ ရိုးရင်းမိတ်ဆွေကြီးနဲ့တွေ့တယ်။ ဒီလူနဲ့ ခင်ပေမယ့် အခု နောက်ပိုင်းကာလတွေမှာ အမြင်မတူတော့ မကြာခဏ စကားစစ်ထိုးရတယ်။ ပါတီစုံ ဒီမိုကရေစီ စနစ်မှာ ပြည်သူလူထု ထောက်ခံမှု ရအောင်လုပ်၊ ပြည်သူထောက်ခံမှု မရဘဲ နဲ့ ဖြတ်လမ်းနည်းနဲ့ အာဏာရပါတီ ဖြစ်ဖို့ကြိုးစားတာ ရှက်ဖို့ကောင်းတဲ့အကြောင်းရေးထားတဲ့ ပုဏ္ဏား တိုင် ဆောင်းပါး ဆိုရင် သူနဲ့ ပြောခဲ့တာတွေကို အခြေခံပြီး ရေးခဲ့တာ တွေပါ။
ဒီတစ်ခါဆုံတော့ မိတ်ဆွေကြီးက ပိုင်ပြီဆိုတဲ့ အပြုံးနဲ့ ကျွန်တော့်ကို “ နဝတ အစိုးရ လက်ထက်မှာ နိုင်ငံခြားက ငွေချေးတာမရှိခဲ့ဘူး၊ ပြီးခဲ့တဲ့အစိုးရ နှစ်ခု လက်ထက်မှာ နိုင်ငံခြားကငွေတွေ အများ ကြီး ချေးခဲ့တယ်” လို့ ဆိုင်းမပါ ဗုံမဆင့် ပြောပါလေရော။ သူ့စကားကို ကြားတော့ အတော်အံ့ဩ သွား တယ်၊ ဒါနဲ့ “နဝတ အစိုးရလက်ထက်မှာ နိုင်ငံခြားက ငွေချေးတာမရှိဘူးဆိုတာ ခင်ဗျား ဘယ် အထောက် အထားနဲ့ ပြောတာတုန်း” လို့မေးတော့ သူက မင်းခေတ်နောက်ကျသွားပြီဆိုတဲ့ အကြည့် နဲ့ ကြည့်ပြီး သူဘယ်က သိတယ်ဆိုတာ ပြောပြတယ်။
သူ ဘယ်က သိတယ်ဆိုတာကိုကြားလိုက်ရတော့ ကျွန်တော့်မှာ ရယ်(ရီ) လိုက်ရတာ ဗိုက် တောင် နာတယ်။ ပြီးတော့မှ ခင်ဗျားလိုလူတွေ အများကြီးရှိဦးမှာပဲ၊ ဒါ့ကြောင့် အများသိအောင် ဆောင်းပါး ရေးမယ်၊ စောင့်ဖတ်လို့ပြော ခဲ့တယ်။
ဒီတော့ န၀တအစိုးရလက်ထက်မှာ နိုင်ငံခြားက ငွေချေးခဲ့တာ ရှိ မရှိဆိုတာနဲ့ပတ်သက်ပြီးလွှတ်တော် မှတ်တမ်းတွေ၊ အစိုးရအစီရင်ခံစာတွေ နဲ့ စာအုပ်စာတမ်းတွေကနေ ခြေရာ ကောက် ကြည့်ရအောင်။
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ သမ္မတဦးသိန်းစိန်အစိုးရက ပြည်ပကြွေးနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်များ ကို ပြည်ထောင်စုလွှတ်တော်ကိုတင်ပြခဲ့တယ်။ အဲဒီတင်ပြချက် မှာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ ရှိနေတဲ့ မြန် မာနိုင်ငံရဲ့ ပြည်ပကြွေးမြီစာရင်းကို အခုလို ဖော်ပြခဲ့ ပါတယ်-
၁။ ၁၉၈၈ ခုနှစ်မတိုင်မီ ( လမ်းစဥ်ပါတီအစိုးရလက်ထက်) ချေးငွေ အမေရိကန် ဒေါ်လာ ၁၁၆၀၈.၄၀၅ သန်း။
၂။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ( န၀တ/နယက အစိုးရလက်ထက် ) ချေးငွေ အမေရိကန်ဒေါ်လာ ၃၄၈၇.၄၁၅ သန်း။
၃။ စုစုပေါင်း ၁၅၀၉၅. ၈၂၀ သန်း
ဒါ့ကြောင့် န၀တအစိုးရလက်ထက်မှာ နိုင်ငံခြားက ငွေမချေးခဲ့ဘူး ဆိုတဲ့ မိတ်ဆွေကြီးရဲ့ စကားက လုံး၀ မှားနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။
