ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက်၊ ၁၀ -၄-၂၀၂၂ ရက်နေ့မှာ ကိုးထပ်ကြီးဘုရားကို ဖူးမေ ျှာ်ခဲ့ပါတယ်။
ကိုးထပ်ကြီး၊ ငါးထပ်ကြီး ၊ ခြောက်ထပ်ကြီး စသည် ဖြင့် ရန်ကုန်မြို့မှာ “ ထပ်ကြီး” ဝေါဟာရ ပါတဲ့ ဘုရား သုံးဆူရှိတယ်၊ “ ထပ်ကြီး” ဆိုတာက ဘုရားတည်တဲ့အချိန် ဝါးငြမ်း ဆင်တဲ့အခါ ဝါးကိုးပြန် ငြမ်းဆင်ရလို့ ကိုးထပ်ကြီးလို့ခေါ်တယ်၊ ခြောက်ပြန်ဆင်ရရင် ခြောက် ထပ်ကြီးလို့ ခေါ်တယ်လို့ လေ့လာမှတ်သားဖူးပါတယ်။ ဒါပေမယ့် ကိုးထပ်ကြီးဘုရားမှာတွေ့ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးကတော့ ရုပ်ပွားတော် အတွင်း မှာ ဌာပနာ ကိုးထပ်ရှိလို့ ကိုးထပ်ကြီးလို့ ခေါ်တယ်ဆိုပြီး ပြောတယ်။ ကျွန်တော်က ဒါဆိုရင် ငါးထပ်ကြီး၊ ခြောက်ထပ်ကြီးဆိုတာက ဌာပနာ ငါးထပ်၊ ခြောက်ထပ်ရှိ လို့ခေါ်တာလားလို့ ပြန် မေးတော့ ရေရေရာရာမဖြေနိုင်ဘူး။ “ ထပ်ကြီး” ဝေါဟာရနဲ့ပတ်သက်ပြီး သိရှိသူများ မှတ်ချက် ပေးဆွေးနွေးစေချင်ပါတယ်။
ကိုးထပ်ကြီးဘုရားရဲ့ ဘွဲ့အမည်အပြည့်အစုံက “ အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီး ဘုရား” ဖြစ်ပါတယ်။
ဘုရားကြီးကို တစ်ဦးတည်းတည်ထားလှုဒါန်းတာက ဘုရားဒါယကာ ဦးကြင်၊ ဘုရားဒါယိကာမ ဒေါ်ငွေဇံ ဖြစ်ပြီး ဆက်လက်ပြုပြင်မွမ်းမံတာက သားဖြစ်သူ ဘုရားဒါယကာ မောင်ကျော် နဲ့ ဒါယိကာမ မလှကြီး တို့ဖြစ်ပါတယ်။
ဘုရားကြီးတည်ထားကိုးကွယ်ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဘုရားသမိုင်းမှာ ဘုရား ဒါယကာ ဦးကြင်နဲ့ ဒါယိကာမ ဒေါ်ငွေဇံ တို့က အခု ဘုရားကြီးရှိရာ ကုန်းမြေမှာ သီးနှံတွေ စိုက်ပျိုးလုပ်ကိုင် စားသောက်တယ်။ သူတို့ နှစ်ယောက်က ဗားကရာတိုက် တတိယ ပဓာန နာယက ဆရာတော် ဦးအာစရ ရဲ့ ဒကာရင်းတွေဖြစ်ပါတယ်။
