ကိုဗစ် ဒုတိယလှိုင်း နဲ့ အတူ ရန်ကုန်မြို့နယ်တွေမှာ နေအိမ်တွင်နေထိုင်ရေး ( Stay at Home ) အမိန့်တွေထုတ်ပြန်ခဲ့တယ်။ အဲဒီအမိန့်နဲ့ အတူဖြစ်လာတဲ့အခြေအနေတွေအောက်မှာ ဘယ်လို နေထိုင်ရမလဲဆိုတာ လို၊ တို ၊ ရှင်း သုံးသပ်ကြည့်မိတယ်။
ဖြစ်သင့်တာ
အိမ်မှာနေ ( Stay at Home ) ဆိုတာ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေပဲ အပြင်ထွက်ဖို့၊ အပြင် ထွက်ရင် လိုအပ်တဲ့ ရောဂါကူးစက်မှုအကာအကွယ်တွေကို မပျက်မကွက်လုပ်ဆောင်ဖို့၊ အဲဒီလို လုပ်ဆောင်ခြင်း ရှိ/ မရှိ ဒေသန္တအာဏာပိုင်အဖွဲ့အစည်းတွေက စိစစ်ဖို့ လို့ပဲနားလည်မိတယ်။
ဒီတော့
၁။ လမ်းအလိုက်၊ ရပ်ကွက်အလိုက် ကိုယ်နယ်မြေက အိမ်ပြင်ထွက်သူတွေဟာ အဲဒီ သတ်မှတ်ချက်တွေနဲ့ ညီ၊ မညီ စိစစ်ရမယ်။
၂။ ကိုယ်လမ်း၊ ရပ်ကွက်ထဲကို ဝင်လာသူတွေကို လိုအပ်ရင် ပြန်လည် ရှာဖွေ ဆက်သွယ်နိုင်ဖို့ အချက်အလက်တွေ ( အမည်၊မှတ်ပုံတင်၊လိပ်စာ၊ ဖုန်းနံပါတ်) စသည်ဖြင့် မှတ်တမ်းတင်ရမယ်။
၃။ ကိုယ်လမ်း၊ ရပ်ကွက်ထဲကို ဝင်လာသူတွေဟာ ရောဂါကူးစက်မှုအကာအကွယ်တွေကို လိုက်နာ ခြင်းရှိ/ မရှိ စစ်ဆေးရမယ်။ အပူချိန်တိုင်းတာမျိုးလုပ်ရမယ်။
၄။ ဖုန်းနံပါတ်လို အချက်အလက်မျိုးတွေကို လိမ်လည်ပေးတာမျိုးမဖြစ်ဖို့အတွက် စစ်ဆေးရေး ဂိတ်မှာရှိတဲ့ ဖုန်းကို ဧည့်သည်ကိုယ်ပိုင်ဖုန်းနဲ့ခေါ်ခိုင်းပြီး မှတ်တမ်းယူတာမျိုးလုပ်ရမယ်။
ဖြစ်နေတာက
တစ်လမ်း တစ်ဂါထာ၊ တစ်ရပ်ကွက်တစ်မျိုးဖြစ်နေတော့ ယေဘုယျ တူညီတဲ့အချက်တွေကို ပဲပြော ပါ့မယ် ။
၁။ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်ထဲကို အပြင်လူမဝင်ရဆိုပြီးလုံးဝပိတ်ထားတယ်။ ရုံးခန်း/ ဆိုင် ရှိတဲ့ လမ်း၊ရပ်ကွက်တွေမှာ တစ်ချို့ကလည်း အလုပ်ဆင်းတဲ့သူကို ဝင်ခွင့်ပြုတယ်။ တစ်ချို့က လုံးဝခွင့် မပြုဘူး။
၂။ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်ကိုတော့ အပြင်လူဝင်ခွင့်မပြုဘဲထားလိုက်ရင် ကိုဗစ် ကင်းစင် နယ်မြေလို့ ခံယူပုံရတယ်။ လမ်းပေါ်မှာ Mask မတတ်ဘဲ စုဝေးစကားပြောကြ၊ ညနေဘက် ကလေးတွေ ဆော့ကြ၊ ဟိုအိမ် ဒီအိမ်လည်ပတ်ကြ။
