ကျွန်တော့်ရဲ့ “ ၂၀၁၆ အလွှဲအပြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ” ဆောင်းပါးပေါင်းချုပ် စာအုပ် ကို Myanmar Heritage စာအုပ်တိုက်က ဖေဖော်ဝါရီ လဆန်းမှာ ထုတ်ေ၀ ဖြန့်ချိပါ့မယ်။ ဒီစာအုပ်က ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလ နဲ့ ရွေးကောက်ပွဲ လွန်ကာလတွေ မှာ ရေးခဲ့တဲ့ဆောင်းပါးများ၊ ဖြေကြားခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုများကို ပြန်လည်စုစည်းထားတာဖြစ် ပါတယ်။
၂၀၁၆ အလွှဲအပြောင်း ဆောင်းပါးက ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ အာဏာရပါတီ နဲ့ ရွေးကောက် ပွဲ အနိုင်ရ အတိုက်အခံပါတီကြား တာဝန်လွှဲပြောင်းမှုအတွက် ဆောင်ရွက်ခဲ့ပုံများ နဲ့ ကန့်လန့် ကာ နောက်ကွယ်က အဖြစ်အပျက်များအကြောင်းဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကအဲဒီ တာဝန်လွှဲပြောင်းမှု အခမ်းအနားကို နိုင်ငံရေး အနှစ်သာရရှိရှိနဲ့ ဆောင်ရွက်နိုင်ဖို့၊ ဒီမိုကရေစီအစဉ်အလာကောင်းအဖြစ် ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့ ကြတယ်။ အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ အဖွဲ့တွေဖွဲ့စည်းပေးခဲ့ကြတယ်။
ဒါပေမယ့် တကယ်လက်တွေ့ဆောင်ရွက်တဲ့အခါ မေ ျှာ်လင့်မထားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင် ခဲ့ရတယ်။ ဒါ့အပြင် တာဝန်လွှဲပြောင်းဖို့ ပြင်ဆင်နေချိန်မှာ ပြည်ခိုင်ဖြိုး ပါတီဘက်မှာ စောင့်စည်းမှုမရှိတဲ့ သူတွေ ရှိသလို အင်န်အယ်လ်ဒီ ပါတီ ဘက်မှာလည်း သမ္မတ ဦးသိန်းစိန်ကို သတင်းမှားတွေနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့မှုတွေရှိတယ်။ အဲဒီအကြောင်းတွေကို တာဝန်လွှဲပြောင်းမှု ပြီးစီးချိန်ထဲက ရေးဖို့ဆန္ဒရှိပေမယ့် ဦးသိန်းစိန်က အစိုးရသစ် နဲ့ အစိုးရ ဟောင်း တစ်ဖက်နဲ့ တစ် ဖက် အပြစ်တင်သလိုဖြစ်နေမယ်၊ အစိုးရသက်တမ်းတစ်ခုပြီးအောင်တော့စောင့်ပါလို့ ညွှန်ကြား တဲ့ အတွက် ၂၀၂၀ ရွေးကောက်ပွဲပြီးမှ ရေးရတာဖြစ်ပါတယ်။
စာအုပ်မှာပါဝင်တဲ့ ရွေးကောက်ပွဲအကြိုနဲ့ ရွေးကောက်ပွဲလွန်ကာလ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရဲ့ လုပ်ဆောင်ချက်တွေအပေါ် သုံးသပ်တဲ့ ဆောင်းပါး တွေကို ကျွန်တော့် Facebook စာမျက်နှာမှာ ဖော်ပြချိန်က အင်န်အယ်လ်ဒီပါတီကို ထောက်ခံသူတွေ က မကြိုက်ဘူး။ ပြင်းပြင်း ထန်ထန် တုန့်ပြန်တယ်။
ရွေးကောက်ပွဲနေ့ နဲ့ ရွေးကောက်ပွဲလွန်ကာလ မီဒီယာတွေနဲ့ တွေ့ဆုံဖြေကြားတဲ့အခါ ပြည်ခိုင်ဖြိုး ပါတီရှုံးနိမ့်မှု နဲ့ ရွေးကောက်ပွဲရလဒ်အပေါ် တုန့်ပြန်မှုတွေကို ဝေဖန်ထောက်ပြတော့ ပြည်ခိုင်ဖြိုး ပါတီထောက်ခံသူတွေက မကြိုက်ဘူး။ ပြင်းပြင်းထန်ထန်တုန့်ပြန်တယ်။ ကျွန်တော့်ကို သာကူးလို့ တံဆိပ်ကပ်တယ်။ ကိုယ် ဝန်ကြီးလုပ်ခဲ့တဲ့ ပါတီကို ဒီလိုမရေးသင့်ဘူးလို့ ကြားလူတွေက တဆင့် ပြောတယ်။ ( ကျွန်တော့် ကို တိုက်ရိုက်ပြောဖို့တော့ သတ္တိရှိပုံမရဘူး။ )
ဘယ်ဘက်က ဘယ်လိုပြောပြော ကျွန်တော်ကတော့ ကျွန်တော်ယုံကြည်လို့ရေးတဲ့အပေါ်မှာ ခိုင် ခိုင်မာမာရပ်တည်ပါတယ်။ ဒါ့ကြောင့်လည်း နောင်တစ်ချိန်မှာ ဘယ်သူမှားသလဲ၊ မှန်သလဲ ဆိုတာ ပြန်လည်သုံးသပ်နိုင်ဖို့ အတွက် အထောက်အထားကျန်အောင် ရွေးကောက်ပွဲဆိုင်ရာ ဆောင်းပါး တွေ၊ အမေးအဖြေတွေကို စုစည်းထုတ်ဝေနိုင်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဒီစာအုပ်ကို ထုတ်ဝေပေးတဲ့ Myanmar Heritage စာအုပ်တိုက်ကိုလည်း ကျေးဇူးတင်ပါတယ်။