တစ်နေ့မှာ ဆရာတော် ဦးအာစရဟာ ထူးဆန်းတဲ့ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ဖားကို မြွေကလိုက်တယ်၊ နောက် တစ်ခါ ဖားက မြွေကို ပြန်လိုက်တယ်။ အခု ကိုးထပ်ကြီး ဘုရား တည်ထားတဲ့ ကုန်းတော်ပေါ် အရောက်မှာ ဖား နဲ့ မြွေ ဟာ အချင်းချင်း ရန်မမူတော့ဘဲ သင့်မြတ်စွာနေကြတယ်။ ဒါနဲ့ ဆရာတော် က ဒီကုန်းမြေဟာ ရန်ပြေငြိမ်းတဲ့ အောင်မြေ နေရာဖြစ်တယ်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတစ်ဆူ တည်ထားကိုးကွယ် နိုင်ရင် အကျိုးရှိမယ် လို့ ဦးကြင်ကို မိန့်ကြားခဲ့တယ်။
အဲဒီနောက် ဦးကြင်နဲ့ ဒေါ်ငွေဇံဟာ ဘုရားတည်နိုင်ဖို့ ကြိုးစားနေတုန်းမှာပဲ တစ်ညမှာ အလွန်ကျယ်တဲ့ ဖားအော်သံကြားရလို့ထွက်ကြည့်တယ်။ ဖားက အော်ရင်းနဲ့ ရှေ့က သွား၊ ဦးကြင် တို့က နောက်ကလိုက်ရင်းနဲ့ အခု ဘုရားကုန်းနေရာက တောင်ပို့ထဲကို ဝင်သွားတယ်။ အဲဒီ တောင်ပို့ကို တူးတော့ ဖားကို မတွေ့ဘဲ မြွေကြီးတစ်ကောင်တွေ့တယ်။ ဗုဒ္ဓတရားစာတွေရွတ် တော့ မြွေကြီးပျောက်သွားတယ်၊ ဆက်တူးတဲ့အခါ ကျွန်းသေတ္တာတစ်လုံးနဲ့ ရွှေချောင်းတွေ တွေ့ တယ်။ ဒါ့ကြောင့် ဦးကြင်နဲ့ ဒေါ်ငွေဇံဟာ သူတို့ ဆန္ဒရှိတဲ့အတိုင်း ကိုးထပ်ကြီးရုပ်ပွားတော်မြတ် ကို တည်ထားကိုးကွယ်နိုင်ခဲ့တယ် လို့ ဖော်ပြထားတယ်။
ကိုးထပ်ကြီးဘုရားကို ကောဇာသက္ကရာဇ် ၁၂၆၇ခုနှစ်၊ဝါခေါင်လဆန်း(၁၀)ရက်၊ခရစ်နှစ် ၁၉၀၅ခုနှစ်၊ သြဂုတ်လ ၉ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၅နာရီ မှာ ပန္နက်တော်တင် မင်္ဂလာ ပြုလုပ်တယ်၊ ၁၉ ၁၀ ပြည့်နှစ်မှာ ပြီးစီးတယ်။ အဲဒီအချိန်က အခုလို ဂန္ဓကုဋီတန်ဆောင်းမရှိသေးဘူး။ ၁၉ ၁၅ ခုနှစ်မှာ ဦးကြင်ကွယ်လွန်ပြီးတဲ့နောက် သားဖြစ်သူ ဦကျော်က သံမဏိ သံပေါင်တွေကို ဗြိတိန်နိုင်ငံကနေ မှာပြီး အခု မြင်နေရတဲ့ ဂန္ဓကုဋီ တန်ဆောင်းကြီးကို ဆောက်လုပ်လှုဒါန်းခဲ့တာ လို့ ဘုရားသမိုင်းမှာ ဆက်ဖော်ပြထားပါတယ်။
ဂန္ဓကုဋီ တန်ဆောင်း ရုပ်ပွားတော်ကြီးရဲ့ နောက်ဘက် ဗုဒ္ဓဖြစ်စဉ်တော်တွေ ပြသထားတဲ့ ဘေးနံရံ မှာ ကျောက်စာတစ်ချပ်ရှိတယ်။ ဘုရားဖူးအတော်များများ သတိထားမိမယ်မထင်ဘူး။ အဲဒီ ကျောက်စာမှာ “ ကြည့်မြင်တိုင်မြို့ ၊ အတုလာဓိပတိ မဟာမုနိသကျ ဘွဲ့ပံသသော၊ ၉ ထပ်ကြီး ဘုရား နှင့် မိဘနှစ်ပါးတို့ ဂုဏ်ကို အာရုံပြု၍ ၁၂၈၁ ခု သီတင်းကျွတ်လပြည့် ၅ ကြိမ်မြောက် အထူး ကန်တော့ပွဲ အလှုမင်္ဂလာတွင် ဘတ်ကြားသောစာတမ်း” ( မူရင်းသတ်ပုံအတိုင်း) လို့ ခေါင်းစဉ်တပ် ထားတယ်။