န၀တအစိုးရလက်ထက်မှာ ငွေချေးခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ့ပြီဆိုတော့ အဲဒီချေးငွေတွေ က ဘယ်လိုချေးငွေအမျိုးအစားလဲ၊ ဘယ်ကချေးတာလဲ ဆိုတာ ဆက်လေ့လာရအောင်။ လက်ရှိ နစက အစိုးရအဖွဲ့မှာ ဘဏ္ဍာရေး၀န်ကြီး တာ၀န် ထမ်းဆောင်နေပြီး ဦးသိန်းစိန် အစိုးရအဖွဲ့ မှာလည်း ဘဏ္ဍာရေး၀န်ကြီး ( ၂၀၁၂ – ၂၀၁၆) တာ၀န်ယူခဲ့တဲ့ ဦး၀င်းရှိန်ရေးတဲ့ “ နိုင်ငံတော်၏ ပြည်ပကြွေးမြီ အခြေအနေ နှင့် ပဲရစ်ကလပ် ကြွေးမြီ ရှင်းလင်းခြင်းအတွေ့အကြုံ” စာအုပ်မှာ ပြည်ပချေးငွေကို အဓိက အားဖြင့် သက်သာမှု ရှိသော ချေးငွေ ( Concessional Loan) နဲ့ သက်သာမှုမရှိသောချေးငွေ ( Non Concessional Laon) ဆို ပြီး နှစ်မျိုးခွဲထားပါတယ်( စာမျက်နှာ ၉၅)။
ဦးဝင်းရှိန်က ၁၉၈၈ ခုနှစ်မတိုင်ခင်က ချေးငွေများရဲ့ အတိုးနှုန်းက သုညဒဿမ ၀၁ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ ရှိပြီးချေးငွေအများစုမှာ သက်သာ သောချေးငွေများ ဖြစ်တယ် ( စာ ၁၃၇) လို့ ဆိုပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ချေးငွေများနဲ့ ပတ် သက်လို့ကတော့ ၁၉၈၈-၁၉၈၉ ကနေ ၂၀၁၀-၂၀၁၁ ကြားမှာ တရုတ်နိုင်ငံ Exim Bank of China နဲ့ China Development Bank တို့ကနေ အများဆုံးချေးငွေရယူခဲ့တယ်၊ အတိုးနှုန်းက ၂ ရာခိုင်နှုန်း ကနေ ၄ ဒဿမ ၇၈ ရာခိုင်နှုန်းအထိ ဖြစ်တဲ့ အတွက် သက်သာမှု မရှိသော ချေးငွေ ဖြစ်တယ်၊ မြန်မာနိုင်ငံကို ချေးငွေပေးချင်တဲ့ အဖွဲ့အစည်း/ နိုင်ငံ နည်းပါး တဲ့အတွက် တရုတ် နိုင်ငံကပဲ အများဆုံးချေး ရတာ ဖြစ်တယ် ( စာ ၁၃၇၊ ၁၃၈) လို့ ဆိုပါတယ်။
န၀တအစိုးရကာလမှာ ပြည်ပချေးငွေနဲ့ပတ်သက်ပြီး ထူးခြားတဲ့အချက်ကတော့ ၁၉၈၈ ခုနှစ် မတိုင် မီက ချေးငွေများကို ၁၉၉၇-၁၉၉၈ ခုနှစ်အထိပဲ ပြန်ဆပ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ပြန် မဆပ်တော့ ဘူး။ ၁၉၈၈ ခုနှစ်မတိုင်မီချေးငွေတွေထဲမှာ ကမ္ဘာ့ဘဏ် ၊ အာရှဖွံ့ဖြိုးရေးဘဏ် တွေရဲ့ ချေးငွေတွေက နောက်ကျကြေးမရှိပေမယ့် ပဲရစ်ကလပ် အဖွဲ့ဝင်နိုင်ငံတွေက ချေးငွေတွေကတော့ နောက်ကျကြေး ပေးရ တယ်။ ဒါ့ကြောင့် ၂၀၁၁ ခုနှစ်ရောက်တဲ့အချိန်မှာ ၁၉၈၈ ခုနှစ်မတိုင်မီ ချေးငွေ တွေဟာ မူလ အရင်း၊ အတိုးနဲ့နောက်ကျကြေးတွေပေါင်းပြီး တဖြည်းဖြည်းများလာတယ်၊ တချို့ချေး ငွေတွေရဲ့ နောက်ကျကြေးကမူလအကြွေးရဲ့ ၇၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ များလာ တယ် ( ဦးဝင်းရှိန် စာအုပ် စာမျက်နှာ ၃)။
