ကျွန်တော်တို့ငယ်ငယ်က အောင်ဆန်းကွင်းမှာ ကျင်းပတဲ့ ပထမတန်းဘောလုံးပွဲတွေက အခုလုပ်နေတဲ့ မြန်မာလိဂ်ပွဲတွေ ထက် လူကြည့်များတယ်။ ဘောလုံးအသင်းတွေကလည်း အစိုးရဌာနတွေကို အခြေခံထားတာ။ အဲဒီအချိန်က ဘောလုံးသမားတစ်ယောက်ဟာ တိုင်းနဲ့ ပြည်နယ်ပွဲမှာ ခြေစွမ်းပြရင် ၊ ပထမတန်းအသင်းတွေကိုရောက်၊ အဲဒီကမှ မြန်မာ့လက်ရွေးစင်ဖြစ်တာများတယ်။ ဒီတော့ လက်ရွေးစင်တွေပါတဲ့ ပထမတန်းပွဲတွေက လူကြိုက် များတယ်။ ပွဲတွေကလည်း အကြိတ်အနယ်ရှိတယ်။
၁၉၈၀ ပတ်ဝန်းကျင်ရောက်လာတော့ မြန်မာ့ဘောလုံးလောကလည်း အကျဘက်ရောက်လာသလို ဘောလုံးပွဲ လောင်းတာလည်း ခေတ်ထလာပြီး ပထမ တန်းပွဲ တွေက ကြည့်မကောင်းတော့ဘူး။ တချို့ပွဲတွေဆိုရင် မကန် ခင်ထဲက ကြိုပြီး အဖြေထွက်နေတဲ့အထိ ဖြစ်လာတယ်။
အဲဒီခေတ်က ဘောလုံးပွဲမှာ ငွေယူပြီး လုပ်ပွဲကစားတာကို “ ခေါက်ဆွဲစား” တယ်လို့ ပြောကြတယ်။ ဘယ်လို က စပြီး ဒီစကားတွင်သွားလဲဆိုတာတော့ မသိဘူး။ ဒါပေမဲ့ ဘောလုံးသမားတွေ လာဘ်စားတာကို “ခေါက်ဆွဲစား တယ်”တယ်လို့ ပြောတဲ့ ဗန်းစကား ခေတ်စားခဲ့ဖူးတာတော့ အမှန်ပဲ။
တစ်ကြိမ်မှာတော့ ပထမတန်းအသင်းတွေကြားမှာ ခေါက်ဆွဲစားတဲ့ ပြဿနာ အရမ်းကြီးလာတဲ့အတွက် တချို့ ဌာန တွေက အသင်းသားအားလုံးကို ထုတ်ပြီး အသစ်ပြန် ဖွဲ့တယ်။ တချို့ လက်ရွေးစင်ဘောလုံးသမားတွေလည်း လက်ရွေးစင် အသင်းကနေ ထုတ်ခံရတယ်။ နာမည်ပျက်စာရင်းသွင်းခံရတယ်၊ ဌာနဆိုင်ရာစည်းကမ်းအရ အရေး ယူခံရသူ လည်း ရှိတယ်။
ဒါပေမဲ့ ခေါက်ဆွဲစားတဲ့ အကျင့်ဆိုးကြီးကတော့ ပျောက်မသွားဘူး။ တချို့အသင်းတွေဆိုရင် ပိုတောင် ဆိုး သွား သေးတယ်။ ကြော်မကောင်း ကြားမကောင်း ကိစ္စတွေဖြစ်လာတယ်။
ဒီတော့ ပရိသတ်က “ ကောင်းရောကွာ၊ အရင် အသင်းခေါက်ဆွဲစားတယ်ဆိုပြီး အရေးယူလိုက်တာ နောက် အသင်းက တစ်ယောက် နှစ်ယောက်စားတာတောင် အရင်အသင်း တစ်သင်းလုံးစားတာထက်ပိုဆိုးတယ်၊ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ဆိုတာ အဲဒါမျိုးပေါ့” လို့ မှတ်ချက်ပေးကြတယ်။
ဘောလုံးပွဲတွေကြည့်ရင်း သတိရမိတဲ့ တစ်ခါက မှတ်မှတ်ရရ အဖြစ်အပျက်လေးပါ။ အခုတော့ “ခေါက်ဆွဲစားတယ်” ဆိုတဲ့ စကားမသုံးကြတော့ဘူး။ မောင်ပုလဲတွေတော့ ရှိသေးလား မသိဘူး။