အဲဒီကျောက်စာအရ ဘုရားဒါယကာ ဦးကြင်နဲ့ ဘုရားဒါယိကာမ ဒေါ်ငွေဇံ တို့ဟာ ကြည့်မြင့်တိုင် မြို့၊ ဈေးကြီးရပ် အိမ်နံပါတ် ၁၃ မှာ နေခဲ့တယ်။ ကိုးထပ်ကြီး ရုပ်ပွားတော်မြတ်ရဲ့ ဉာဏ်တော် ၄၃ တောင် တစ်မိုက်၊ ပလ္လင်တော်အမြင့် ၄ တောင် တစ်မိုက် ရှိတယ်။
ဒေါ်ငွေဇံက သက္ကရာဇ် ၁၂၇၆ ခုနှစ် အသက် ၅၁ နှစ်မှာ မှာ ကွယ်လွန်တယ်။ သူကွယ်လွန်တော့ ကျန်ရစ်သူ မိသားစုက ၉ ရက် တိတိ အလှုလုပ်တယ်။ ငွေ ၇၀၀၀ ကုန်တယ်။ သံဃာတော် အပါးတစ်ရာကို လှုဖွယ်ပစ္စည်း တွေလှုဒါန်းတယ်။ အမြောက် ၂၅ ချက်ဖောက်ပြီး ဘုရားကြီးအနီးမှာ ဂူသွင်းသင်္ဂြ ိုဟ်တယ်။ ဂူပေါ် မှာ ဘုရားဘက်ကို မျက်နှာမူထားတဲ့ ဒေါ်ငွေဇံ ရုပ်တုကို ထားတယ်။
ဦးကြင်က ၁၂၇၇ ခုနှစ် ပြာသိုလဆန်း ၂ ရက်နေ့ အသက် ၅၀ နှစ်မှာ ကွယ်လွန်တယ်။ သား မောင် ကျော်၊ ဇနီး မလှကြီး တို့က ၁၂ ရက် တိတိ အလှုလုပ်တယ်။ ငွေ တစ်သောင်းကျော်ကုန်တယ်။ သံ ဃာတော် ၁၀၁ ပါးကို လှုဖွယ်ပစ္စည်းတွေလှုဒါန်းတယ်။ အမြောက် ၃၅ ချက်ဖောက်ပြီး ဒေါ်ငွေဇံ ဂူ အနားမှာပဲ ဂူသွင်းသင်္ဂြ ိုဟ်တယ်။ ဂူပေါ် မှာ ဘုရားဘက်ကို မျက်နှာမူထားတဲ့ ဦးကြင် ရုပ်တုကို ထားတယ်။
မိဘနှစ်ပါးကွယ်လွန်တော့ ဘုရားဒါယကာ မောင်ကျော် နဲ့ ဒါယိကာမ မလှကြီး တို့က ဘုရားကြီးကို ဆက်ပြီး စောင့်ရှောက်တယ်။ တန်ဆောင်းထဲမှာ အိန္ဒိယက မှာပြီး ကျောက်ပြားခင်းတယ်၊ ည ၆ နာရီ ကနေ မနက် ၆ နာရီအထိ လ ျှပ်စစ်မီးပူဇော်နိုင်အောင် စီစဉ်တယ်။ ဘုရားပတ်ဝန်းကျင်မှာ ပန်းဥယျာဉ် လုပ်တယ်။ နမိတ်ကြီးလေးပါးပုံတွေထုတ်လုပ်တယ်။ အိန္ဒိယနဲ့ နီပေါနိုင်ငံက ဗုဒ္ဓဝင်နဲ့ ပတ်သက်တဲ့ နေရာတွေကို ဓာတ်ပုံရိုက်ပြီး ဘုရားဖူးတွေကြည်ညိုနိုင်အောင် ပြသထားတယ်။ ဘုရားဝင်းကို တံတိုင်းခတ်တယ်၊ အုတ်ချပ်ရေ လေးသိန်းကုန်တယ်။မိဘနှစ်ပါးကို အမှူးထားပြီး နှစ်စဉ် သီတင်းကျွတ် လပြည့်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့၊ ပြာသိုလပြည့်နေ့၊ တပေါင်း လပြည့် နေ့၊ သင်္ကြန်ကာလ၊ ကဆုန်လပြည့်နေ့ ၊ ဝါဆိုလပြည့်နေ့ ခုနှစ်ကြိမ် အလှုဒါနပြုလုပ်တယ် ။