၂၀၁၁ ခုနှစ်နောက်ပိုင်းရောက်တော့ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် နိုင်ငံတကာ အထောက်အပံ့တွေ ရဖို့လမ်းပွင့်လာတယ်။ ဒါပေမဲ့ ပြဿနာက ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် နဲ့ ပဲရစ်ကလပ်အဖွဲ့၀င်နိုင်ငံတွေက သူတို့ နိုင်ငံ/ အဖွဲ့အစည်းများရဲ့ ဥပဒေ၊ စည်းမျဥ်း နဲ့ လုပ်ထုံး လုပ် နည်းများအရ ကြွေးမဆပ်တဲ့နိုင်ငံတွေကို ချေးငွေအသစ်ပေးလို့မရဘူး။ ဒါ့ကြောင့် မြန်မာနိုင်ငံနဲ့ မြီရှင်နိုင်ငံ/အဖွဲ့အစည်းတွေကြားမှာ အကြွေးကိစ္စရှင်းဖို့လုပ်ရတယ်။
အဲဒီအကြောင်းအပြည့်အစုံကို ဦးဝင်းရှိန်စာအုပ်မှာ ရေးထားတယ်။ တိုတိုရှင်းရှင်း ပြောရရင်တော့ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် တို့ရဲ့ စည်းမျဥ်းအရ အကြွေးကို လျှော်ပေးလို့ မရ ဘူး။ မြန်မာကို ငွေချေးထားတဲ့ ပဲရစ်ကလပ်အဖွဲ့၀င်နိုင်ငံတွေ ( ဂျပန်၊ ဒိန်းမတ်၊ဂျာမနီ၊ကနေဒါ၊ ဖင် လန်၊ ပြင်သစ်၊အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ဩစတြီးယား၊ ဗြိတိန်) နိုင်ငံတွေမှာ တချို့နိုင်ငံ တွေကရာခိုင်နှုန်းပြည့်လျှော်ပေးလို့ရတယ်၊တချို့က သူတို့နိုင်ငံလွှတ်တော်ဥပဒေအရ အတိုင်း အတာ တစ်ခု အထိပဲ လျှော်ပေးလို့ရတယ်။ ဒါ့ကြောင့် မြန်မာနဲ့ မြီရှင်တွေကြားမှာ အကြိမ်ကြိမ်ညှိနှိုင်း ရတယ်။
နောက်ဆုံးတော့ ကြွေးဟောင်းတွေထဲက လျှော်လို့ရတာကို လျှော်ပေး၊ လျှော်လို့မရတဲ့ ကြွေးတွေ ပေါင်းကူးချေးငွေ( Bridge Loan) နဲ့ ပြန်ဆပ်ပြီးတော့ အတိုးသက်သာတဲ့ ချေးငွေတွေအဖြစ်ပြောင်း လဲလိုက်တယ်။ အဲဒီရှင်းလင်းမှုတွေအားလုံးက ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ ပြီးတယ်။ အဲဒီ လို ပြီးသွားတဲ့အချိန်မှာ လုပ်ငန်းပြီးဆုံးချိန်မှာ ရှိနေတဲ့ ငွေကြေးလဲလှယ်နှုန်းအရ ၁၉၈၈ ခုနှစ် မတိုင် မီ ကြွေးမြီများကို ရှင်းလင်းနိုင်မှုအခြေအနေက အောက်ပါအတိုင်းဖြစ်ပါတယ်-
၁။ ကြွေးမြီမရှင်းမီ စုစုပေါင်းချေးငွေ ( ADB, World Bank, ပဲရစ်ကလပ်နိုင်ငံများ) အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁,၆၉၄။
၂။ ကြွေးလျှော် ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း ၅,၉၅၅ ။
၃။ ကြွေးရှင်းပြီးနောက်လက်ကျန်ကြွေး အမေရိကန်ဒေါ်လာသန်းပေါင်း ၅၇၄၀။
(ဘဏ္ဍာရေးဝန်ကြီးဌာန၊ပြည်ပကြွေးမြီဟောင်းများရှင်းလင်းဆောင်ရွက်ခြင်းမှတ်တမ်း, ၈-၃-၂၀၁၆)
ဒါဆိုရင် ၂၀၁၁ နောက်ပိုင်း ရွေးကောက်ခံ အစိုးရ နှစ်ရပ်ကာလမှာရော ပြည်ပကြွေးမြီအခြေအနေက ဘယ်လိုရှိသလဲ။ ၂၀၂၀-၂၀၂၁ အစိုးရရဲ့ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ အစိုးရအဆက် ဆက်ချေးယူခဲ့တဲ့ ပြည်ပ ချေးငွေပမာဏ လက်ကျန်အခြေအနေကို အခုလို ဖော်ပြထားပါတယ်-
၁။ ၁၉၈၈ ခုနှစ်မတိုင်မီ ကာလ( တော်လှန်ရေးကောင်စီ/လမ်းစဥ်ပါတီအစိုးရ) ။ အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၉၇၃.၅၄၂ ။ ( စုစုပေါင်းအကြွေး၏ ၃၂.၉ ရာခိုင်နှုန်း)
