အညာရှုခင်း
ပုဂံ ညောင်ဦးဒေသရှုခင်းဟာ ပိုင်စိုးဝေ ရဲ့ “မိုးနည်းရပ်ဝန်းမြေပေါ်မှာ” ဆိုတဲ့ ကဗျာကို သတိရ စေတယ်။ အဲဒီကဗျာမှာ အညာသားကဗျာဆရာက အညာကလူတွေအကြောင်း အခုလို ရေးဖွဲ့ ခဲ့ တယ် –
“သည်လူတွေ
မိုးနည်းရပ်ဝန်း မြေပေါ်မှာ
ထန်းပင်တက်၊ ထန်းလျက်ကျို
ယာကိုလည်း ထွန် ၊ သစ်ပင်လည်း စိုက်
သိုးဆိတ်နွားကျောင်း
ပုပ္ပါးတောင်စောင်းဆီ မျှော်ကြည့်ငေးမောရင်း
လွမ်းစရာ တေးသီချင်းတွေ ဆိုကြ။
ထန်းပင်မြင့်မြင့်ကြီးတွေပေါ်
တကြော်ကြော် အော်ဟစ်
တွံတေးသိန်းတန်ခေတ်ကို အမှတ်ရကြ။
သည်လူတွေ
တောင်သူဓလေ့
ယာမီးငွေ့တွေကြား
မှုန်ဝါးဝါး ပန်ချီကားတစ်ချပ်လို
ဘဝကို တပ်မက်
အသက်ရှင်ခြင်းကိုဖက်တွယ်
သဘာဝကို ဘယ်တော့မှ အရှုံးမပေးတဲ့
မိုးနည်းရပ်ဝန်းမြေပေါ်က
တို့ဘဝရဲ့ ရုပ်ပုံလွှာ။”
ဒါပေမဲ့ ပုဂံဒေသရှုခင်းကိုကြည့်ရင်း ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက အညာ ဒေသရှုခင်း ကို မှန်းဆကြည့်မိတော့ ပိုင်စိုးဝေရဲ့ “ သိန်းစွန်ငှက်အပြန်လမ်း” ကဗျာထဲက သူ့မိခင် အကြောင်း ဖွဲ့ဆိုထားတာတဲ့ စာသားတွေကို သတိရမိပြန်တယ်-
“စစ်စနက်မီး အကြွင်းအကျန်တွေနဲ့
ခေတ်အပျက်ကြီးကို တွန်းလှန်ရင်း
အမေရယ် တခြားအမေတွေရယ်
အမေတွေအားလုံး
ကလေးတွေကို ပခုံးပေါ်တင်ပြီး
ပြေးကြလွှားကြ၊ ပုန်းကြအောင်းကြနဲ့
တချို့သားသေ၊ တချို့ လင်ဆုံး
စစ်ဆိုတာကြီးကို
မုန်းခဲ့တယ်မဟုတ်လားအမေ။”
“ ဟိုတစ်နှစ်က
တစ်ရွာလုံး မီးလောင်ပြာကျ
အဲသည်ကတည်းက အမေဟာ
ရွာကို ပြန်မရောက်
အိမ်ပြန်မဆောက်နိုင်
ထန်းပင်အောက်က ထန်းတဲမှာ
အမေ အနေကြာခဲ့ပါတယ်။”
ဒါတွေတွေးမိပြန်တော့ ပုဂံရှုခင်းက ကြည်နူးဖို့လည်းကောင်း၊ ဝမ်းနည်းစရာလည်းကောင်း တဲ့ ရှုခင်းဖြစ်သွားပြန်တယ်။ ဒါ့ကြောင့်လည်း ဆရာစိုင်းခမ်းလိတ် က ရှမ်းပြည်နယ်ရဲ့ အလှအပတွေ ကိုပဲ ဖွဲ့သီနေတဲ့ အနု ပညာရှင်တွေနဲ့ ပတ်သက်ပြီး
“အစ်ကိုတို့ရေ ပျော်နေတဲ့ အိပ်မက်ကနေ
အပြင်ထွက်ခဲ့လေ
တောင်ပေါ်မြေရဲ့ တစ်ခြားတစ်ဖက် မျက်နှာမှာ
ချယ်ရီတွေလည်း ယမ်းနံ့စွဲနေ
သာယာတယ်ဆိုတဲ့ ထင်းရူးတောတွေဟာ
လောင်ရာတွေနဲ့ ရုပ်ပျက်နေ” လို့ ရေးဖွဲ့ခဲ့တာဖြစ်မယ်။
ဒါပေမဲ့ ဒါကလည်း အပြောလွယ်သလောက် လုပ်ဖို့ခက်လှပါတယ်။ လူ့သဘာဝကိုက ကောင်းတာ ကိုပဲ မြင်ချင်၊ ကြားချင်၊ ခံစားချင်တာဆိုတော့ အခြား တစ်ဖက်မျက်နှာကို မြင်နိုင်ဖို့ဆိုတာ စာနာ တတ်တဲ့ နှလုံးသားရှိမှ ဖြစ်မှာပါ။







Poem by Paing Soe Wei portrays the reality of present time. Killing your own people is the worst crime that any government can commit. When will these displaced people ever come out of poverty.
LikeLike