ဂန္ဓကုဋီ တန်ဆောင်း နဲ့ပတ်သက်လို့ကတော့ ကျောက်စာမှာ ဦးကြင် ဒေါ်ငွေဇံတို့ရဲ့ လှုဒါန်းမှု အစုစုကို ဖော်ပြတဲ့အခါ “ အတုလာ ဓိပတိ မဟာမုနိသကျ ဘွဲ့ပုံသသော ရုပ်ပွားတော်ကြီးကို လူနတ်ဗြဟ္မာ သတ္တဝါ ဝေနေ များဗိုလ်ခြေတို့ အကျိုးငှာ တည်ထား ပြုစုတော်မူလျက်၊ ယင်းဥဒ္ဒိသ ကိုယ်စား ရုပ်ပွား တော်ကြီး ကိမ်းဝပ်တော်မူရန် အဘိုးငွေ ( သုံးသိန်းကျော်ကုန်) မဟာ ဂန္ဓကုဋီ သံ တန်ဆောင်းတော်ကြီးနှင့်သံစောင်းတန်းတော်ကြီးများကိုဆောက်လုပ်လှုဒါန်းပူဇော်လေသတည်း” ( မူရင်းသတ်ပုံအတိုင်း ) လို့ဖော်ပြထားတဲ့အတွက် ဘုရားသမိုင်းမှာပါတဲ့ သားဖြစ်သူလက်ထက်မှာ ဂန္ဓကုဋီ တန်ဆောင်း ဆောက်လုပ်ခဲ့ တယ်ဆိုတဲ့အချက်နဲ့တော့ ကွဲလွဲနေတယ်။ ဒီကျောက် စာက မိဘနှစ်ပါး ကွယ်လွန်ပြီး ငါးကြိမ်မြောက်အလှုပွဲမှာ ဘတ်ကြားခဲ့တဲ့ စာတမ်းကို မှတ်တမ်းတင် ထားတာဆို တော့ အချက်အလက်ပိုခိုင်လုံမလားလို့ ထင်ပါတယ်။
နောက်ထပ်ကျောက်စာတစ်ချပ်ကိုတော့ ဗားကရာလမ်းဘက်က တက်လာရင် စောင်းတန်းထိပ် ညာဘက်အခြမ်းမှာတွေ့ရတယ်။ အဲဒီကျောက်စာမှာ “ “ အတုလ ဓိပတိ မဟာမုနိသကျ ဘွဲ့တော် ရှိသော ကိုးထပ်ကြီး ရုပ်ရှင်တော်မြတ်ကို စောင့်ရှောက်ရန် တောင်ပြုန်းမင်းညီနောင်တို့အား ထားရှိ သည့် အမိန့်စာတမ်း” ( မူရင်းသတ်ပုံအတိုင်း) လို့ခေါင်းစဉ်တပ်ထားတယ်။
ဒီကျောက်စာကို သားဖြစ်သူ ဘုရားဒါယကာ မောင်ကျော် နဲ့ ဇနီး ဘုရားဒါယိကာ မလှကြီးတို့က ၁၂၉ ၀ ပြည့်နှစ်၊တန်ဆောင်မုန်းလဆန်း ၈ ရက် စနေနေ့မှာ ရေးထိုးတယ်။ ကျောက်စာမှာ မြန်မာ ပြည် ဝင်းဂိုဏ်း အထက်ဆရာကြီး ဆရာဘိုးနဲ့ ဘုရားဒါယက မောင်ကျော် တို့က ကိုးထပ်ကြီး ဘုရားကို ကူညီ စောင့်ရှောက် ထိန်းသိမ်းဖို့ အတွက် တောင်ပြုန်းမင်းညီနောင်ကို နတ်ကွန်း ဆောက်ပြီး တာဝန်ပေးတဲ့အကြောင်းဖော်ပြထားတယ်။
