ဒီနေ့ မှာ MIPS (Myanmar Institute for Peace and Security ) က ထုတ်ဝေတဲ့ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်ခွင့်ရခဲ့တယ်။
စာအုပ်အမည်က အတော်ရှည်လျားပါတယ်။ “ ဖက်ဒရယ် (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့ များ ဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ” လို့ အမည်ပေးထားတယ်။
ဒီစာအုပ်က ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ကျင့်သုံးတဲ့ အမေရိကန်၊ အိန္ဒိယ ၊ဆွစ်ဇာလန်၊ နီပေါ၊ တောင်အာဖရိက နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းမှု ပုံစံ၊ အရပ်ဘက် – စစ်ဘက် ဆက်ဆံရေး၊ အရပ်သားအစိုးရရဲ့ ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာ နဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့် စတာတွေကို အခြေခံဥပဒေ၊ (လွှတ် တော်) ပြဋ္ဌာန်းဥပဒေတွေကို လေ့လာပြီး မြန်မာနိုင်ငံနဲ့ သင့်တော်မည့် အချက်တွေ ကို ရွေးနုတ်ဖော်ပြထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေးမှာ ပါဝင်နေမှု အခန်း ကဏ္ဍ နဲ့ တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော်တည်ဆောက်ရေး ဟာ အဓိက ကျတဲ့သော့ချက် တွေဖြစ်နေပါတယ်။ အခု MIPS ရဲ့ စာအုပ်ကလည်း ဒီသော့ချက်နှစ်ခုကို အဖြေရှာမှာ ထည့်သွင်း စဉ်းစားနိုင်မယ့်အချက်တွေကို ဖော်ပြထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍပြုပြင် ပြောင်းလဲရေးနဲ့ပတ်သက်ပြီး စိတ်ပါဝင်စားသူများဖတ်ရှုလေ့လာသင့်တဲ့စာအုပ်ဖြစ်ပါတယ်။