၂။ ၁၉၈၈-၁၉၈၉ မှ ၂၀၁၀-၂၀၁၁ ကာလ ( န၀တ/နယက အစိုးရ)။ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၈၈၄.၁၂၉။ ( စုစုပေါင်းအကြွေး၏ ၁၅.၆ ရာခိုင်နှုန်း)
၃။ ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ကာလ ( ပြည်ခိုင်ဖြိုးပါတီအစိုးရ)။ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၈၇၄.၇၈၇။ ( စုစုပေါင်းအကြွေး၏ ၃၂.၁ ရာခိုင်နှုန်း)
၄။ ၂၀၁၆-၂၀၁၇ မှ ၂၀၂၀-၂၀၂၁ ကာလ ( အင်န်အယ်လ်ဒီပါတီအစိုးရ)။ အမေရိကန်ဒေါ်လာသန်း ပေါင်း ၂၃၅၁.၃၄၂။ ( စုစုပေါင်းအကြွေး၏ ၁၉.၄ ရာခိုင်နှုန်း)
မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် ချေးယူခဲ့တဲ့ ချေးငွေများနဲ့ပတ်သက်ပြီး ဝန်ကြီးဦးဝင်းရှိန် ရဲ့ စာအုပ်မှာ အခုလို ခွဲခြားသုံးသပ်ထားတာကို တွေ့ရပါတယ်- ( စာ ၁၃၇ ၊ ၁၃၈)
၁။ ၁၉၈၈ မတိုင်မီ ချေးယူခဲ့သော ချေးငွေအများစုမှာ သက်သာသောချေးငွေများဖြစ်ပါတယ်။ ဂျပန် နိုင်ငံမှ ပေးဆပ်ရမည့်ချေးငွေကအများဆုံးပါ။
၂။ ၁၉၈၈-၁၉၈၉ မှ ၂၀၁၀-၂၀၁၁ ကာလချေးငွေများသည် သက်သာသည့်ချေးငွေအနေအထားမဖြစ် ဘူး။ တရုတ်နိုင်ငံ ချေးငွေက အများဆုံးပါ။
၃။ ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ကာလ ချေးငွေအများစုမှာ သက်သာသောချေးငွေများ ဖြစ်တယ်။ ဂျပန် ချေးငွေက အများဆုံးပါ။
၄။ ၂၀၁၆-၂၀၁၇ နောက်ပိုင်းချေးငွေအများစုမှာ သက်သာသောချေးငွေများဖြစ်တယ်။ ကမ္ဘာ့ဘဏ် ချေးငွေက အများဆုံးပါ။
ဒါကတော့ မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီအကြောင်း ဇာတ်လမ်းအကျဥ်းချုပ်ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံမှန်သမျှ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊စီမံကိန်းများကိုလုပ်ဆောင်ဖို့ အတွက် ပြည်ပချေးငွေနဲ့နည်းပညာအကူအညီတွေရယူရတာထုံးစံပါပဲ။မြန်မာနိုင်ငံအစိုးရအဆက်ဆက်လည်း ဒီလိုပဲ ကျင့်သုံးခဲ့တာပါ။
တကယ်တော့ ချေးငွေယူရတာက ပြဿနာမဟုတ်ပါဘူး။ ချေးငွေကို မလိုအပ်ဘဲနဲ့ အတိုးကြီး ကြီး ပေးယူတာ၊ စနစ်တကျ သုံးစွဲမှု မရှိတာ၊ ချေးငွေပြန်မဆပ်နိုင်တာကသာ မျက်နှာပူစရာကိစ္စဖြစ်ပါ တယ်။ အဲဒီထက် ပိုဆိုးတာကတော့ နိုင်ငံ တကာအလယ်မှာ လူရာမ၀င်တော့ ကိုယ်နိုင်ငံအတွက် လိုအပ်တာတွေ လုပ်နိုင်ဖို့ အတွက်တောင် ယုံယုံ ကြည်ကြည်နဲ့ ငွေချေး မယ့်သူ မရှိတဲ့ဘ၀ပေါ့။ အာဖရိကတိုက်က နိုင်ငံတချို့ဆိုရင် အဲဒီလို အဖြစ်နဲ့ ရင်ဆိုင်နေတာကို လေ့လာတွေ့ရှိနိုင်ပါတယ်။
#yehtutarticle
#economy
#foreigndebts