အဲဒီလို စောင့်ရှောက်ရာမှာ လိုက်နာရမည့် စည်းကမ်းချက် ရှစ်ချက်ကိုလည်း ကျောက်စာမှာရေးထိုး ထားတယ်။ အဲဒီထဲမှာ ကိုးထပ်ကြီး ဘုရားဝင်းအတွင်းနဲ့ နတ်နန်းရှေ့မှာ သောက်စားမူးယစ်ခြင်း၊ နတ်ကန္နားပေးခြင်း၊ နတ်ကခြင်း၊ နတ်ပူးခြင်း၊ နတ်ထိန်း၊ နက်ကတော်လုပ်ခြင်း တို့ မပြုလုပ်ဖို့ တားမြစ်ထားတဲ့ စည်းကမ်းချက်တွေလည်းပါတယ်။ နံပါတ် ၈ အချက်မှာတော့ “ဤ ကိုးထပ်ကြီး မဟာရံ တံတိုင်းအတွင်း မြတ်စွာဘုရား တရားတော်နှင့် ဆန့်ကျင်၍ နှောက်ရှက်လာသသူ၊ ဖျက်ဆီး အပ်သောသူများကို တောင်ပြုန်းမင်းညီနောင်တို့က အောင်မြင်သော နတ်တန်ခိုးဖြင့် လွှမ်းမိုး ဖိစီး လျက် ဝေးကြီးဝေးအောင် လွှင့်ဆောင်ပယ်ရှားရမည်။” ( မူရင်းသတ်ပုံအတိုင်း) လို့ တာဝန်ပေး ထားတယ်။
ဘုရားဒါယကာ မောင်ကျော်အလှု ကျောက်စာမှာတော့ ကိုးထပ်ကြီးဘုရားပတ်ဝန်းကျင်မှာ နန္ဒာဝန် ဥယျာဉ်ပမာဆန်းကြယ်စွာသော ပန်းဥယျာဉ်ကို တည်ဆောက်ထားတယ်လို့ပါပေမယ့် အခုတော့ နောက်ပိုင်း အလှုရှင်တွေ လှုဒါန်း ထားတဲ့ သာသနိကအဆောက်အဦတွေ၊ နတ်နန်းတွေ၊ ဈေးတန်း တွေနဲ့ ပြည့်နေတယ်။ ဒါပေမယ့် အဲဒီအဆောက်အဦတွေကြားထဲက ရသမ ျှနေရာလေးမှာ မြေယာ ရှုခင်းကို လှလှပပ ဖန်တီးထား တာလည်း တွေ့ရပါတယ်။ အဲဒီမြေယာရှုခင်းတွေကို ထိန်းသိမ်းပေး နေတာက ဦးကျော်ဝင်းတဲ့။ ၂၀၁၀ ပြည့်နှစ်ထဲက ဒီတာဝန်ကို ထမ်းဆောင်ခဲ့တာ၊ အခုအသက် ခုနှစ်ဆယ်ကျော်နေပြီ။ဘာပဲဖြစ်ဖြစ် မူလ ဘုရားဒါယကာ၊ ဒါယိကာမတွေ ဖြစ်စေချင်တဲ့ ပန်းဥယျာဉ် လေးတစ်ခု ဆက်ရှိနေတာပဲ ကျေးဇူးတင်ရပါတယ်။
ကိုးထပ်ကြီးဘုရားကို မူလ ဘုရားဒါယက ဦးကြင်၊ ဒေါ်ငွေဇံတို့ရဲ့ သားစဉ် မြေးဆက်က မျိူးဆက် သုံးဆက်အထိ ဆက်လက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ပြီး ၁၉ ၇၁ ခုနှစ်မှာတော့ ဂေါပက အဖွဲ့ ကို ဖွဲ့စည်းတာဝန်လွှဲပေးခဲ့ပါတယ်။
ကိုးထပ်ကြီးဘုရားအနီးက ဗားကရာတိုက်ဝင်းမှာ ဘုန်းတော်ကြီးကျောင်း ၃၈ ကျောင်းရှိတယ် လို့သိခဲ့ ရတယ်။ ဗားကရာတိုက်သမိုင်းကို လေ့လာနိုင်ဖို့ ကြိုးစားပါဦးမယ်။