၃။ လမ်းထဲမှာ ရှိတဲ့စားသောက်ဆိုင်တွေကလည်း ပါဆယ်ရောင်းမယ်ဆိုရင်တောင် လမ်းထိပ် ထွက်ပို့ရမယ့်အခြေအနေဖြစ်နေတယ်။ ( အဲဒီလောက် ဒုက္ခခံစားမယ်သူလည်း မရှိသလောက် ဖြစ်မှာပါ။ )။ စတိုးဆိုင်တွေကတော့ ငုတ်တုတ်မေ့ပဲ။
၄။ တိုင်းဒေသကြီးအစိုးရကထုတ်ပြန်တယ်ဆိုပြီး အင်တာနက်မှာ ပျံ့နေတဲ့စာမှာလည်း “ ကြား လမ်းများအား ဝင်/ထွက်သွားလာမှုအဆင်ပြေအောင်သာပိတ်ရန်၊ အခိုင်အမာပိတ်ဆို့ခြင်း မပြု ရန် ” လို့ဖော်ပြထားတော့ အပြင်လူဝင်ခွင့်မပြုဘူးဆိုတဲ့ အချက်ကို သဘောတူသလိုလို ဖြစ်နေတယ်။
၅။ တာဝန်ရှိသူအဆင့်ဆင့်တွေအနေနဲ့ နေအိမ်တွင်နေထိုင်ရေး ( Stay at Home ) နဲ့ လုံး၀ အိမ်ပြင်မထွက်ရ ( Lockdown ) ကို ခွဲခွဲခြားခြား နားမလည်နိုင်ဘူးလို့ ခံစားရတယ်။
ဘယ်လိုနေမလဲ
တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတဲ့ အမိန့်တွေ၊ ညွန်ကြားချက်တွေ၊ စည်းကမ်းတွေ တစ်ကျောင်းတစ် ဂါထာ ဖြစ် နေ တဲ့လုပ်ဆောင်ချက်တွေကြားမှာ အကောင်းဆုံးနေထိုင်နည်းကတော့
၁။ ပြည်ထောင်စုအစိုးရက ထုတ်ပြန်တဲ့ အတိုင်းလိုက်နာ။
၂။ တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်တဲ့ အမိန့်နဲ့ ပြည်ထောင်စု အစိုးရက ထုတ်ပြန်တဲ့ အမိန့် ကွဲလွဲနေရင် တိုင်းဒေသကြီးအစိုးရက ပြောတဲ့အတိုင်းလုပ်။ ( ကိုယ်က ရန်ကုန်မှာ နေတာ၊ နေပြည် တော်က အဝေးကြီး)
၃။ မြို့နယ်က ထုတ်ပြန်တဲ့အမိန့် နဲ့ တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်တဲ့ အမိန့် ကွဲလွဲနေရင် မြို့နယ်က ပြောတဲ့အတိုင်းလုပ်။ ( ဘယ်မြို့နယ် မှာ နေတယ်ဆိုတာ မမေ့နဲ့ )
၄။ ရပ်ကွက်က ထုတ်ပြန်တဲ့အမိန့်နဲ့ မြို့နယ်က ထုတ်ပြန်တဲ့ အမိန့် ကွဲလွဲနေရင် ရပ်ကွက်က ပြောတဲ့အတိုင်းလုပ်။ ( အုပ်ကြီးက ကိုယ်နဲ့ အနီးဆုံးမှာရှိတယ် ဆိုတာ သတိရ)
အချုပ်ကတော့ ဟိုအမိန့်၊ဒီအမိန့်တွေဖတ်နေရင် စိတ်ရှုပ်ရမယ်။ အုပ်ကြီးပြောတဲ့အတိုင်း လုပ်တာ အကောင်းဆုံးပဲ။